အာရှဒေသမှ လမ်းပေါ်ဈေးများ
အာရှဒေသမှာ ဟင်းလျာအစားအသောက်များသည် တိုက်၏ ကျယ်ပြောမှုအလိုက် ကျယ်ပြန့်စွာပြောင်းလဲ နေပါသည်။
မြောက်အာရှမှ တောင်အာရှအထိ၊ အရှေ့တောင်အာရှ၊ အရှေ့အာရှ၊ ဗဟိုအာရှမှ အနောက်အာရှအထိ အစားအသောက်တိုင်းသည် ရိုးရာဓလေ့၊ ယဉ်ကျေးမှု အလေ့အကျင့်များနှင့် ရောနှောပေါင်းစပ်ထားပြီး ပါဝင်သည့်အရာများ၊ ချက်ပြုတ်ပုံနည်းစနစ်၊ သို့မဟုတ် ဟင်းခတ်အမွှေးအကြိုင်များပါဝင်မှု ကွာခြားကြသည်။
အာရှဒေသရှိ လမ်းမပေါ်တွင် စားသောက် ဆိုင်တန်းများ ဖွင့်လှစ်ရောင်းချကြသောနေရာများအကြောင်းကို တင်ပြလိုက်ရပါသည်။
၁) ဂျလန်အာလောဈေး(Jalan Alor, Kula Lumpur )၊ (ကွာလာလမ်ပူ၊ မလေးရှား)
ကွာလာလမ်ပူမြို့၏ ပျံကျဈေးသည် ယဉ်ကျေးမှုသည် အတန်းလိုက်ပေါင်းစည်းထားသည့်ပုံစံဖြင့် ဂျလန်အာလောတွင် ဖွဲ့စည်းဖွင့်လှစ်ထားသည်။
Bukit Bintang တွင် တည်ရှိသော ၎င်းဈေးမှာ ငွေပမာဏအနည်းငယ်ဖြင့် ကြီးမားသော အရသာအစုံအလင်ကို လွယ်ကူစွာရရှိနိုင်မည် ဖြစ်သည်။
ဈေးကို နံနက်ပိုင်းတွင် ဖွင့်လှစ်သော်လည်း နေ့ဘက်တွင် ယေဘုယျအားဖြင့် တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး နေဝင်ရီ တရောအချိန်မှစ၍ ပျားပန်းခပ်မျှ လှုပ်ရှား အသက်ဝင်လာခဲ့သည်။
၂) ဘူဂစ်လမ်းဈေး(Bugis Street Market),(စင်ကာပူ)
စင်ကာပူ၏ စည်ကားလှသော ညခင်း လှုပ်ရှားမှုဘဝများကို တွေ့ကြုံခံစားရာတွင် Bugis Street သို့ မဖြစ်မနေသွားရောက် လည်ပတ်ရန်လည်းလိုအပ်ပေလိမ့်မည်။
ယနေ့အချိန်တွင် စင်ကာပူနိုင်ငံ၏ အကောင်းဆုံး လမ်းပေါ်ဈေးတစ်ခုဖြစ်ပြီး ဈေးဝယ်ခြင်း၊ လမ်းဘေးရပ် ကဖေးဆိုင်များနှင့် အစားအသောက်များ ပေါများစွာရရှိနိုင်သည်။
အစားအသောက်များတွင် တရုတ်၊ အိန္ဒိယနှင့် မလေးအစားအစာများပါဝင်ပြီး ဆိုင်များမှာ အမိုးအကာအပြည့်အစုံရှိပြီး လေအေးစက်များလည်း တပ်ဆင်ထားသဖြင့် အပူလွန်ကဲမှု၊ သို့မဟုတ် မိုးရွာသွန်းမှု ဒဏ်တို့ကို ကာကွယ်နိုင်သည်။
ဆိုင်ခန်းပေါင်း ၈ဝဝ ကျော်ရှိသဖြင့် ဘူဂစ်လမ်းပေါ်ဈေးသည် ဒေသခံများနှင့် ခရီးသွားများကို ဆွဲဆောင်လျက် ရှိနေသည်။
၃)ဟနွိုင်းညဈေး (ဟနွိုင်း၊ ဗီယက်နမ်)
ရက်သတ္တပတ်ကုန်နေ့ရက်များတွင် ဟနွိုင်း ညဈေး အသက်ဝင်လှုပ်ရှားလာမြဲဖြစ်သည်။ လမ်းဘေး ဈေးဆိုင်ခန်းများနှင့် ဒေသထွက်အစားအစာ လမ်းဘေး ဈေးသည်များ ပျားပန်းခပ်မျှလှုပ်ရှားလာကြပြီး ဒေသခံနှင့် ပြည်ပခရီးသွားအများအပြားကို စုစည်းလာစေ၍ ထူးခြားကောင်းမွန်သော၊ ဈေးနှုန်းသက်သာသော အစားအသောက်များဖြင့် ဖိတ်ခေါ်လျက်ရှိသည်။
ည ၇ နာရီမှ စတင်ဖွင့်ပြီး ဟန်ဒေါင်လမ်းမှ မြောက်ဘက် ဒေါင်ရှန်ဈေးအထိ တောက်လျှောက် ရှည်လျား သည်။ ၎င်းနယ်မြေအတွင်းရှိ လူသွားလမ်းများနှင့် သမိုင်းဝင်နေရာများမှာ အလှဆင်မီးများဖြင့် လင်းလက် တောက်ပလျက်ရှိပြီး ဟနွိုင်းမြို့၏ နာမည်ကြီးဟင်းလျာ အစားအစာများကို ဝယ်ယူစားသုံးနိုင်ပါသည်။
၄) ကူတာညဈေး (ဘာလီ၊ အင်ဒိုနီးရှား)
ကူတာညဈေးသည် အသက်ဝင်လှုပ်ရှားနေသော ညဘက်လူမှုဘဝများကြောင့် လူသိများပြီး ဒေသတွင်းတွင် ပါဆာဆန်ဂေါဟုလည်း ခေါ်ဆိုကာ ဒေသထွက် ဟင်းလျာများကို စားသုံးရန် ပြီးပြည့်စုံသော အခွင့်အလမ်းတစ်ခုဟု တင်စားကြသည်။
ဈေးဆိုင်ခန်းများမှာ နယ်မြေခံများနှင့် ခရီးသွားများဖြင့် စည်ကားလှုပ်ရှားနေပြီး ချက်ချင်းချက်ပြုတ်ထားသောအစားအစာနှင့် အထူးကောင်းမွန်သော အချိုပွဲများက ကူတာညဈေးကို အစားအသောက်နှစ်သက်သူများအတွက် ဘာလီကျွန်းတွင် အကောင်းဆုံးညဈေးတစ်ခုအဖြစ် ပုံဖော်ပေးသည်။
အရသာရှိ၍ စစ်မှန်သော ဘာလီဟင်းလျာများအပြင် အမှတ်တရပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် တန်ဖိုးနည်း လက်ဝတ်ရတနာများကိုလည်း ကူတာတွင် ဝယ်ယူရရှိနိုင်သည်။
၅) ဂွမ်ဂျုန်းဈေး (ဆိုးလ်၊ တောင်ကိုရီးယား)
၁၉ဝ၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ဂွမ်ဂျန်းဈေးသည် အစားအသောက်ရောင်းချသည့်နေရာတစ်ခု သာမကဘဲ တောင်ကိုရီးယားတစ်နိုင်ငံလုံးတွင် သက်တမ်းအရင့်ဆုံး စဉ်ဆက်မပြတ်လုပ်ငန်းလည်ပတ်နေသည့် ဈေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။
နိုင်ငံ၏ ရှားပါးထူးခြားသည့် ရိုးရာယဉ်ကျေးမှုကို လေ့လာရန် ကြီးကျယ်သောနေရာတစ်ခုလည်းဖြစ်သည်။ ၎င်း ဈေး၏ လူကြိုက်များထင်ရှားသောအစားအစာတစ်ခုမှာ Mayak Kimbap ဟုခေါ်သော ဆူရှီနှင့်ဆင်တူသည့် ပင်လယ်ရေမှော်များကို မုန်လာဥ၊ ဆန်၊ နှမ်းဆီ စသည်တို့ဖြင့် လိပ်ထားသောအစားအစာဖြစ်သည်။
၆) ရှိလင် ညဈေး (Shilin Night Market, Taipei) (တိုင်ပေ၊ တရုတ်)
တိုင်ပေရှိ ရှီလင်းညဈေးမှာ ဒေသခံများနှင့် ခရီးသွားများအတွက် ရေပန်းစားသောနေရာဖြစ်ပြီး နေရာကျယ်ပြန့်မှုနှင့် ဈေးဆိုင်ခန်းများပြားမှုတို့ကြောင့် လူသိများသည်။
ဈေးတန်းများတွင် ကောက်ညှင်းတိုဟူး၊ ကြက်သားတုံးကြီးကြော်၊ Bubble Tea နှင့် လူကြိုက်များသည့်ရေဘဝဲ Omelette များကြောင့် ထင်ရှားကျော်ကြား လူသိများပြီး မဖြစ်မနေ သွားရောက်သင့်သည်ဟုလည်း ညွှန်းဆိုထားသည်။
အရောင်အသွေးစုံလင်သော လူစည်ကားများပြားသည့် ရှီလင်းညဈေးမှာ သွားရောက်လည်ပတ်သူများအတွက် ပျော်ရွှင်မှုကိုပေးစွမ်းနိုင်လိမ့်မည်မှာ သေချာပါသည်။
source – Knowledge Light
Knight News © 2022