လေယာဉ် မြေပြင်ဆင်း အထောက်အကူစနစ် ILS နှင့် Marker Beacon

လေယာဉ် မြေပြင်ဆင်း အထောက်အကူစနစ် ILS (Instrument landing system) နှင့် Marker Beacon

ဒီတစ်ခါတော့ လေယာဉ်တွေ မြေပြင်ကို ပြန်လည်ဆင်းသက်တဲ့အခါ ချောချောမွေ့မွေ့ ဆင်းသက်နိုင်အောင် ကူညီပေးတဲ့ စနစ်ကို ရှာဖွေတင်ပြလိုက်ပါတယ်။

ဒီစနစ်ရဲ့ အမည်ကတော့ အထက်မှာ ဖော်ပြထားတဲ့အတိုင်းပါပဲ။ လေကြောင်းလောကသားတွေကတော့ ILS နဲ့ Marker လို့ အတိုကောက် ခေါ်ကြပါတယ်။

ILS ဟာ လေယာဉ်မှူးတွေကို လေယာဉ်ဆင်းသက်ချိန်မှာ ပြေးလမ်းနဲ့ တည့်တည့်ဆင်းနိုင်ဖို့ရယ်၊ မှန်ကန်တဲ့လမ်းကြောင်း ထောင့်ချိုးအတိုင်း ဆင်းနိုင်ဖို့ရယ် ကူညီပြသပေးပါတယ်။

လေယာဉ်ကွင်းတွေမှာ ILS အတွက် Localizer နဲ့ Glide Slope ဆိုပြီး Beacon တွေကနေ ဆစ်ဂနယ်တွေ ထုတ်လွှတ်ပေးပါတယ်။ Localizer က အလျားလိုက် ထုတ်လွှတ်ပေးပြီး Glide Slope ကတော့ ဒေါင်လိုက် ထုတ်လွှင့်ပါတယ်။

Localizer အင်တင်နာ

ဒီဆစ်ဂနယ် (၂)ခုကို လေယာဉ်ပေါ်က အင်တင်နာကတဆင့် ဖမ်းယူပြီး ကွန်ပျူတာကို ပို့ပေးပါတယ်။ Airbus A-320 မှာဆိုရင် ဒီကွန်ပျူတာကို MMR (MultiMode Receiver) လို့ ခေါ်ပါတယ်။

ကွန်ပျူတာက ဒေါင်လိုက်နဲ့ အလျားလိုက် အချက်ပြတွေကို တွက်ချက်ပြီး အလိုအလျောက်မောင်းစနစ် (Auto-pilot System) ကို ပေးပို့ပါတယ်။

ဒီအခါမှာ လေယာဉ်က အချက်ပြ ဆစ်ဂနယ်တွေ ထုတ်လွှတ်တဲ့ဖက်ကို ဦးတည်ပြီး ဆင်းရမယ့်လမ်းကြောင်း (Glide Path) ထဲ ဝင်ရောက်လာပါတယ်။

Glide slop အင်တင်နာ

ပြေးလမ်းနဲ့ တည့်ပြီဆိုရင် လေယာဉ်က စိုက်ဆင်းရမှာပါ။ ဒါဆို ဘယ်လောက်နှုန်းနဲ့ နိမ့်ဆင်းရမလဲ၊ ပြေးလမ်းနဲ့ လေယာဉ် ဘယ်လောက်ကွာဝေးသလဲဆိုတာ သိဖို့ လိုလာပါတယ်။

ဒါကိုတော့ Marker စနစ်က ကူညီပါတယ်။ A-320 မှာတော့ Marker စနစ်ကို VOR ကွန်ပျူတာ Channel (၂) ပါပေမဲ့ VOR 1 Channel ကပဲ Marker ကို အလုပ်လုပ်စေပါတယ်။

လေယာဉ်ပေါမှာ PFD လို့ခေါ်တဲ့ Primary Flight Display ဖန်သားပြင် ဒိုင်ခွက်ပေါ်မှာ အခြေအနေ (၃)မျိုးနဲ့ လေယာဉ်နဲ့ ကွင်း အကွာအဝေးကို ပိုင်းလော့တွေ သိနိုင်အောင် ဖော်ပြပေးပါတယ်။ အဲဒါတွေကတော့ (၁) Outer Marker, (၂) Middle Marker, (၃) Inner Marker တို့ ဖြစ်ပါတယ်။

အလားတူပဲ မြေပြင်မှာလည်း လေယာဉ်ပြေးလမ်းနဲ့ တည့်တည့်၊ ပြေးလမ်းရဲ့ ‌အရှေ့ဖက်တွေမှာ အကွာအဝေးတစ်ခုစီနဲ့ Marker Beacon တွေ ထားရှိပါတယ်။ သူတို့က ဒေါင်လိုက်အချက်ပြ ဆစ်ဂနယ်တွေကို တစ်ခုနဲ့တစ်ခု မတူညီတဲ့ ကြိမ်နှုန်းတွေနဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လေယာဉ်က Beacon တွေပေါ်က ဖြတ်တဲ့အခါ လေယာဉ်ရဲ့ Marker Antenna က အချက်ပြလှိုင်းကို ဖမ်းယူပြီး VOR ကို ပို့ပါတယ်။ VOR က ဖမ်းယူရရှိတဲ့ ကြိမ်နှုန်းအလိုက် Outer လား၊ Middle လား၊ Inner လားဆိုတာ ခွဲခြားပြီး PFD ကို ပို့ပါတယ်။

နောက် RCAU (Remote Control Audio Unit) ကိုလည်း ပို့ပါတယ်။ PFD က ဒီ Information ကို Digital စနစ်နဲ့ ပြသပြီး RCAU က အသံနဲ့ သတိပေးပါတယ်။

ပိုင်းလော့ဟာ Outer Marker နဲ့ Middle Marker ကြား၊ Middle Marker နဲ့ Inner Marker ကြား ကြာမြင့်ချိန်ကို ကြည့်ပြီး လေယာဉ် ဦးမော့နေတာလား၊ ဦးစိုက်နေတာလားဆိုတာ တွက်ချက်သိနိုင်ပါတယ်

(ဥပမာ- Outer နဲ့ Middle ကြား ဖြတ်ပျံချိန်ဟာ ပုံမှန် တစ်မိနစ်ဆိုပါစို့ တစ်မိနစ်ထက်ကြာရင် လေယာဉ် ဦးမော့နေတာဖြစ်ပြီး မှန်ကန်တဲ့ Glide Path မဟုတ်သလို တစ်မိနစ်ထက် နည်းနေလျှင် ဦးစိုက်နေတာ ဖြစ်ပါတယ်။)

ဒီလိုနဲ့ ILS လမ်းကြောင်းလည်း တည့်ပြီး Marker ဆစ်ဂနယ်တွေလည်း ကျော်လာပြီဆိုရင်တော့ လေယာဉ်ဟာ ပြေးလမ်းနဲ့တည့်ပြီး မှန်ကန်တဲ့ လျောစောက်လမ်းကြောင်းအတိုင်း ဆင်းသက်နိုင့်ပါပြီလို့ တင်ပြလိုက်ရပါတယ်။

# Frequency- ကြိမ်နှုန်းများကတော့ အသေးစိတ် ဖော်ပြတော့ပါဘူး။ ရှုပ်ထွေးနေမှာစိုးလို့ပါ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *