မြို့တစ်မြို့ရဲ့ မြေပြင်အထက် ၂.၅ မိုင်မှာ ပေါက်ကွဲခဲ့တဲ့ ဂြိုဟ်သိမ်တစ်ခု
ကျနော်တို့တွေ့ခဲ့ကြရတဲ့ ကောင်းကင်က အလင်းတန်းဟာ ဂြိုဟ်သိမ်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ အန္တရာယ် ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆၀၀ လောက်က မြို့တစ်မြို့ရဲ့ အပေါ်ဖက် ၂.၅ မိုင်အကွာမှာ ဂြိုဟ်သိမ်တစ်ခုဟာ မီးလောင်ပေါက်ကွဲခဲ့ဖူးပါတယ်။
အခုတော့ သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြု ရှာဖွေဖော်ထုတ်မှုကြောင့် ဒီဖြစ်ရပ်ကို သိရှိခဲ့ကြရပါတယ်။ ဖတ်ရှု့ကြည့်ကြပါအုံးလို့။
မြို့အမည်က အခုတော့ Tall el-Hammam လို့ ခေါ်ပါတယ်။ မြို့သူမြို့သားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆၀၀ လောက်က သူတို့ရဲ့ နေ့စဉ်လုပ်ငန်းတွေကို အေးအေးဆေးဆေးပဲ လုပ်ကိုင်နေခဲ့ကြပါတယ်။
အဲဒီအချိန်မှာပဲ ဂြိုဟ်သိမ်အစိုင်အခဲကြီးဟာ မြို့တည့်တည့်ကို တစ်နာရီ ၃၈,၀၀၀ အမြန်နှုန်းနဲ့ လာနေခဲ့ပါတယ်။ နောက်တော့ ဂြိုဟ်သိမ်အစိုင်အခဲကြီးဟာ မြေပြင်အထက် ၂.၅ မိုင်အကွာမှာ ပေါက်ကွဲခဲ့ပါတော့တယ်။
ပေါက်ကွဲမှုဟာ ဟီရိုရှီးမား အနုမြူဗုံးထက် အဆ ၁၀၀၀ ပိုပြင်းထန်ပါတယ်။ အံ့ဩတုန်လှုပ်နေတဲ့ မြို့သူ၊မြို့သားတွေဟာ စူးရှတဲ့ အလင်းရောင်ကြောင့် ချက်ချင်းပဲ မျက်စိကွယ်သွားခဲ့ကြပါတယ်။
လေထုအပူချိန်ဟာ ၃၆၀၀ ဒီဂရီ ဖာရင်ဟိုက် (၂၀၀၀ ဒီဂရီ စင်တီဂရိတ်) အထိ စက္ကန့်ပိုင်းအတွင်း မြင့်တက်သွားပါတယ်။
လူ့အဝတ်အစားတွေ၊ သစ်သားအဆောက်အဦတွေ ချက်ချင်း မီးလောင်သွားပါတယ်။ ဓါးတွေ၊လှံတွေ၊ သတ္တုတွေအားလုံး အရည်ပျော်သွားပါတယ်။ မြို့တစ်မြို့လုံး ချက်ချင်း မီးလောင်သွားပါတယ်။
စက္ကန့်အနည်းငယ်အတွင်းမှာပဲ မြို့ကို လေပူတွေနဲ့ပြည့်နေတဲ့ လေပွေလှိုင်းကြီးက ရိုက်ခတ်လာပြန်ပါတယ်။ တစ်နာရီ မိုင် ၇၄၀ နှုန်းနဲ့ တိုက်ခတ်လာတဲ့ လေပူလှိုင်းကြောင့် နန်းတော်အပါအဝင် တစ်မြို့လုံးဟာ ချိုင့်ဝှမ်းတစ်ခုထဲကို မှုတ်သွင်းလိုက်သလို ဖြစ်သွားပါတယ်။ တစ်မြို့လုံးက လူ ၈၀၀၀ နဲ့ တိရစ္ဆာန်အားလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။
နောက်တစ်မိနစ်အကြာမှာပဲ Tall el-Hamman မြို့ အနောက်ဖက် ၁၄ မိုင်အကွာက ယေရိခေါမြို့ကို ဝင်ရောက်ရိုက်ခတ်ခဲ့ပါတယ်။ ယေရိခေါမြို့ဟာ သမ္မာကျမ်းစာမှာပါတဲ့မြို့ ဖြစ်ပါတယ်။
ယေရိခေါမြို့ရိုးတွေ ပြိုကျပြီး မြို့ဟာလည်း မီးလောင်သွားပါတယ်။ အခုတင်ပြခဲ့တဲ့ မြို့ ၂ မြို့ဟာ အခုဆိုရင် ဂျော်ဒန်နိုင်ငံရှိ ပင်လယ်သေ ဒေသရဲ့ အရှေ့မြောက်ဖက် (၇)မိုင် အကွာမှာ တည်ရှိခဲ့တာ ဖြစ်ပါတယ်။
အခု ဒီအဖြစ်အပျက်တွေ မှန်ကန်ကြောင်း ပညာရှင်တွေ ဘယ်လို ဖော်ထုတ်ခဲ့ကြတာကို ဆက်လက်တင်ပြပါ့မယ်။
ရာနဲ့ချီတဲ့လူတွေကို သုံးပြီး ၁၅ နှစ်ကြာအောင် တူးဖော်မှုတွေ၊ စမ်းသပ်မှုတွေကို လုပ်ခဲ့ကြရပါတယ်။ အမေရိကန်၊ ကနေဒါနဲ့ ချက်သမ္မတနိုင်ငံက ပညာရှင်တွေ လူဦရေ နှစ်ဒါဇင်ကျော်ပါဝင်တဲ့ အဖွဲ့ဟာ တူးဖော်ရရှိတဲ့ ပစ္စည်းတွေ၊ အသေးစိတ်ခွဲခြမ်း စိတ်ဖြာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဖွဲ့ထဲမှာ ရှေးဟောင်း သုတေသနပညာရှင်တွေ၊ ဓါတုဗေဒ ပညာရှင်တွေ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ စသဖြင့် အစုံအလင် ပါဝင်ကြပါတယ်။
ပညာရှင်တွေ တူးဖော်ကြတဲ့အခါ (၅) ပေလောက်ထူတဲ့ မီးသွေးတွေ၊ ပြာတွေအရည်ပျော်နေတဲ့ မြေအိုးအပိုင်းအစတွေကို တွေ့ခဲ့ရပါတယ်။ ဒါဟာ ရှေးကဖြစ်ခဲ့တဲ့ မီးမုန်တိုင်းကြောင့်ဆိုတာ သိသာစေပါတယ်။
မီးတောင်ပေါက်ကွဲတာ၊ ငလျင်လှုပ်တာ ဒါမှမဟုတ် စစ်ပွဲတွေကြောင့်ဆိုရင် ဒီလိုထူထဲတဲ့ ပြာထုနဲ့ အရည်ပျော်အကြွင်းအကျန်တွေကို မဖြစ်စေနိုင်ပါဘူးတဲ့။
ဆက်လက်သုတေသနပြု ဖော်ထုတ်ချက်တွေအရ Tall el-Hamman မြို့ဟာ ဂြိုဟ်သိမ်ကြောင့် ပျက်စီးခဲ့ရတယ်ဆိုတာ ပိုသေချာစေခဲ့ပါတယ်။
အဲဒါကတော့ Cosmic Ray ထိလို့ ပျက်စီးရတဲ့ အရာတွေရယ်၊ နျူကလီးယားပေါက်ကွဲမှုကြောင့် ဖြစ်ရတဲ့အရာနဲ့ သဏ္ဍာန်တူတာတွေကိုပါ တွေ့ခဲ့ရလို့ ဖြစ်ပါတယ်။
ဒါဟာ ၁၉၀၈ ခုနှစ်က ရုရှားနိုင်ငံ Tunguska ဒေသမှာ ကျရောက်ခဲ့တဲ့ ဥက္ကာခဲရဲ့ သက်ရောက်မှုနဲ့ တူခဲ့ပါတယ်။ အဲဒီတုန်းကလည်း သစ်တောတစ်ခုလုံး သစ်ပင်တွေ ပြိုလဲခဲ့ရပါတယ်။
တခြားသိသာစေတဲ့ အချက်ကတော့ Tall el-Hamman မှာ တူးဖော်ရင်း စိန်တွေကို တွေ့ခဲ့ရတာပါ။ ကာဗွန်ကို မြင့်မားတဲ့အပူချိန်နဲ့ မြင့်မားတဲ့ ဖိအားပေးရင် စိန်ဖြစ်စေနိုင်ပါတယ်။တစ်လက်မကို ၇၂၅,၀၀၀ ပေါင်လောက်နဲ့ ဖိအားပေးရတာ ဖြစ်ပါတယ်။
မြို့ရဲ့ ပြထုအောက်မှာ စိန်တုံးငယ်တွေကို အများအပြား တွေ့ရတာ ဖြစ်ပါတယ်။ ဒါဟာ ပြင်းထန်တဲ့ ဖိအားနဲ့အပူချိန်ကို ဂြိုဟ်သိမ်ပေါက်ကွဲမှုက ရရှိပြီး စိန်အဖြစ်ပြောင်းလဲစေတာ ဖြစ်ပါတယ်။
တချို့သဲတွေဟာ အရည်ပျော်ပြီး လုံးဝန်းတဲ့ စက်လုံးတွေအဖြစ် ကျန်ရှိနေကြပါတယ်။ ဒီလို အရည်ပျော်ပြီး အေးခဲသွားတဲ့ သဲလုံးကြီးတွေဖြစ်ဖို့ဆိုတာ အနည်းဆုံး အပူချိန် ၁၂၀၀ ဒီဂရီ စင်တီဂရိတ်လောက် လိုပါတယ်။
ထပ်ဖြည့်ရရင်တော့ တချို့နေရာတွေမှာ မှန်သားလို တဖျတ်ဖျတ်လက်နေတဲ့အရာတွေ အများအပြားကိုပါ တွေ့ခဲ့ကြရပါတယ်တဲ့။ ပါဝင်တဲ့ အီရီဒီယမ် (Iridium) သတ္တုတွေဟာ ဒီလို အရည်ပျော်ဖို့ဆိုရင် ၂၄၀၀ ဒီဂရီ စင်တီဂရိတ်လောက်လိုပါတယ်။
ဒီသက်သေပြချက်တွေက မြို့ကို ဂြိုဟ်သိမ်ပေါက်ကွဲမှုက ဖျက်စီးခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ်။
ဒါကြောင့် ကောင်းကင်ယံက ဖြတ်သန်းသွားတဲ့ အံ့ဩဖွယ်အလင်းတန်းဟာ မျက်စိပသာဒ ဖြစ်စေပေမဲ့ ကြောက်စရာ အန္တရာယ်လဲ ပေးစွမ်းနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Knight News Team
Knight News © 2022