ကမ္ဘာ့ပထမဆုံး ပန်ကာဒလက် (၁၁)လက်ပါတဲ့ လေယာဉ်အင်ဂျင်
ပန်ကာတပ် လေယာဉ်တွေမှာ ပုံမှန်ဆိုရင် ဒလက် (၄) ခု ဒါမှမဟုတ် (၆) ခုသာ တပ်ဆင်ကြတာ အများဆုံးတွေ့ရပါတယ်။
ပန်ကာဒလက်ရဲ့ သဘောတရားအရ ဒလက်များလေ မသံဆူညံမှုနည်းလေလို့ ဆိုကြပါတယ်။ Stability လို့ ခေါ်တဲ့ တည်ငြိမ်မှုလည်း ပိုကောင်းလာပါတယ်တဲ့။
ပြင်သစ်လုပ် ATR-42 တို့၊ ATR-72 လေယာဉ်တို့မှာဆို မူလက ပန်ကာ (၄)လက်ကနေ နောက်ပိုင်း 600 Series တွေမှာ ပန်ကာဒလက် (၆) ခုပါတဲ့ အင်ဂျင်တွေ သုံးလာကြပါတယ်။
အခုတင်ပြမှာကတော့ ပန်ကာ (၁၁) လက်ပါတဲ့ အင်ဂျင်(၂)လုံးတပ်ဆင်ထားတဲ့ လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းပြနိုင်ခဲ့ပြီဆိုတဲ့အကြောင်းလေးပါ။ ရှု့စားကြပါအုံးလို့။
ပန်ကာဒလက် ၆ လက်ပါ ATR-72 600 လေယာဉ်
ကမ္ဘာ့ ပထမဆုံးလို့ ပြောနိုင်တဲ့ ပန်ကာ (၁၁) ခုပါတဲ့ အင်ဂျင် (၂)လုံး တပ်ဆင်ထားတဲ့ လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းပြနိုင်ခဲ့ပြီလို့ MT Propeller ကုမ္ပဏီက ကြေငြာခဲ့ပါတယ်။
ဒါဟာ အရင်က ဒလက် (၅)ခု၊ (၇)ခု၊ (၉)ခု အစရှိသဖြင့် စမ်းသပ်ခဲ့မှုတွေကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပန်ကာဒလက်တွေရဲ့ လည်ပတ်မှုအရှိန်ဟာ အင်ဂျင်ရဲ့ Thrust အဖြစ်ပြောင်းလဲပေးပါတယ်။
ပန်ကာက ထုတ်ပေးတဲ့ Thrust (တွန်းအား)ဟာ ပန်ကာဧရိယာနဲ့ တိုက်ရိုက် အချိုးကျပါတယ်။ ဒါက သီအိုရီပါ။
ဒါကြောင့် ပန်ကာဒလက်တစ်ခု တစ်ပါတ်လည်တိုင်း Thrust တစ်ခု တက်တယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ ပန်ကာ (၁၁)လက်ဆိုတော့ အပါတ်ရေ (အရေအတွက်အရ) ပိုများပြီး Thrust များများထုတ်နိုင်ပါတယ်တဲ့။
Piper PA-31-T1 လေယာဉ်
MT. Propeller ဆိုတာကလည်း နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ Gerd Muhlbauer ဆိုသူက ၁၉၈၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ပန်ကာဒလက်ဒီဇိုင်း (၂၇) ခုကျော် အသိအမှတ်ပြုလက်မှတ်ရထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
ဥရောပတစ်ဝှမ်းက ပန်ကာတပ်လေယာဉ်တွေရဲ့ ၉၀ ရာခိုင်နှုန်းဂာ MT. Propeller က ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
MT ဟာ ဒီနှစ်၊ စက်တင်ဘာလက ဒလက်(၁၁) ခုပါတဲ့ အင်ဂျင်ကို စတင်စမ်းသပ်ခဲ့ပါတယ်။ ဒီ အင်ဂျင်ကို Piper PA-31-T1 လေယာဉ်မှာ တပ်ဆင်စမ်းသပ်ခဲ့ကြတာပါ။
ပန်ကာ (၁၁)လက်ပါတဲ့ အင်ဂျင်အမျိုးအစားကတော့ ပရက်အင်ဝှစ်တနီ (Pratt &; Whitney) အင်ဂျင် PT6A-135A တာဘိုင်အင်ဂျင် ဖြစ်ပါတယ်။
လေယာဉ်ကို လေထဲမှာ ပျံသန်းစမ်းသပ်နေစဉ်မှာ အင်ဂျင်ရဲ့ ဆူညံမှုနဲ့ အသံဟာ သိသာစွာ ကောင်းမွန်တည်ငြိမ်နေတာ တွေ့ရပါတယ်လို့ MT ကုမ္ပဏီက သတင်းစာတွေကို ပြောခဲ့ပါတယ်။
မြေပြင်က တက်ကာစမှာလည်း လေယာဉ်ဟာ ချောမွေ့စွာ တက်သွားနိုင်ခဲ့ပါတယ်။ လေယာဉ်ရဲ့ အင်ဂျင်ဟာ ပန်ကာ (၅) လက်ပါတဲ့ အင်ဂျင်ထက် (၁၅) ရာခိုင်နှုန်း ပိုမိုစွမ်းဆောင်ရည်ကောင်းမွန်ပြီး Thrust ကို ထုတ်ပေးနိုင်တာ တွေ့ရပါတယ်။
MT ပညာတွေရှင်တွေက ” low r.p.m power supply” နည်းစနစ်ကို ဆက်လက်ကြိုးစားသွာဖို့ လုပ်ဆောင်နေကြပါတယ်။ ဒီစနစ်ကို အောင်မြင်ခဲ့ရင်တော့ တာဘိုင်အင်ဂျင်တွင်မက လျှပ်စစ်မော်တာအင်ဂျင်တွေမှာပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါကတော့ r.p.m (Revolution Per Minute) နည်းနည်းနဲ့ Thrust များများ ထုတ်ယူနိုင်တဲ့စနစ်ပါ။
နောက်ထပ် တင်ပြချင်တာက MT. Propeller ကုမ္ပဏီအကြောင်း ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ပန်ကာဒီဇိုင်းလောကမှာ ဆယ်စုနှစ် နှစ်ခုကြာ လွှမ်းမိုးထားနိုင်တဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။
အင်ဂျင်တစ်လုံးတပ် Pilatus PC-12 လေယာဉ်
သူဟာ ဂျာမဏီနိုင်ငံ၊ Atting မြို့အခြေစိုက် ကုမ္ပဏီ ဖြစ်ပါတယ်။ ဒလက် (၅)ခုပါ အင်ဂျင်နဲ့ ( Reversing Capability) နောက်ဆုတ်လို့ရအောင် တီထွင်ခဲ့လို့ အသိအမှတ်ပြုခံရပါတယ်။
Pilatus PC-12 လေယာဉ်တွေအတွက် ပန်ကာတပ်အင်ဂျင်တွေ ထုတ်ပေးခဲ့တာလည်း သူပါပဲ။ PC-12 တွေက အင်ဂျင်တစ်လုံးတပ် (Single Engine) တွေ ဖြစ်ပါတယ်။
ဒလက် (၅) ခုမှာကတည်းက အသံနဲ့ တုန်ခါမှုကို သိသာစွာ လျော့ချနိုင်ခဲ့တာမို့ ခုလို ပန်ကာ (၁၁)ခုပါတဲ့ အင်ဂျင်တပ် လေယာဉ်နဲ့ဆိုရင် သင့်ရဲ့ ခရီးစဉ်ဟာ ငြိမ့်ညောင်းနေမှာအမှန်ပါပဲလို့ တင်ပြချင်ပါတယ်။
(မှတ်ချက်။ ။ လေယာဉ်အင်ဂျင်နီယာတွေအတွက်တော့ သိပ်မချောင်ဘူး ထင်ပါတယ်။ ဒလက်တစ်ခုစီမှာ Anti-icing လို ရှုပ်ထွေးတဲ့စနစ်တွေပါတာမို့ လုပ်ရကိုင်ရ လက်ဝင်တဲ့အပြင် Balancing လုပ်ရတာလည်း ခက်ခဲမယ်ထင်ပါကြောင်း)
*မန့်ခဲ့ကြပါအုံးဗျ။
Knight News Team
Knight News © 2022