ထူးဆန်းတဲ့ နိုင်ငံနယ်စပ်မျဉ်းများ

ထူးဆန်းတဲ့ နိုင်ငံနယ်စပ်မျဉ်းများ

ကမ္ဘာပေါ်က နိုင်ငံ‌တွေဟာ တစ်ခုနဲ့တစ်ခု ထိစပ်တဲ့နိုင်ငံတွေ ရှိကြသလို တသီးတခြား ဖြစ်တည်နေတဲ့ နိုင်ငံတွေလည်း ရှိကြပါတယ်။

ထိစပ်နေတဲ့ အခါမျိုးမှာ နှစ်နိုင်ငံ သဘောတူညီချက်အရ သူ့ပိုင်နက်၊ ကိုယ့်ပိုင်နက် ခွဲခြားသတ်မှတ်ပြီး နယ်ခြားမျဉ်းတွေ ပိုင်းခြားသတ်မှတ်လေ့ ရှိကြပါတယ်။

အခုတင်ပြမှာကတော့ ဒီလို နယ်ခြားမျဉ်းတွေထဲမှာ ထူးခြားတဲ့ နယ်ခြားမျဉ်းတွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) Northwest Angle

ဒီမျဉ်းကတော့ အမေရိကန်နဲ့ ကနေဒါနှစ်နိုင်ငံကြားက နယ်ခြားမျဉ်းဖြစ်ပါတယ်။ ဒီမျဉ်းဟာ မင်နီဆိုးတား (Minnesota) ပြည်နယ်ထဲက ဖြတ်သွားပါတယ်။ ပြီးတော့ Woods ရေကန်ကို ဖြတ်ပါတယ်။

ဒီတော့ ကနေဒါ နယ်နမိတ်ဟာ ရေထဲက ဖြတ်ဆွဲထားသလို ဖြစ်နေပါတယ်။ ကနေဒါက ကျောင်းသားကျောင်းသူတွေဟာ ကျောင်းသွားဖို့ နယ်ခြားမျဉ်းကို တစ်နေ့ လေးကြိမ်လောက် ဖြတ်သွားကြပါတယ်။

တစ်နေရာမှာဆိုရင် ဘိလိယက်ခုံအလယ်က ဖြတ်သွားတဲ့ နယ်ခြားမျဉ်းကြောင့် ဘိလိယက်ထိုးသူတွေဟာ ကနေဒါဖက်ရောက်လိုက်၊ အမေရိကန်ဖက်ရောက်လိုက်နဲ့ ကစားနေကြသလို ဖြစ်နေပါတယ်။

(၂) Baarle-Nassau

ဒီမျဉ်းကတော့ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံ နှစ်နိုင်ငံရဲ့ နယ်ခြားမျဉ်း ဖြစ်ပါတယ်။ Baarle-Nassau ဆိုတာ မြို့အမည်ဖြစ်ပြီး နယ်သာလန်ဖက်ခြမ်းမှာ တည်ရှိပါတယ်။

ဒါပေမဲ့ မြို့ပါတ်လည်မှာက ဘယ်လ်ဂျီယံတွေနေကြတဲ့ နေရာတွေရှိပါတယ်။ Baarle-Nassau မြို့ထဲမှာကို ဘယ်လ်ဂျီယံမြို့လေးရှိပြီး ဒါကိုတော့ Baarle-Hertog လို့ ခေါ်ပါတယ်။ တချို့အခြေချသူတွေကတော့ ဒတ်ခ်ျတွေများပါတယ်။

(၃) Bir Tawil

အီဂျစ်နဲ့ ဆူဒန်နယ်ခြားမျဉ်း ဖြစ်ပါတယ်။ ဒီမျဉ်းက ၇၉၅ ဧရိယာမိုင် ကျယ်ဝန်းပြီး လူမနေတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။

ဒီနေရာကို အီဂျစ်ရော၊ ဆူဒန်ပါ ဘယ်သူမှမနေသလို ဘာအငြင်းပွားမှုမှလည်း မရှိပါဘူး။ တကယ်ကို ဝေးလံခေါင်သီတဲ့အရပ်ဒေသတစ်ခုဖြစ်လို့ပါ။

အနားတဝိုက်က ဒေသတွေအတွက်တော့ နှစ်ဖက်စလုံးက အငြင်းပွားနေကြပါတယ်။

(၄) Hotel Arbez

ပြင်သစ်နဲ့ ဆွစ်ဇာလန်တို့ရဲ့ နယ်စပ်မျဉ်း ဖြစ်ပါတယ်။ Arbez ဆိုတဲ့ ဟိုတယ်ဟာ La Cure ဆိုတဲ့ ရွာငယ်လေးတစ်ခုမှာ တည်ရှိပါတယ်။

ဒီဟိုတယ်က ပြင်သစ်၊ဆွသ်ဇာလန်နယ်စပ်ကို အလယ်တည့်တည့်ကျနေပါတယ်။

တချို့ အိပ်ခန်းတွေမှာဆို ကုတင်တစ်လုံးရဲ့ အလယ်က ဖြတ်သွားတာမို့ တစ်ယောက်က ပြင်သစ်ဖက်ခြမ်းမှာ အိပ်ရသလိုဖြစ်ပြီး နောက်တစ်ယောက်က ဆွစ်ဇာလန်ဖက်ခြမ်းမှာ အိပ်သလို ဖြစ်နေပါတယ်။

ဟိုတယ်မှာ ဝင်ပေါက်နှစ်ခုရှိပြီး တစ်နိုင်ငံဆီကိုမျက်နှာမူထားလို့ ကြိုက်တဲ့နိုင်ငံက ဝင်တည်းနိုင်ပါတယ်။

(၅) Llivia

သူက စပိန်နဲ့ ပြင်သစ်ကြားမှာ ရှိပါတယ်။ ရွာလေးတစ်ရွာဖြစ်ပြီး စပိန်က ပိုင်ပါတယ်။ ဒါပေမယ့် ပါတ်ဝန်းကျင်က ပြင်သစ်မြို့တွေ ဝိုင်းနေပါတယ်။ ၁၆၅၉ ခုနှစ်က ပြင်သစ်က ကျူးကျော်ထားတဲ့နေရာလည်း ဖြစ်ပါတယ်။

မြို့ခံတွေရဲ့ တောင်းဆိုမှုကြောင့် (၁)မိုင်လောက်ကျယ်တဲ့ ဒီဧရိယာကို စပိန်တို့က နယ်ခြားမျဉ်းထဲမှာ ထည့်ဆွဲပေးခဲ့ရပါတယ်။

(၆) Demilitarized Zone

ဒီစစ်ရေးကင်းမဲ့ဇုံကို ထည့်ဆွဲထားတာကတော့ မြောက်နဲ့ တောင်ကိုရီးယားနှစ်နိုင်ငံရဲ့ နယ်ခြားမျဉ်းပဲ ဖြစ်ပါတယ်။ ဒီဒေသဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး လက်နက်ကိုင်အစောင့်တပ်တွေ နှစ်ဖက်စလုံးက ချထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

မျဉ်းအကျယ်က ၂.၅ မိုင်ရှိပြီး အရှည်က ၁၅၅ မိုင် ရှိပါတယ်။ တစ်ဖက်နဲ့ တစ်ဖက်ဖြတ်သန်းသွားခွင့်လဲ မပြုပါဘူး။ ဒါကြောင့် ဒီဧရိယာဟာ တဖြည်းဖြည်း သဘာဝပါတ်ဝန်းကျင်တစ်ခုအဖြစ် ပြောင်းလဲလာပါတယ်။

မျဉ်းရဲ့ အလယ်တည့်တည့်မှာ အဆောက်အဦတချို့ရှိပြီး နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ တခါတရံ တွေ့ဆုံဆွေးနွေးမှုတွေလုပ်လေ့ ရှိပါတယ်။

(၇) Lake Constance

သူကတော့ သုံးနိုင်ငံ နယ်ခြားမျဉ်း ဖြစ်ပါတယ်။ ဩစတြီးယား၊ ဆွစ်ဇာလန် နဲ့ ဂျာမဏီတို့ကို ပိုင်းခြားပေးထားပါတယ်။

နိုင်ငံ (၃) ခု ထိစပ်တဲ့နေရာမှာ ဒီရေကန်က တည်ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နယ်စပ်မျဉ်းတွေဟာ ရေကန်စပ်မှာ အဆုံးသတ်ကြပါတယ်။

ရေကန်နဲ့ ပါတ်သက်လို့ နိုင်ငံအချင်းချင်း ဘာသဘောတူညီချက်မှ မရှိပါဘူး။ ဆွစ်ဇာလန်ကတော့ ရေကန်အလယ်အထိ သူပိုင်တယ်လို့ ဆိုပါတယ်။ ဩစတြီးယားကတော့ ရေကန်ကို (၃)နိုင်ငံစလုံး အတူတကွ ပိုင်တယ်လို့ဆိုပေမဲ့ ဂျာမဏီကတော့ မပြတ်သားပါဘူး။

(၈) Kaliningrad

ကာလင်နင်ဂရက်မျဉ်းကတော့ ရုရှား၊ပိုလန်နဲ့ လစ်သူရေးနီးယား (၃) နိုင်ငံကြားမှာ တည်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျာမန်တွေရဲ့ Konigsberg မြို့ဟာ ဆိုဗီယက်တွေရဲ့ ကျူးကျော်မှုခံရပြီး ဆိုဗီယက်နယ်မြေထဲ ထည့်သွင်းခံရပါတယ်။

ဆိုဗီယက်တို့က ကာလင်နင်ဂရက်လို့ နာမည်ပြောင်းပစ်လိုက်ကြပါတယ်။ အခုတော့ ဘောလ်တစ်ပင်လယ်ဖက်က ရုရှားတွေ ပြောင်းရွေ့အခြေချနေထိုင်ရာမြို့ ဖြစ်နေပါပြီ။ ဘောလ်တစ်ပင်လယ်က ရုရှားရေတပ်တွေရဲ့ အခြေစိုက်မြို့လည်း ဖြစ်နေပါတယ်။

(၉) Penon de Velez de la Gomera

ဒီနယ်ခြားမျဉ်းကတော့ စပိန်နဲ့ မော်ရိုကို နှစ်နိုင်ငံကို ခွဲခြားထားပါတယ်။ သူကတော့ ကျောက်ဆောင်ထူထပ်တဲ့ ကျွန်းတစ်ခုဖြစ်ပြီး မယ်ဒီတာရေးနီးယန်းပင်လယ်ရဲ့ အနောက်ဖက်လောက်မှာ တည်ရှိပါတယ်။

ကျွန်းက မော်ရိုကိုကို ကမ်းခြေနဲ့ သဲသောင်ကုန်းရိုးတစ်ခုနဲ့ ဆက်နေပါတယ်။ ကျွန်းပေါ်မှာတော့ စပိန်တပ်ဖွဲ့တွေ လုံခြုံရေးယူထားပါတယ်။ နယ်ခြားမျဉ်းတလျှောက် ကြိုးတစ်ချောင်းသွယ်တန်းထားပါတယ်။

(၁၀) Diomede Island

ဒီ Diomede Island ကျွန်းအကြောင်း Knight News မှာ ဖော်ပြဖူးပါတယ်။ အမေရိကန်နဲ့ ရုရှားနှစ်နိုင်ငံပိုင်ကျွန်းတွေ ဖြစ်ပါတယ်။ ကျွန်းကြီးတစ်ကျွန်း၊ ကျွန်းငယ်တစ်ကျွန်းရှိပြီး အမေရိကန်ဖက်ကရော၊ ရုရှားဖက်ကပါ ၂.၅ မိုင်လောက်စီပဲ ဝေးပါတယ်။

ကျွန်းအကြီးက လူနေထိုင်မှုမရှိဘဲ ရုရှားက ပိုင်ပါတယ်။ ကျွန်းအငယ်ကတော့ လူဦးရေ ၁၃၅ ယောက်ခန့်သာရှိပြီး အမေရိကန်က ပိုင်ပါတယ်။

ဒီကျွန်းနှစ်ခုကို အပြည်ပြည်ဆိုင်ရာ အချိန်မျဉ်းနဲ့ ခွဲခြားသတ်မှတ်ထားပါတယ်။ ဒါကြောင့် ကျွန်းနှစ်ကျွန်းဟာ တစ်ကျွန်းနဲ့တစ်ကျွန်း အချိန် ၂၁ နာရီတောင် ကွာဟနေပါတယ်လို့ တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *