RVSM ဆိုတာ ဘာလဲ

RVSM ဆိုတာ ဘာလဲ

RVSM ဆိုတာ လေကြောင်းလောကသားတွေ သိကြတဲ့ အခေါ်အဝေါ်တစ်ခု ဖြစ်ပါတယ်။ Reduced Vertical Separation Minimum ကို အတိုကောက် RVSM လို့ ခေါ်ဝေါ်ကြပါတယ်။ ဒီနေ့တော့ RVSM အကြောင်းလေး သိသလောက် တင်ပြပါရစေ။

လေယာဉ်တွေ လေထဲမှာ ပျံသန်းကြတဲ့အခါ တစ်စီးနဲ့တစ်စီး အမြင့်ပေ မတူကြပါဘူး။ ဒါပေမဲ့ တစ်စီးနဲ့တစ်စီး အထက်အောက် ပျံသန်းကြတဲ့အခါမှာတော့ ပေ သတ်မှတ်ချက်တစ်ခုနဲ့ ပျံသန်းကြရပါတယ်။

RVSM မပေါ်ခင်ကဆို လေယာဉ်တစ်စီးနဲ့ တစ်စီး အထက်အောက် ပေ ၂၀၀၀ ကွာရမှာ ဖြစ်ပါတယ်။ ဒီစည်းကမ်းကို အမြင့်ပေ ၂၉,၀၀၀ နဲ့အထက်ကိုရောက်ရင် လိုက်နာရမှာ ဖြစ်ပါတယ်။

ဒီတော့ ပထမတစ်စီးဟာ ပေ ၂၉,၀၀၀ (Flight Level 290) မှာ ပျံနေရင် နောက်တစ်စီးက ပေ ၃၁,၀၀၀ အထိ တက်ရပါမယ်။ နောက်တစ်စီးကလည်း ဒီလမ်းကြောင်းအတိုင်း ပျံမယ်ဆိုရင် သူက ပေ ၃၃,၀၀၀ အထိ တက်ပျံရမှာပါ။

ဆိုတော့ ပေ ၂၉,၀၀၀ ကနေ ပေ ၄၁,၀၀၀ အတွင်းမှာ လေယာဉ် (၇)စီးသာ ပျံသန်းရပါလိမ့်မယ်။ အမြင့်ဆုံး တက်ပျံရတဲ့ လေယာဉ်ဟာ အင်ဂျင်ပါဝါ ပိုသုံးပြီး တက်ရမှာ ဖြစ်သလို ဆီစားနှုန်းကလည်း မြင့်မားပါလိမ့်မယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ RVSM ဆိုတာကို သတ်မှတ်လာကြပါတယ်။

RVSM ကို လိုက်နာတဲ့ လေယာဉ်တွေကတော့ တစ်စီးနဲ့တစ်စီး ပေ ၁၀၀၀ သာ အထက်အောက်ကွာပြီး ပျံသန်းနိုင်ကြပါတယ်။

ဒီတော့ အပေါ်က ပြောလဲ့သလို ပေ ၂၉,၀၀၀ ကနေ ပေ ၄၁,၀၀၀ အတွင်းမှာဆို လေယာဉ် (၁၃ ) စီးအထိ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ ဆီစားလည်း သက်သာသွားပါတယ်။

ကောင်းပါပြီ။ RVSM ကို လိုက်နာပျံသန်းဖို့အတွက် လေယာဉ်မှာ လိုအပ်ချက်တွေကို လိုက်နာ ရပါတယ်။ အဲဒါတွေကတော့

(၁) Two Independent Altitude Measurement System

သီးခြားစီဖော်ပြနိုင်တဲ့ အမြင့်ပြစနစ်(ဒိုင်ခွက်) ၂ ခု ပါရပါတယ်။ ဆိုလိုတာက အမြင့်ပြဒိုင်ခွက် (Altimeter) ၂ လုံး ပါရပါမယ်။

(၂) An Altitude Alerting System – ဒါကတော့ လေယာဉ်ဟာ သတ်မှတ်ထား အမြင့်ပေကနေ တသမတ်တည်း ပျံသန်းနေရင်း အထက်ကို ပေ ၂၅၀ တက်သွားတာတို့၊ အောက်ကို ပေ ၂၅၀ နိမ့်သွားတာတို့ ဖြစ်ခဲ့ရင် ပိုင်းလော့ကို အချက်ပေးတဲ့စနစ် ဖြစ်ပါတယ်။ ဒီစနစ်ကို RVSM လိုက်နာတဲ့ လေယာဉ်မှာ တပ်ဆင်ထားရမှာ ဖြး်ပါတယ်။

(၃) An Automatic Altitude Control System – ဒီစနစ်ကတော့ အလိုအလျောက်မောင်းစနစ် (Auto Pilot System ) မှာ ပါဝင်ရမှာ ဖြစ်ပါတယ်။

ဥပမာ – လေယာဉ်ကို ပေ ၃၁,၀၀၀ မှာ ပျံနေအောင် Auto-pilot နဲ့ လော့ခ်လုပ်ထားရင် အမြင့်ပေကို Auto-pilot က ထိန်းထားပါတယ်။ နဲနဲပြောင်းလဲသွားရင်လည်း Auto-pilot က Connection လုပ်ပြီး ပြန်တည့်ပေးပါတယ်။

(၄) A Secondary Surveillance Radar (SSR)

ဒီ ရေဒါကတော့ မိမိလေယာဉ်ရဲ့ အမြင့်ပေကို မြေပြင်က ထိန်းချုပ်မျှော်စင် သို့မဟုတ် စခန်းကို အကြောင်းကြား (Reporting) ပေးနေတဲ့စနစ် ဖြစ်ပါတယ်။

အခုဖော်ပြထားတဲ့ စနစ်(System) (၄)ခု ပြည့်စုံမှသာ RVSM နဲ့ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ တစ်စီးနဲ့တစ်စီး ပေ ၁၀၀၀ သာ ကွာတာမို့ လေယာဉ်ရဲ့ အမြင့်ပြ ဒိုင်ခွက်တွေဟာ တိကျရမှာ ဖြစ်သလို၊ လေယာဉ်ရဲ့ အမြင့်ပေ ထန်းသိမ်းမှုစနစ်ကလည်း ကောင်းမွန်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာလေဆိပ်ကြီးတွေ (ဥပမာ – လန်ဒန်က ဟိသရိုးလေဆိပ်) မှာ ဆိုရင် တစ်မိနစ်ကို တစ်စီးလောက် အတက်အဆင်းလုပ်နေကြတာဖြစ်လို့ RVSM ဟာ အသုံးတည့်ပါတယ်။

ခေတ်ပေါ် လေယာဉ်တွေမှာတော့ စက်ရုံကထုတ်ကတည်းက ဒီအချက်တွေ ပြည့်စုံပြီးသားဖြစ်လို့ RVSM က အကျုံးဝင်ပြီးသား ဖြစ်ပါတယ်။ လေကြောင်းလိုင်းတွေက ဆီစားသက်သာတာဖြစ်လို့ RVSM ကို နှစ်သက်ကြပါတယ်။

RVSM ကို လိုက်နာတဲ့ လေယာဉ်များဟာ မိမိလေယာဉ်ရဲ့ အထက်ဖော်ပြပါ အချက် (၄) ချက်နဲ့ ပါဝင်တဲ့ ပစ္စည်းတွေ (Altimeter, Air data Computer,etc)ကို (၂) နှစ်တစ်ခါ စစ်ဆေးပြီး ကောင်းမွန်ကြောင်း ပြသရပါတယ်လို့ တင်ပြလိုက်ပါတယ်။လိုအပ်ချက်ရှိရင်လည်း မန့်ခဲ့ကြပါလို့။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *