Deicing (ရေခဲဖျော်ခြင်း)နဲ့ ဆောင်းတွင်းက လေယာဉ်တွေ

Deicing (ရေခဲဖျော်ခြင်း)နဲ့ ဆောင်းတွင်းက လေယာဉ်တွေ

ဆောင်းရာသီ ရောက်ရှိလာပါပြီ။ လေယာဉ်ကွင်းတွေမှာလည်း Deicing လုပ်ရမယ့်ဌာနကလူတွေ ကားတွေ၊ မိုဘိုင်းလှေကားတွေနဲ့ လှုပ်လှုပ်ရွရွ ဖြစ်လာကြပါပြီ။

ဘာဖြစ်လို့လည်းဆိုတော့ လေယာဉ်တွေ ကိုယ်ထည်ပေါ်မှာ ဘာရေခဲတွေ၊ နှင်းဖတ်တွေမှ ကပ်ညှိနေလို့မရအောင် လုပ်ဆောင်ကြရတော့မှာပါ။

Deicing လုပ်ရတာ တစ်ခါတစ်လေ ပျံသန်းချိန်ကို နှောင့်နှေးစေပါတယ်။ ဒါပေမဲ့ Deicing မလုပ်ခဲ့ရင်တော့ အကျိုးဆက်က ပိုဆိုးမှာပါ။

အခုတင်ပြမှာကတော့ Deicing အလုပ်က အနားယူခဲ့တဲ့ Andrew Poure နဲ့ မေးမြန်းထားတဲ့အချက်တွေ ဖြစ်ပါတယ်။

လေယာဉ်ကို Deicing လုပ်တယ်ဆိုတာ ရေမခဲနိုင်တဲ့ အစိမ်းရောင် သို့မဟုတ် လိမ္မော်ရောင် ဓါတုဆေးရည်တွေကို တစ်စီးလုံး ဖြန်းပေးပြီး ကာကွယ်ရတာ ဖြစ်ပါတယ်။ အဲဒီအရည်တွေကို Deicer Fluid လို့ ခေါ်ပါတယ်။ သူတို့က ရေမခဲနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။

လေယာဉ်ရဲ့ အရေးကြီးတဲ့နေရာတွေမှာ ရေခဲနေပြီဆိုရင် ဒါကို ဓာတုဆေးရည်နဲ့ ဖျော်ချရပါတယ်။ ဓါတုဆေးရည် တင်ဆောင်တဲ့ကားဟာ ဓါတုဆေးရည် ဂါလံ (၂၀၀၀) လောက် သယ်ဆောင်နိုင်ပါတယ်။ ဟိုက်ဒရော စ်စနစ်နဲ့ အတင်အချလုပ်နိုင်တဲ့ (Lift) တစ်ခု ပါရှိပြီး ဖိအားနဲ့မှုတ်ထုတ်နိုင်တဲ့ ပန့် (Pump) လည်း ပါရှိပါတယ်။

ကားမှာပါတဲ့ ဓါတုဆေးရည်ကို သင့်တော်တဲ့ အပူချိန်ပေးဖို့ Heater ပါ တပ်ဆင်ထားပါတယ်။ Spray Gun ခေါ် ရေဖြန်းပိုက်ကို ပန့်နဲ့ ချိတ်ဆက်ထားပါတယ်။

Deicing လုပ်ရင် အဲဒီ ဓါတုဆေးရည်တွေကို လေယာဉ်တစ်စီးလုံး ဖြန်းပေးပြီး ခဲနေတဲ့ ရေခဲနဲ့ နှင်းဖတ်တွေကို ပျော်ကျစေပါတယ်။

တစ်စီးလုံးဆိုတဲ့နေရာမှာ အရေးကြီးတာက Leading Edge လို့ခေါ်တဲ့ လေတိုးခံရတဲ့ နေရာတွေ ဖြစ်ပါတယ်။ အဲဒီနေရာတွေက ရေခဲလွယ်တဲ့ နေရာတွေ ဖြစ်ပါတယ်။

အမေရိကမှာတော့ FAA (Faderal Aviation Authority) က Deicing စည်းမျဉ်းစည်းကမ်းတွေနဲ့ ပါတ်သက်ပြီး အတိအကျ သတ်မှတ်ပေးထားပါတယ်။ Deicing ဝန်ထမ်းတွေဟာ နည်းစနစ်ပိုင်းဆိုင်ရာ သင်တန်းများ တက်ရောက်ပြီး ဖြစ်ရပါမယ်။

သာမန်အားဖြင့်တော့ ကွန်ပျူတာအခြေပြု အခြေခံသင်တန်းဖြစ်ပြီး ဓါတုဆေးရည်အကြောင်း၊ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေအကြောင်း၊ လေဆိပ်အတွင်း အလုပ်လုပ်ရာမှာ လိုက်နာရမယ့် စည်းမျဉ်းတွေအပြင် သက်ဆိုင်ရာ လေယာဉ်အမျိုးအစားအလိုက် လုပ်ဆောင် လိုက်နာရမယ့် အချက်တွေကို သင်ယူကြရပါတယ်။

ပြီးရင်တော့ လုပ်ငန်းခွင်မှာ လက်တွေ့ လေ့ကျင့်ရပါတယ်။ Deicer Truck ကို ကျွမ်းကျင်စွာ မောင်းနှင်အသုံးပြုတတ်ဖို့ကလည်း (၁)လ လောက် အချိန်ယူရပြီး တစ်ခါတစ်လေ အဲဒီထက်မက ပိုကြာပါတယ်။

ဓါတုဆေးရည်တွေမှာ အရောင်(၂)မျိုးကို ကမ္ဘာတလွှား သုံးစွဲကြပါတယ်။ အမျိားအစားကလည်း (၂)မျိုး ရှိပါတယ်။ Type-1 နဲ့ Type-IV ဆိုပြီး (၂) မျိုးရှိပါတယ်။ (၂) မျိုးစလုံး အဓိကပါဝင်တဲ့ ဓါတုပစ္စည်းကတော့ ပရိုပိုင်လင်း ဂလိုက်ကော (Propylene Glycol) ဖြစ်ပါတယ်။

Type-1 က အနီရောင်သန်းတဲ့ လိမ္မော်ရောင်ဖြစ်ပြီး Type-IV ကတော့ တောက်ပတဲ့ အစိမ်းရောင်ပါ။ Type-1 Deicer ကို ၈၂ ဒီဂရီ စင်တီဂရိတ်လောက် အပူပေးပြီးမှ လေယာဉ်ကို ဖြန်းကြရပါတယ်။ ရေခဲတွေဟာ ဓါတုဆေးကြောင့် အလျင်အမြန်ပဲ ပျော်ဆင်းသွားကြပါတယ်။

Type-1 Deicer

Type-IV ရဲ့ အစိမ်းရောင်ဟာ တောက်ပလို့ တစ်ခါတစ်လေ လေယာဉ်မောင်းထွက်သွားရင်တောင် မြင်ရတတ်ပါတယ်။ သူက Type-1 ထက် ပိုပျစ်ပါတယ်။ သူ့ကို Anti-icing Fluid လို့လည်း ခေါ်တတ်ကြပါတယ်။ သူ့ကိုဖြန်းပြီး (၄၅)မိနစ်လောက် စောင့်ရတာမို့ တစ်ခါတစ်လေ လေယာဉ်ထွက်ခွါချိန် နှေင့်နှေးတာမျိုး ဖြစ်တတ်ပါတယ်။

FAA ရဲ့ အဓိက ရည်ညွန်းချက်ကတော့ လေယာဉ်ဟာ သန့်ရှင်းနေရမယ်လို့ ဆိုပါတယ်။ ဒီတော့ ကွင်းမှာ ရပ်နားချိန် ကြာလို့ပဲဖြစ်ဖြစ်၊ ညသိပ်ထားတဲ့ လေယာဉ်ဖြစ်ဖြစ် ရေခဲနေရင် Deicing လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။

တချို့ကွင်းတွေမှာတော့ Deicing လုပ်ဖို့ သီးသန့်နေရာ လုပ်ထားပြီး လေယာဉ်ကို အဲဒီနေရာအထိ ဆွဲသွားကာ Deicing လုပ်ကြပါတယ်။ တချို့ကတော့ အထက်မှာပြောသလို မိုဘိုင်းကားတွေနဲ့ လုပ်ကြရပါတယ်။

Type-IV Deicer

အဲဒီလို လုပ်တဲ့နေရာမှာ လေယာဉ်ကို မထိခိုက်မိစေဖို့လည်း အရေးကြီးပါတယ်။ ကားတွေဟာ လေယာဉ်နားကို ၃ ပေ သို့မဟုတ် ၅ ပေထက် ပိုမကပ်ရပါဘူး။

အင်ဂျင်‌‌တွေ၊ APU တွေ နှိုးထားရင်လည်း ဓါတုဆေးရည်တွေ မဝင်အောင် သတိပြုဖို့ လိုပါတယ်။ Flight Control လို့ခေါ်တဲ့ လေယာဉ်ရဲ့ အတက်အလက်တွေ မထိခိုက်မိစေဖို့လည်း အရေးကြီးပါတယ်။

ခရီးသည်တွေအနေနဲ့ကတော့ Deicing လုပ်ချိန်ဟာ အရေးကြီးကြောင်း နားလည်သင့်ပါတယ်။ Deicing မလုပ်ရင် လေယာဉ်ပျက်ကျလိမ့်မယ်လို့ပြောရင် သင်ခံစားနိုင်မှာ မဟုတ်ပေမဲ့ ဒါက အမှန်ပါပဲ။

Leading Edge

ဒါကြောင့် Deicing လုပ်လို့ လေယာဉ် ခဏတဖြုတ် နောက်ကျခဲ့ရင် သိပ်ဒေါသမကြီးဖို့ တောင်းပန်ရင်း အဆုံးသတ်လိုက်ပါရစေ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *