အရှိန်နဲ့ဆင်းပေမဲ့ လေယာဉ်တာယာတွေ ဘာလို့မကွဲတာလဲ

အရှိန်နဲ့ဆင်းပေမဲ့ လေယာဉ်တာယာတွေ ဘာလို့မကွဲတာလဲ

လေယာဉ်တာယာအကြောင်း

နေ့စဉ် ကမ္ဘာတလွှားမှာ လေယာဉ်အစင်း ၁၀၀,၀၀၀ (တစ်သိန်း)လောက် အတက်အဆင်း လုပ်နေကြပါတယ်။ ဆိုတော့ သေချာတွက်ကြည့်ရင် (၁) စက္ကန့်မှာ လေယာဉ် (၂)စီးလောက် တက်လိုက်၊ဆင်းလိုက် လုပ်နေကြတာပါ။

ဒါတောင်မှ ကျနော်တို့ဟာ လေယာဉ်တာယာပေါက်တာတို့၊ ပွင့်ထွက်တာတို့ဆိုတဲ့ သတင်းတွေ မကြားရသလောက်ပါဘဲ။

ပုံမှန်ဆိုရင် ဒီလောက်လေးလံတဲ့ လေယာဉ်ကြီးတွေ မြေပြင်ပေါ်ကို အရှိန်နဲ့ဆင်းရင် တာယာတွေ ပွင့်ထွက်တာတို့၊ ကွဲတာတို့ ဖြစ်ဖို့များပါတယ်။

ဒါ ဘာကြောင့် နည်းပါးနေရတာလည်းဆိုတာ ဒီနေ့ ရှာဖွေ တင်ပြလိုက်ပါတယ်။

တကယ်တော့ လေယာဉ်တာယာတွေဟာ တခြားတာယာတွေနဲ့ လုံးဝမတူအောင် တည်ဆောက်ထားပါတယ်။

တစ်နေ့ပြီး တစ်နေ့ တိုးတက်လာတာနဲ့အမျှ လေယာဉ်တာယာတွေရဲ့ အသွင်အပြင်နဲ့ တည်ဆောက်ပုံကလည်း ပြောင်းလဲတိုးတက်လာတာ ဖြစ်ပါတယ်။

လေယာဉ်တာယာမှာ သုံးစွဲတဲ့ ကုန်ကြမ်းတွေကအစ Safety ခေါ် လုံခြုံစိတ်ချရမှုအဆင့်ကိုလည်း ထည့်သွင်းတွက်ချက်လာရပါတယ်။

လေယာဉ်ရဲ့တာယာဟာ မော်တော်ကား တာယာတွေလို အလွယ်တကူ လှီးဖြတ်ဖို့ မလွယ်ပါဘူး။

သူ့ရဲ့ ရာဘာသားထဲမှာ (Synthetic Rubber) လို့ခေါ်တဲ့ ဓါတုရာဘာ ကွန်ပေါင်းတစ်ခု အားဖြည့် ထည့်သွင်းထားပါတယ်။ ဒီ Synthetic Rubber ဟာ အလွန် ကြံ့ခိုင်မှု ရှိပါတယ်။ သူဟာ အပူခံနိုင်အောင်လည်း ပြုလုပ်ထားပါတယ်။

ရာဘာရိုးရိုးဟာ အပူချိန် ၅၀၀ ဒီဂရီ ဖာရင်ဟိုက်သာ ခံနိုင်ရည်ရှိပါတယ်။ Synthetic Rubber က‌တော့ ၉၃၂ ဒီဂရီ ဖာရင်ဟိုက်‌လောက်ထိ ခံနိုင်ရည် ရှိပါတယ်။ ဒီကွန်ပေါင်းကို Aramid အာရမစ်လို့လည်း ခေါ်ပါတယ်။

အာရမစ်ဟာ ပွတ်တိုက်မှုဒါဏ်ကိုလည်း ခံနိုင်ပါတယ်။ ဒါကြောင့် လေယာဉ်တာယာတွေဟာ အကြိမ် ၅၀၀ လောက် အတက်၊အဆင်း လုပ်တာကို ခံနိုင်ရည် ရှိပါတယ်။

လေယာဉ်တာယာ တစ်ခါလဲရင် အချိန် တစ်နာရီလောက်ကြတာမို့ ဒီလို ခံနိုင်ရည်ရှိတဲ့ တာယာတွေပေါ်လာတာ လေယာဉ်အင်ဂျင်နီယာတွေအတွက် သတင်းကောင်း ဖြစ်ပါတယ်။

နောက်တစ်ခုက တာယာအတွင်းက လေဖိအား ဖြစ်ပါတယ်။ ကားတာယာတွေက လေပေါင် ၃၀ PSI လောက်သာ ထိုးကြပေမဲ့ လေယာဉ်တာယာတွေက ၂၀၀ PSI (13.8 bar) လောက် ထိုးရပါတယ်။ဒီလောက် ထိုးထားတဲ့အတွက် တာယာဟာ ကျောက်ခဲတစ်ခုလို မာကျောနေပါတယ်။

ခရီးသည်တင် လေယာဉ်ကြီးတွေဟာ တချို့ဆို တန် (၁၀၀) လောက်ထိ လေးတဲ့ လေယာဉ်ကြီးတွေတောင် ရှိပါတယ်။ ဒီအလေးချိန်နဲ့ ဆင်းသက်တဲ့အခါ လေယာဉ်တာယာတွေဟာ ဒီဒါဏ်ကို ခံနိုင်ရည်ရှိဖို့ လိုပါတယ်။

လေယာဉ်တာယာတစ်ခုဟာ အနည်းဆုံး (၃၈)တန် အလေးချိန်ကို ခံနိုင်ရည် ရှိပါတယ်။ ဒါကြောင့် လေယာဉ် ပိုကြီးလေ တာယာများများတပ်ရလေပါ။ ဒါမှသာ လေယာဉ်ဟာ ပြေးလမ်းမှာ ချောမွေ့စွာ ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။

တာယာကို ထည့်သွင်းတဲ့ ဓါတ်ငွေ့ကလည်း အရေးကြီးပါတယ်။ နိုက်ထရိုဂျင်ဓါတ်ငွေ့ကို ထည့်သွင်းရတာ ဖြစ်ပါတယ်။

အင်ဂျင်နီယာတွေ ဘာကြောင့် နိုက်ထရိုဂျင်ကို ရွေးချယ်ရသလဲဆိုတော့ ဒီဓါတ်ငွေ့ဟာ အပူကြောင့် ပွတာ၊ ကျုံ့တာ နည်းပါတယ်။ မီးလောင်ခြင်းကို အားမပေးတတ်တဲ့ ဓါတ်ငွေ့လည်း ဖြစ်လို့ပါ။

နောက်တစ်ချက်ကတော့ လေယာဉ်တာယာတပ်ဆင်တဲ့ စနစ်မှာ (Fail Safe) စနစ် တပ်ဆင်ပါရှိပါတယ်။ Fail Safe ကို လွယ်လွယ်ပြောရရင် အမှားခံစနစ်လို့ ပြောရမယ် ထင်ပါတယ်။ သူ့ကို ABS (Anti-Lock Braking System) လို့လည်း ခေါ်ပါတယ်။

သူက ဘရိတ်စနစ်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ထားပါတယ်။ ဘရိတ်ယူနစ်ထဲမှာ (Wheel Speed Sensor) ခေါ် ဘီး အမြန်နှုန်းကို တိုင်းတာတဲ့ အာရုံခံကိရိယာ တပ်ပေးထားတာပါ။ သူက ကွန်ပျူတာကို ဘီးရဲ့ အမြန်နှုန်းကို ပို့ပေးတာပါ။

ကွန်ပျူတာက ဘီးရဲ့ အမြန်နှုန်းကို တွက်ချက်ပြီး ဘရိတ်ကို လိုသလို ဖမ်းပေးတာမျိုးပါ။ ဒါက‌ ယေဘူယျ နားလည်အောင် ပြောပြတာဖြစ်ပါတယ်။

ဒီလို ဘရိတ်ဖမ်းလိုက်၊ လျော့လိုက်လုပ်ခြင်းဟာ တာယာတွေ ပွတ်တိုက်မှုကို လျော့နည်းစေပါတယ်။ ပွတ်တိုက်မှုများရင် လေယာဉ်တာယာတွေ ပွင့်ထွက်မှာဖြစ်လို့ ဒီစနစ်က တာယာတွေကို ကာကွယ်ပေးတဲ့စနစ် ဖြစ်လာပါတယ်။

နောက်တစ်ခုက Fuseable Plug လို့ ခေါ်တဲ့ ဒါဏ်ခံပစ္စည်းတစ်ခု တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ သူကတော့ ဘရိတ်ရဲ့ အပူချိန် မြင့်တက်လာရင် တာယာရဲ့ ဖိအားကို လျော့ချပေးလိုက်ပြီး တာယာ ပွင့်မထွက်အောင် ကာကွယ်ပေးပါတယ်။

နောက်ဆုံးအချက်ကတော့ လေယာဉ်တာယာတွေဟာ ထုတ်လုပ်ပြီးတာနဲ့ အဆင့်ဆင့် စစ်ဆေးစမ်းသပ်ပြီးမှသာ လေယာဉ်မှာ တပ်ဆင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

သင်ဟာ ကားစီးတာဖြစ်ဖြစ်၊ စဘီး၊မော်တော်ဆိုင်ကယ်စီတာဖြစ်ဖြစ် တာယာကြောင့် စိတ်ပူရမှာဖြစ်ပေမဲ့ လေယာဉ်ကြီးစီးပြီးတော့ တာယာပွင့်ထွက်မှာတို့၊ ပေါက်သွားမှာတို့ကို သိပ်စိတ်ပူစရာ မလိုပါဘူးလို့ တင်ပြရင်း အဆုံးသတ်ပါရစေ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *