ဖိလစ်ပိုင်နိုင်ငံက နာမည်ကျော် ချောကလက်တောင်ကုန်းများ

ဖိလစ်ပိုင်နိုင်ငံက နာမည်ကျော် ချောကလက်တောင်ကုန်းများ

ဖိလစ်ပိုင်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်သည့်နေရာအမြောက်အမြားရှိနေပြီး ၎င်းတို့အနက် Chocolate Hils ဟုလူသိများသည့် ချောကလက်တောင်ကုန်းငယ်လေးများလည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။

၎င်းကောင်ကုန်းငယ်များသည် ဖိလစ်ပိုင်နိုင်ငံ၏ ၁၀ ခုမြောက် အကြီးဆုံးကျွန်းဖြစ်သည့် ဘိုဟိုး ကျွန်း၏အလယ်တွင် တည်ရှိနေသည်။ ၎င်းနေရာ၏ မိုင်၂ဝ ပတ်လည်အတွင်း ထောင်ပူစာငယ် ၁၇၇၆ ခု သည် ဖြန့်ကြက်လျက်တည်ရှိနေပါသည်။

တောင်ပူစာငယ်လေးများပေါ်တွင် မြက်များပေါက်ရောက်နေပြီး ခြောက်သွေ့ သည့်ရာသီဥတုမျိုး၌ ၎င်းမြက်များ၏ အရောင်မှာ အညိုရောင်ဖြစ်နေတတ်သည်။ အဝေးမှကြည့် လျှင် ချောကလက်အရောင်နှင့်ဆင်တူသောကြောင့် ၎င်းတောင်ကုန်းများ၏ အမည်ကို ချောကလက်တောင် ကုန်းများဟုခေါ်ဝေါ်ကြခြင်းဖြစ်သည်။

၎င်းတောင်ကုန်းများ၏ အမြင့်မှာ အနိမ့်ဆုံး ပေ ၉၀ မှ အမြင့်ဆုံး ပေ ၄ဝဝ ဝန်းကျင်ခန့်အထိရှိသည်။ ထူးထူး ခြားခြားတည်ရှိနေသည့် ချောကလက် တောင်ကုန်းများသည် ဘိုဟိုးကျွန်း၏ ရတနာအဖြစ် တင်စားခေါ်ဝေါ်ခြင်းခံရ သလို ဖိလစ်ပိုင်နိုင်ငံ၏ ၃ ခုမြောက် အမျိုးသားသဘာဝ အမွေအနှစ်နေရာ တစ်ခုအဖြစ်လည်း သက်မှတ်ထိန်းသိမ်း ခြင်းခံထားရပေသည်။

ကမ္ဘာပေါ်ရှိ အထင်ကရနေရာများ တွင် ဒေသအလိုက်မတူညီသည့် ဒဏ္ဍာရီ ပုံပြင်များရှိတတ်ကြသည်။ နေရာတစ်ခု ၏ရာဇဝင်သည် ၎င်းနေရာအား အဓိက ဖော်ညွှန်းပေးနိုင်သော အချက်တစ်ချက်လည်းဖြစ်ပေသည်။ ချောကလက်တောင် ကုန်းများတွင်လည်း ထူးခြားသည့် ရာဇဝင်၊ ပုံပြင်များနှင့် ပြည့်နှက် နေပေသည်။

ပထမပုံပြင်မှာ တစ်ချိန်က ထိုနေရာတွင် ဧရာမ လူကြီးများနေထိုင်ခဲ့ကြပြီး ၎င်းတို့အချင်းချင်း စကား များရန်ဖြစ်ကြရာမှ တစ်ယောက်နှင့် တစ်ယောက် ဧရာမကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြသည်ဟု ဆိုသည်။

နောက်ဆုံးတွင် နှစ်ယောက်စလုံးမောပန်းကာ ခြေကုန်လက်ပန်းကျသွားပြီး တစ်ယောက်ကို တစ်ယောက်ခွင့်လွှတ်နားလည်ကာ ဆက်လက်တိုက် ခိုက်ခြင်းမရှိတော့ဘဲ သူငယ်ချင်းများဖြစ်သွားကြလေ သည်။

သို့သော် ၎င်းတို့ရန်ဖြစ်စဉ်က ပစ်ခဲ့သည့် ကျောက်တုံးများကို ပြန်လည်ရှင်းလင်းခြင်းမရှိသည့် အတွက် ၎င်းကျောက်တုံးများသည် နှစ်ကာလများစွာ ကြာမြင့်ပြီးသည့်နောက် ယခုတွင် ချောကလက်တောင် ကုန်းများဖြစ်လာကြလေသည်၊

ဒုတိယပုံပြင်မှာ အချစ်ပုံပြင်တစ်ခုဖြစ်ပြီး ရှေးယခင်က ထိုနေရာတွင် Arogo ဆိုသည့် ဧရာမလူကြီး တစ်ယောက်နေထိုင်ခဲ့သည်ဟုဆို၏။ ထို Arogo ဆို သူသည် သာမန်လူသားမိန်းမတစ်ယောက်ဖြစ်သည့် Aloya နှင့်ချစ်ကြိုက်ခဲ့လေသည်။

Aloya သေဆုံးသွား သောကြောင့် Arogo မှာ အလွန်ဝမ်းနည်းခဲ့ကာ သူ့ချစ်သူကိုလွမ်းသည့်စိတ်ဖြင့် နေ့စဉ်ရက်ဆက်ငိုကြွေး ခဲ့ရလေသည်။ ထိုသို့ငိုကြွေးရင်း သူ့မျက်ရည်များ ခန်းခြောတ်သွားသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံး သည်လည်း စိမ်းလန်းမှုများပျောက်ကွယ်၍ ခြောက် သွေ့လွမ်းမောဖွယ်ရာဖြစ်ခဲ့ရလေသည်။

နောက်ပိုင်း တွင် စိမ်းလန်းမှုမရှိတော့ဘဲ ချောကလက်ရောင် တောင်ကုန်းများအဖြစ်သာ ကျန်ရှိတော့သည်ဟု ပြော ဆိုကြသည်။

နောက်ပုံပြင်တစ်ခုမှာလည်း စိတ်ဝင်စားဖွယ် ကောင်းပေသည်။ ရှေးယခင်က ၎င်းနေရာတွင် ဧရာမ ကျွဲဆိုးတစ်ကောင်ရှိပြီး ရွာသားများ၏ ကောက်ပဲသီးနှံ များကို ဖျက်ဆီးစားသောက်ပစ်လေ့ရှိသည်။

ထိုကျွဲဆိုး ကိုနှိမ်နင်းရန်အတွက် ရွာသားများသည် ပုပ်သိုး ဆွေးမြည့်နေသော အသီးအနှံနှင့် အစားအစာများကို ကျွဲဆိုးလာလေ့ရှိသည့်လမ်းကြောင်းတွင် ချထားလိုက် ကြသည်။

ကျွဲဆိုးရောက်လာပြီး ၎င်းအသီးအနှံများကို စားကာ မကြာမီမှာပဲ ဝမ်းပျက်ပါတော့သည်။ ဝမ်းဗိုက်အလွန်အမင်းနာကျင်သောကြောင့် ကျွဲဆိုးသည် ၎င်းနေရာကိုစွန့်ခွာသွားခဲ့ရသည်။

သို့ပေမယ့် ဝမ်းပျက် ခြင်းကြောင့် အလွန်ကြီးမားသည့် မစင်ပုံကြီးများကို ၎င်းနေရာတွင်စွန့်ခဲ့ရာကနေ ချောကလက်တောင် ကုန်းများဖြစ်လာခဲ့သည်ဟုဆို၏။

ဒဏ္ဍာရီဆိုသည်မှာ စိတ်ကူးယဉ်သက်သက်ပင် ဖြစ်ပေသည်။ သို့ပေမဲ့ လက်တွေ့ အများစုယုံကြည်ထား ကြသည့်အကြောင်းရင်းကတော့ ထိုနေရာတွင် တစ်ချိန် က ထုံးကျောက်ဆောင်ကြီးတွေရှိခဲ့သလို မြစ်တွေ လည်းရှိခဲ့သည်ဟုဆိုသည့် အကြောင်းရင်းပင်ဖြစ်ပေ သည်။

ထိုမြစ်ရေများနှင့် တိုက်ခတ်သည့်လေများသည် နှစ်ပေါင်းများစွာကြာအောင် ထုံးကျောက်ဆောင်ကြီး များကို တိုက်စားပစ်ရာကနေ ယခုလိုတောင်ကုန်းငယ် လေးများဖြစ်လာသည်ဟုဆိုပါသည်။

တောင်ကုန်းငယ် ၁ဝဝဝ ကျော်ရှိသည့်အနက် ၂ ခုကိုသာ ခရီးသွားကဏ္ဍအတွက် အစိုးရကဖွင့်လှစ်ပေးထားပါသည်။ တစ်ခုကို View Point အဖြစ် ဖန်တီး ထားပြီး နောက်တစ်ခုကို Hotel အပန်းဖြေစခန်း အဖြစ် ဖန်တီးပေးထားပါသည်။

ယင်းနေရာတစ်ဝိုက် ကို Chocolate Hills Adventure Park ဟုခေါ်ပြီး လာရောက်လည်ပတ်သူများသည် လေပေါ်တွင် ကြိုးတန်းစက်ဘီးစီးခြင်း၊ ကြိုးတန်းလမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ နံရံတွယ်တက်ခြင်းနှင့် မြင်းစီးခြင်း စသည့် အားကစားနည်းမျိုးစုံကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ ဖိလစ်ပိုင်နိုင်ငံ ဘိုဟိုးကျွန်းရှိ ချောကလက်တောင်ကုန်းများသည် ကမ္ဘာလှည့်ခရီးသွားများစွာကို ဆွဲဆောင်နေသည့် နေရာတစ်ခုပင်ဖြစ်ပေသည်။

ခရက်ဒစ်-ပြည့်စုံထက်ကျော်
Ref: Thutazone

Leave a Reply

Your email address will not be published. Required fields are marked *