ကမ္ဘာတစ်ဝှမ်းမှ သဘာဝအတိုင်း လှပနေသော ပန်းရောင်ရေကန်ကြီးများ

ကမ္ဘာတစ်ဝှမ်းမှ သဘာဝအတိုင်း လှပနေသော ပန်းရောင်ရေကန်ကြီးများ

ရေကန်တစ်ကန်ကို ပုံဖော်ကြည့်သည့်အခါ စတော်ဘယ်ရီရောင်နို့ရည်များပြည့်နေသော လှပစွဲမက်ဖွယ်ရာ ရေကန်များအကြောင်းတွေးကြည့်ဖူးပါသလား၊ မဖြစ်နိုင်စရာတစ်ခုဟု ထင်မြင်ဖွယ်ရာရှိပါသည်။

သို့သော် ကျွန်ုပ်တို့နေထိုင်ရာ ဤကမ္ဘာမြေပေါ်တွင် ပုံပြင်ထဲကကဲ့သို့ ညို့ယူဖမ်းစားနိုင်သော ပန်းရောင်ရေကန် ကြီးများ အမှန်တကယ်ပင်တည်ရှိနေပါသည်။ ထိုရေကန်ကြီးများသည် သဘာဝကို ချစ်မြတ်နိုးသူများ အတွက် လှပရှုချင့်စဖွယ်ဖြစ်ရုံသာမက ဆားထုတ်လုပ်ပေးနိုင်သော ရေကန်ကြီးများလည်း ဖြစ်ပါသည်။

၁။ လဂူးနား ကိုလိုရားဒါး (ဘိုလီးဗီးယား)

ဘိုလီးဗီးယား အနောက်တောင်ဘက်ရှိ လဂူးနား ကိုလိုရားဒါး (Laguna Colorada) သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁ဝဝဝဝ တွင်ရှိ သည်။ လိမ္မော်ရင့်ရောင်ဆားရေကန်ဖြစ်ပြီး မျိုးသုဉ်း ပျောက်ကွယ်လုဖြစ်နေသော ဂျိမ်းစ်ကြိုးကြာငှက်များ (James Flamingos) ၏ နေထိုင်ရာဒေသဖြစ်သည်။

အလျား ၁ဝ ဒသမ ၇ ကီလိုမီတာ၊ အကျယ် ၉ ဒသမ ၆ ကီလိုမီတာနှင့် အနက်မှာ ဝ ဒသမ ၃၅ မီတာဖြစ် သည်။ အနီရောင် (လိမ္မော်ရင့်ရောင်) သန်းနေသောရေ များသည် ရေကန်ထဲတွင်ပါသော အနီရောင် အနည် အနှစ်များကြောင့်ဖြစ်သည်။

ထိုရေကန်သည် သွားလာ ရလွယ်ကူသောနေရာတွင်ရှိသည်။ ဘေးပတ်လည်တွင် ကျေးရွာများ ဝန်းရံထားသည်။ အပူချိန်မှာ အရုဏ် တက်ချိန်တွင် အေးခဲနေတတ်ပြီး နွေရာသီတွင်မူ သာယာသောနေရာတစ်နေရာဖြစ်သည်။

၂။ ဟေလီယာရေကန်(ဩစတြေးလျ)

ဟေလီယာရေကန်သည် ဩစတြေးလျ အနောက်ဘက်တွင်တည်ရှိပြီး ပန်းရောင် ဟေလီယာရေကန် (Pink Lake Hillier) ဟုလည်းခေါ်သည်။ အလျား ၆၀၀ မီတာနှင့် အကျယ် ၂၅၀ မီတာခန့်သာရှိသောထိုရေ ကန်ကြီးသည် ပစိဖိတ်သမုဒ္ဒရာဘေးတွင် တည်ရှိသည်။

အပေါ်စီးမှမြင်ရသောအခါ ရေကန်ကြီး၏ အလှတရားမှာ အံ့မခန်းပင် ဖြစ်သည်။ မြောက်ဘက်တွင် အပြာရောင် သမုဒ္ဒရာရေပြင်ကြီးဝန်းရံလျက် ဘေးပတ် လည်တွင် အစိမ်းရောင်အပင်ကြီးများခြံရံ ထားသော စတော်ဘယ်ရီရောင်ရေကန်ကြီး မှာ ရင်သပ်ရှုမောဖွယ်ပင်ဖြစ်သည်။

ထိုသို့ပန်းရောင်ရေကန်ကြီးဖြစ်နေရခြင်းမှာ ဒူနာလီအဲလာ(Dunaliella) ဟုခေါ်သောရေညှိတစ်မျိုး ပါဝင်နေခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် ဆား နှင့် ဘိုင်ဆိုဒီယမ်ကာဗွန်နိတ်ပေါင်းစပ်ထား ခြင်းကြောင့်လည်း ရေများကို ပန်းရောင်ဖြစ်စေသည်ဟုဆိုသည်။

ဆားရေကန်ဖြစ်သော်လည်း ရေကူးသူများအတွက် ဘေးအန္တရာယ် မရှိပေ။ ဟေလီယာရေကန်ကို ၁၈ဝ၂ ခုနှစ်တွင် လေကြောင်းပြ မြေပုံဆွဲဆရာ မက်သရူးဖလင်ဒါ (Matthew Finders) က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၃။ ဟတ်ထုံးအိုင် (ဩစတြေးလျ)

ဟတ်ထုံးအိုင် (Hutt Lagoon) သည် ဩစတြေးလျနိုင်ငံ၊ ဟတ်မြစ်မြောက်ဘက် ကမ်းရိုးတန်းအနီးရှိ လှပသောပန်းရောင်ဆားရေအိုင်ကြီးတစ်ခုဖြစ်သည်။ အလျား ၁၄ ကီလိုမီတာ၊ အကျယ် ၂ ဒသမ ၃ ကီလို မီတာနှင့် အနက် ဝ ဒသမ ၆၅ မီတာရှိသည်။

ဂျော့ဂရေး (George Grey) ဆိုသူက ရှာဖွေတွေ့ရှိ တွေ့ရှိခဲ့ခြင်းဖြစ် သည်။ ဩစတြေးလျနိုင်ငံ၊ Coral Coast အဖွဲ့မှ လေ့လာချက်အရ ရေကန်ကြီး၏ အရောင်သည် ဒူနာလီအဲလာ (Dunaliella) ဟုခေါ်သော ရေညှိပါဝင်ခြင်းကြောင့် ပန်းရောင်ဖြစ်နေခြင် းဖြစ်သည်။

ရေကန်အရောင်သည် ရာသီဥတုနှင့် အချိန်အခါကိုလိုက်၍ ပြောင်းလဲလေ့ရှိသည်။ တစ်ခါတစ်ရံ ခရမ်းဖျော့ရောင် ဖြစ်နေတတ်သည်။ ဆားအိုင်ဖြစ်သော ဟတ်ရေအိုင် မှ ဂျစ်ပဆမ် (Gypsum) သည် ၁၈၇၃ ခုနှစ်တွင် ဆစ်ဒနီအင်တာကိုလိုနီရယ်ပြပွဲ (Sydney Intercolonial Exhibition) ၌ ကြေးတံဆိပ်ဆုရရှိခဲ့သည်။၁၈၈၀ ပြည့်နှစ်တွင် မဲဘုန်းပြပွဲ (Melbourne Exhibition) ၌ ဟတ်ရေအိုင်မှ ဆားများကို ပြသခွင့်ရခဲ့ သည်။

၄။ စလီနာဒီတိုရီဗီရာဂျာရေကန် (စပိန်)

စပိန်နိုင်ငံရှိ စလီနာဇီတိုရီဗီရာဂျာရေကန် (Salina De Torrevieja) သည် အံ့ဩမှင်တက်ဖွယ်နေရာ တစ်ခုဖြစ်ပြီး အာခေးအက်စ် (Archaeas)နှင့် ဒူနာလီအဲလာ (Dunaliella) တို့ကဲ့သို့ ဗက်တီးရီးယား များပါဝင်နေသည့်အတွက် ထူးခြားသည့်ပန်းရောင် ရေပြင်ကို ဖြစ်စေသည်။

ကြိုးကြာငှက်ပေါင်း ၂ဝဝဝ ခန့် ကျက်စားနေထိုင်ရာနေရာတစ်ခုလည်းဖြစ်သည်။ ထိုရေကန်ကြီး၏ထူးခြားချက်တစ်ခုမှာ ကြိုးကြာနီများ ရေကန်ကြီးထဲတွင် ပျော်ပါးလေ့ရှိပြီး ပန်းရောင်ရေ ကန်ကြီးနှင့် လိုက်ဖက်နေခြင်းပင်ဖြစ်သည်။

The Culture Trip ၏လေ့လာချက်အရ ဆားတောင်ကုန်းများကို ရေကန်အစွန်းဘက်တွင် တွေ့မြင်နိုင်သည်ဟုဆို သည်။ ထင်းရှူးပင်များနှင့် ယူကလစ်ပင်များရှိတတ် သော်လည်း ဆားပမာဏများသော နေရာများတွင် အပင်များကိုမတွေ့ရပေ။

ထိုရေကန်ကြီး၏ အေးမြသောရေများသည် ကျန်းမာရေးကို အထောက်အကူ ပြုသည့်အပြင် အရေပြားနှင့် အဆုတ်ရောဂါများကိုပါ တားဆီးပေးနိုင်သည်။ သဲဖြူဖြူများ ခန္ဓာကိုယ်ပေါ်ဖြူး ပေးခြင်းဖြင့် ဆဲလ်သေများကိုဖယ်ရှားပေးပြီး အရေပြား ကို ချောမွေ့စေသည်။

ရွှံ့မည်းမည်းများကို မျက်နှာပေါ်တွင် မိနစ် ၃ဝ ခန့် လိမ်းပေးခြင်းဖြင့် အရေပြားကို အစိုဓာတ်ရစေသည်၊ စလီနာဒီတိုရီဗီရာဂျာရေကန်ကြီးမှာ အရေပြားကုထုံးဆိုင်ရာ သဘာဝအလှပြင်ခန်းကြီး တစ်ခုကဲ့သို့ပင် ဖြစ်နေပါသည်။

၅။ ရက်ဘာရေကန် (ဆီနီဂေါ)

ရက်ဘာရေကန် (Lake Retba)သည် အာဖရိကအနောက်မြောက်ပိုင်း၊ မြို့တော် ဒါကာ၏ အရှေ့မြောက်၊ ကီလိုမီတာ ၃၀ အကွာ ဆီနီဂေါ (Senegal) အနီးတွင် တည်ရှိသည်။ Lake Retba ကို Lac Rose ဟုလည်း ခေါ်သည်။ ပန်းရောင်ရေကန်ဟု အဓိပ္ပာယ်ရသည်။ ထိုရေကန်ကြီးသည်လည်း ဒူနာလီအဲလာ (Dunaliella) ရေညှိပါဝင်ပြီး ဆားပါဝင်မှု ၄၀ ရာခိုင်နှုန်းအထိရှိသည်။ ၃ စတုရန်းကီလိုမီတာရှိပြီး ၃ မီတာခန့်နက်သည်။

အနောက်အာဖရိကရှိ အမျိုးသား အမျိုးသမီးများသည် တစ်နေ့လျှင် ၆ နာရီမှ ၇ နာရီအထိ ထိုရေကန်ကြီးတွင် အလုပ်လုပ်ကြသည်။ ရေကန်ထဲရှိငါးများသည် ပုံမှန်ပတ်ဝန်းကျင်ရှိ ငါးများထက် ၄ ဆအရွယ်ငယ်နေခြင်းမှာ ဆားပါဝင်မှုများသောကြောင့်ဖြစ်သည်။

ရေကန်ကြီး၏အလှတရားကို ဓာတ်ပုံဖြင့် မှတ်တမ်းတင်လိုသော် နိုဝင်ဘာလနှင့် ဇွန်လအကြား ခြောက်သွေ့ သောအချိန်သည် အကောင်းဆုံးအချိန်ဖြစ်သည်။ ဇူလိုင်နှင့် အောက်တိုဘာလအတွင်းသည် ပန်းရောင်ဖျော့သောကာလများဖြစ်၍ အရောင်မှိန်သောရေကန်ကြီးကိုသာ တွေ့ရမည်ဖြစ်သည်။

ပန်းရောင်ရေကန်ကြီးများသည် သဘာဝတရားက ဖန်တီးပေးထားသော ရတနာများပင်ဖြစ်သည်။ ထို ရေကန်ကြီးများတည်ရှိနေခြင်းသည် သဘာဝတရား၏ အလှအပများကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း၏ သင်္ကေတလည်းဖြစ်သည်။

ထိုရေကန်ကြီးများနည်းတူ ကမ္ဘာမြေပြင်ပေါ်ရှိ သဘာဝကပေးထားသောအဖိုးတန် လက်ဆောင်များကိုလည်း ကမ္ဘာပေါ်တွင် အတူတကွ နေထိုင်ကြသော လူသားများကသာ ဆက်လက်ထိန်း သိမ်းစောင့်ရှောက်ထားရန် လိုအပ်ပါသည်။

Author-အေးမို့

Leave a Reply

Your email address will not be published. Required fields are marked *