ဂျိမ်းစ်ဘွန်းမင်းသားကြီးရဲ့ ဘဝ
ဂျိမ်းစ်ဘွန်းဇာတ်ကားတွေရဲ့ အစမှာ သရုပ်ဆောင်ခဲ့သူကတော့ မင်းသားကြီး ရှောင်ကွန်နရီ (Sean Connery)ပဲ ဖြစ်ပါတယ်။
ဂျိမ်းစ်ဘွန်းဇာတ်ရုပ်နဲ့ အလိုက်ဖက်ဆုံးကလည်း ရှောင်ကွန်နရီပဲ ဖြစ်ပါတယ်။ သူဟာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို ငွေကြေးလည်း အမြောက်အများ ရခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ သူ့ရဲ့ နောက်ဆုံးအချိန်တွေမှာ အထီးကျန်စွာနဲ့ ဖြတ်သန်းနေရရှာပါတယ်။ ဝမ်းနည်းစရာ သူ့ဘဝအကြောင်းကို ရှာဖွေတင်ပြပါရစေ။
ရှောင်ကွန်နရီကို ၁၉၃၀ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ သန့်ရှင်းရေး အလုပ်သမတစ်ယောက်ဖြစ်ပြီး ဖခင်ကတော့ ထရပ်ကားဒရိုင်ဘာတစ်ယောက်ပါ။
ရှောင်ဟာ ငယ်စဉ်ဘဝထဲက အလုပ်မျိုးစုံ လုပ်ခဲ့ရပါတယ်။ နွားနို့ပို့သူ၊ ထရပ်ကားဒရိုင်ဘာနဲ့ အသုဘအခေါင်းတွေကို အရောင်တင်တဲ့ အလုပ်သမားအဖြစ်ပါ လုပ်ကိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ သူဟာ ကာယလေ့ကျင့်ခန်းလုပ်ရတာ နှစ်သက်ပါတယ်။ အားလပ်ချိန်တိုင်း အလေးမအားကစားကို လိုက်စားခဲ့ပါတယ်။
သူဟာ မောင် ယူနီဗာဆယ်ပြိုင်ပွဲမှာတောင် တစ်ကြိမ် ဝင်ပြိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူဟာ မျှော်လင့်မထားတဲ့ သရုပ်ဆောင်အလုပ်ကို ရရှိခဲ့ပါတယ်။ သူဟာ ၁၉၆၂ ခုနှစ်မှာ ဂျိမ်းစ်ဘွန်းဇာတ်ကောင်အဖြစ်နဲ့ အရာအားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပါတော့တယ်။
သူ့ခေတ် သူ့အခါကတော့ ရှောင်ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်နတ်ဘုရားတစ်ပါးပါပဲ။ လိင်ဆွဲဆောင်မှုအရှိဆုံးအဖြစ် သတ်မှတ်ခံရပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘဝကတော့ မပြည့်စုံဘူးလို့ ပြောရမှာပါ။ သူဟာ သရုပ်ဆောင်မင်းသမီး Diane Cilento နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့ အိမ်ထောင်ရေးဟာ ၁၉၆၂ ကနေ ၁၉၇၃ ခုနှစ်ထိ ရှည်ကြာခဲ့ပါတယ်။ သူတို့ အိမ်ထောင်ရေးက တကျက်ကျက်လို့ ပြောရမလိုပါဘဲ။
ရှောင်ရဲ့ ပထမဇနီး Diane Cilento
တစ်နေ့မှာ ရှောင်ဟာ ကာဆာဘလန်ကာကိစ္စတစ်ခုနဲ့ ထွက်လာပါတယ်။ အဲဒီမှာ သူဟာ Micheline Roquebrune နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူမဟာ ပြင်သစ်၊ မိုနာကို ကပြား ပန်ချီဆရာမတစ်ယောက်ပါ။
သူမဟာ လက်ထပ်ပြီးသားဖြစ်ပြီး ကလေး (၃)ယောက်တောင် ရှိပါတယ်။ ဒါပေမဲ့ ရှောင်ဟာ အရူးအမူးဖြစ်မှုကို မရပ်တန့်စေခဲ့ပါဘူးတဲ့။
သူမက အင်္ဂလိပ်စကား မပြောတတ်သလို၊ ရှောင်ကလည်း ပြင်သစ်လို နားမလည်ပါဘူး။ ဒါပေမဲ့ ဘာသာစကားက သူတို့ကို မတားဆီးနိုင်ခဲ့ပါဘူး။ ဒီကလေး (၃) ယောက်အမေကို ရှောင်ဟာ မြင်မြင်ချင်း ချစ်ရေးဆိုခဲ့တာ ဖြစ်ပါတယ်။
ရှောင်ဟာ ဇနီးကြီး Diane Cilento ကို ကွာရှင်းပြီး Roquebrune နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့ဟာ ဘဝတစ်သက်တာ လက်တွဲဖို့ ဆုံးဖြတ်ထားကြပါတယ်။ သူတို့ ၁၉၇၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။
ရှောင်နဲ့Micheline Roquebrune
ရှောင်မှာ ယခင်ဇနီးဟောင်းနဲ့ Jason ဆိုတဲ့ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။ ရှောင်ဟာ နောက်ဇနီးရဲ့ ကလေးတွေ ဖခင်လည်း အလိုအလျောက် ဖြစ်သွားပါတယ်။
ရှောင်နဲ့ Roquebrune တို့ အိမ်ထောင်ရေးက ပျော်ရွှင်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကလည်း ရှောင်နဲ့ Lysey de Paul တို့ အချစ်ဇာတ်လမ်းအသစ် မပေါ်ခင်အထိပေါ့။
ဒါပေမဲ့ မင်းသားကြီးကတော့ သူ့ဘဝမှာ Roquebrune ကို အချစ်ဆုံးလို့ ပြောပါတယ်။ လင်မယားနှစ်ယောက် တစ်ခါတစ်လေ ဂေါ့ဖ် အတူရိုက်ရင်း သံယောဇဉ်တွေ ခိုင်မြဲဖို့ ကြိုးစားခဲ့ကြပါတယ်။
ရှောင်ကွန်နရီဟာ သူ့ကိုယ်သူ အမြဲညစမတ်ကျအောင် နေထိုင်တတ်သူ ဖြစ်ပါတယ်။ အသက်ကြီးတာတောင်မှ မပျက်စီးအောင် နေထိုင်သူတစ်ယောက်ပါ။ ကျန်းမာရေး လေ့ကျင့်ခန်း အမြဲလုပ်လေ့ရှိသလို၊ ရေကူးတာ၊ စက်ဘီးစီးတာတို့လည်း လုပ်ပါတယ်။
ဒါကြောင့်လည်း သူ့အသက် (၅၉)နှစ်မှာ People မဂ္ဂဇင်းက လိင်ဆွဲဆောင်မှုအရှိဆုံးလူသားလို့တောင် ကြေငြာဖော်ပြခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ဆိုတာကို နောက်ပြန်ဆွဲလို့ မရသလို ရှောင်ဟာ ဇရာကိုလည်း ဆန့်ကျင်လို့ မရပါဘူး။
သူဟာ Bahamas ကျွန်းပေါ်မှာ သူ့ရဲ့ဇနီးနဲ့အတူ အနားယူခဲ့ပါတယ်။ သူ့ရဲ့ မန်နေဂျာကိုလည်း ဘယ်အလုပ်မှ လက်မခံဖို့ မှာထားပါတယ်။ ပရိုဂျူဆာတွေကတော့ ငွေအမြောက်အများနဲ့ သူ့ကို ကမ်းလှမ်းကြပါတယ်။ သူကတော့ စိတ်တင်စားပုံ မပြခဲ့ပါဘူး။
သူ့ရဲ့ဘဝကို ဂေါ့ဖ်ရိုက်ရင်း ဖြတ်သန်းကုန်ဆုံးစေခဲ့ပါတယ်။ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ကိုယ်ပိုင် ဂေါ့ဖ်ကလပ်တစ်ခုမှာ ဖြစ်ပါတယ်။
သူ့ရဲ့ နောက်ဆုံးလပိုင်းတွေဟာ ခက်ခဲလှပါတယ်။ သူဟာ Dementia ခေါ် ရောဂါတစ်မျိုးကို ခံစားနေရပါတယ်။ မှတ်ဥဏ်တွေလည်း ချွတ်ယွင်းနေပါပြီ။
သူ့ရဲ့ အချစ်ဆုံး ဇနီးကတော့ သူ့ဘေးမှာ ရှိနေခဲ့ပါတယ်။ ရှောင်ဟာ အသက်(၉၀) အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
သူ့ကို သင်္ဂြိုလ်ခဲ့ပြီး အရိုးပြာတွေကို မွေးရပ်မြေ စကော့တလန်က တောင်တန်းတွေပေါ် ကြဲချခဲ့ပါတယ်။ သူ့ဇနီးဖြစ်သူ Micheline Roquebrune က ခုလို ပြောပါတယ်။
“ဒါက သူ့အတွက် ဘဝမဟုတ်ပါဘူး။ သူဟာ သူ့ကိုယ်သူ အမှန်တကယ် မဖော်ပြနိုင်ခဲ့သူတစ်ယောက်ပါ။ ဒါကြောင့် သူသေဆုံးခြင်းဟာ သူ့ကို ငြိမ်းချမ်းစေပါလိမ့်မယ်” ပါတဲ့ ခင်ဗျား။
မင်းသားကြီး ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ သူ့ရဲ့ ဂျိမ်စ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားအမည်လေးတွေရယ်၊ သူအသက်ကြီးမှ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားအမည်တွေရယ် မန့်ထဲမှာ အပျင်းပြေ ချီးမြှင့်ခဲ့ကြပါလို့ မေတ္တာရပ်ခံပါတယ်။
Knight News Team
Knight News © 2022