ကမ္ဘာတွင်ထင်ရှား မြန်မာ့ပတ္တမြား

ကမ္ဘာတွင်ထင်ရှား မြန်မာ့ပတ္တမြား

ကျောက်မျက်ရတနာတို့ကို လူတို့ပြုပြင်ပြီးနောက် အလှအပ အသုံးအဆောင်အဖြစ်ဖြင့် ဝတ်စားဆင်ယင်ကြလေ့ရှိ ကြသည်။ ကျောက်မျက်တို့သည် အများအားဖြင့် တွင်းထွက် ကျောက်များဖြစ်ကြသော်လည်း ကျောက်မျက်မျိုးတွင် ပါဝင်သော ပုလဲ၊ သန္တာနှင့်ပယင်းတို့မှာမူ တွင်းထွက်ကျောက်မျက်များမဟုတ် ကြပေ။

ကမ္ဘာပေါ်တွင် အဖိုးတန်ကျောက်အမျိုးအစားပေါင်း ၁၂ဝ ခန့်ရှိ၍ ၎င်းတို့အနက်မှ ၂၅ မျိုးခန့်သာလျှင် အသုံးများကြသည်။ ကျောက်မျက် ရတနာများစာရင်းတွင် စိန်၊ ပတ္တမြား၊ မြနှင့်နီလာ ၄ မျိုးသာလျှင် အဖိုးအတန်ဆုံးဖြစ်ပြီး ကျန်ကျောက်စိမ်း ပယင်း၊ မဟူရာ စသည်တို့မှာ အလတ်စားအဖိုးတန်ကျောက်မျက်များဖြစ်ကြသည်။

ကျောက်မျက်များသည် လူတို့၏ နေထိုင်စားသောက်မှုတို့အတွက် မရှိလျှင်မဖြစ်သောအရာများမဟုတ်ပေ။ သို့သော်လည်း လှပသောပစ္စည်းကို နှစ်သက်တပ်မက်ခြင်း၊ ရှားပါးသောပစ္စည်းကို တန်ဖိုးထား၍ ထိုပစ္စည်းမျိုးပိုင်ဆိုင်မှု၌ ဂုဏ်ယူတတ်ခြင်းမှာ လူတို့၏ သဘာဝဖြစ်သည့်အားလျော်စွာ အရောင်အသွေး အားဖြင့် ပြောင်လက်လှပခြင်း၊

တာရှည်အသုံးခံခြင်း၊ ရှားပါးခြင်းစသောဂုဏ်များနှင့်ပြည့်စုံသည့် ကျောက်မျက်များကို လူတို့သည် ဒေသမရွေး၊ ခေတ်မရွေးဘဲ အလွန်ရှေးကျသောကာလကပင် မြောက်မြားစွာ တန်ဖိုးထားကာ ထူးထူးခြားခြား ခုံမင်မြတ်နိုးလာခဲ့ကြသည်။

ကျောက်မျက်အမျိုးမျိုးရှိသည့်အနက် လူမျိုးအလိုက် အကြိုက်တစ်မျိုးစီရှိကြသည်။ ဥရောပတိုက် သားများက အမာဆုံးနှင့် အတောက်ပဆုံးဖြစ်သော စိန်ကို ကျောက်မျက်တို့၏ ဘုရင်ဟု ဆိုကြသည်။

တရုတ်လူမျိုးတို့က ကျောက်စိမ်းကို အထူးသဖြင့် နှစ်သက်ကြသည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတွင်မူ ရှေးမင်းများလက်ထက်မှစ၍ ပတ္တမြားကိုသာလျှင် တော်ဝင်ရတနာအဖြစ်ဖြင့် အစဉ်အဆက်မှတ်ယူ၍ တန်ဖိုးအထူးထားကြလေသည်။

ကျောက်မျက်ထဲတွင် အမာဆုံးကျောက်မျက်မှာ စိန်ဖြစ်ပြီး ဒုတိယအမာဆုံးကျောက်မျက်မှာ ပတ္တမြား ဖြစ်သည်။ ပတ္တမြားကို စိန်လောက်ကြီးကြီးမားမား တွေ့ရလေ့မရှိပေ။ ထို့ကြောင့် အရွယ်ချင်းတူပါက ပတ္တမြားသည် စိန်ထက်ပင် တန်ဖိုးကြီးတတ်ကြသည်။

အရွယ်ကြီး၍ အရည်အသွေးလည်းကောင်း အနာအဆာလည်းလွတ်ကင်းသော ပတ္တမြားတစ်လုံးသည် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးနိုင်ပေရာ မြန်မာ ဘုရင်များလက်ထက်က အလွန်ထင်ရှားခဲ့သော ပတ္တမြားငမောက်မှာ ပြည်တန်သည်ဟုပင် အဆိုရှိလေသည်။ ယခုအခါ အိန္ဒိယနိုင်ငံ မဟာရာဂျာ(စော်ဘွား)အချို့၌ မြို့ကြီးများလောက် အဖိုးတန်သည့် ပတ္တမြားရှိသည်ဟု သိရှိရသည်။

ကမ္ဘာပေါ်တွင် အကြီးဆုံးပတ္တမြားမှာ ကရက် ၅ဝ မျှလေး၍ ထိုပတ္တမြားကိုလည်း အိန္ဒိယမဟာရာဂျာ တစ်ဦးက ပိုင်ဆိုင်သည်ဟု သိရှိရပေသည်။ ဆွီဒင်နိုင်ငံ တတိယ၀ပ်စတားဗပ်ဘုရင်က ရုရှားနိုင်ငံ ကက်သရင်း ဘုရင်မသို့ လက်ဆောင်ပေးသည်ဟု ယုံကြည်ရသည့် ပတ္တမြားသည် ခိုဥလောက်ကြီးသည်ဟု ဆိုသည်။

အခြားကမ္ဘာကျော် ပတ္တမြားတစ်လုံးမှာ အင်္ဂလန်နိုင်ငံ ဆဋ္ဌမဂျော့ချ်ဘုရင်နန်းတက်စဉ်က ဆောင်းခဲ့သည့် သရဖူတွင် တပ်ဆင်ပါရှိသော ပတ္တမြားကြီးဖြစ်၍ ယင်းမှာ အလျား ၂ လက်မ၊ အနံ ၁ ဒသမ ၅ လက်မ ရှိလေသည်။

ကမ္ဘာပေါ်တွင် ပတ္တမြားနှင့် ကျောက်နီတူးဖော် ရရှိသည့် အရပ်ဒေသများမှာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် သီဟိုဠ်ကျွန်းတို့ဖြစ်ကြ၍ အကောင်းဆုံးပတ္တမြား များကိုမူ မြန်မာနိုင်ငံ မိုးကုတ်နယ်မှရရှိသည်။

မြန်မာ့ ပတ္တမြားသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာကပါ တန်ဖိုးထားကြသော တွင်းထွက်တစ်မျိုးဖြစ်သည်။ ပတ္တမြားကို ရှေးအစဉ်အဆက် နန်းသုံးတော်ဝင်ရတနာ အဖြစ် အသုံးပြုခဲ့ကြောင်းကို စာပေအထောက်အထားများအရရော ထွက်ရှိနေသော တွင်းထွက်များအရပါ သိရှိနိုင်ပေသည်။

ပတ္တမြားကို သာမန်အားဖြင့် တာပလာကျောက်၊ လုံးချောကျောက်နှင့်ကြိုးကျောက်ဟူ၍ ယေဘုယျအား ဖြင့် အမျိုးအစား ၃ မျိုး ခွဲခြား သတ်မှတ်နိုင်ပါသည်။ တာပလာကျောက်ဆိုသည်မှာ အကွက်များဖော် ထားသော ကျောက်မျိုးကိုခေါ်ပါသည်။

ထိုတာပလာ ကျောက်အဖြစ် အသုံးပြုနိုင်သော ကျောက်၏ အသားသည် မှန်သား၊ ဖန်သားများကဲ့သို့ ကြည်လင်သော ကျောက်သားရှိသောကျောက်မျိုးကိုသာ တာပလာ ကျောက်အဖြစ်သွေးရသည်။

လုံးချောကျောက်မှာမူ အရည်အသွေးကောင်းမွန် သော်လည်း အသားမှာ ဖယောင်းသားဟုခေါ်သော သိပ်သည်းသောအသားရှိသည်။ အရည်အသွေးလှပ သော်လည်း ကြည်လင်တောက်ပြောင်မှု အားနည်း သည်။

ထို့ကြောင့် ၎င်းကျောက်မျိုးကို တာပလာကွက် ဖော်၍ သွေးပါက မှန်သား၊ ဖန်သားရှိသော ကျောက် မျိုးကဲ့သို့ ကြည်လင်လှပတောက်ပြောင်သော အရည် ပွင့်သောကျောက်ဖြစ်မလာဘဲ ပျစ်ချွဲနေမည်ဖြစ်သည်။

ထိုကဲ့သို့ ဖယောင်းသားကျောက်မျိုးကို လုံးချော သွေးပေးခြင်းဖြင့် ပိုမိုလှပသော ကျောက်ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် ဖယောင်းသားကျောက်မျိုးကို လုံးချောသာ သွေးကြသည်။

ဂေါ်ကြိုးဟုခေါ်သောကျောက်မျိုးတွင် ကြိုးအနေ အထားကိုလိုက်၍ မျိုးကြိုး သို့မဟုတ် အရိပ်ကြိုးနှင့် ပဏ္ဏာကြိုးဟူ၍ နှစ်မျိုးခွဲခြားထားနိုင်သည်။ မျိုးကြိုး၊သို့မဟုတ် အရိပ်ကြိုးသည် သာမန်အလင်းရောင်တွင် ပင်ကြိုးတို့ကို ရှင်းလင်းပြတ်သားစွာတွေ့ ရသည်။

ပဏ္ဏာကြိုးမှာမူ သာမန်အလင်းရောင်ဖြင့် ကြိုး များကို ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ပေ။ ၎င်း ကျောက်မျိုးကို နေရောင်အောက်တွင်လည်းကောင်း၊လက်နှိပ်ဓာတ်မီးဖြင့် အလင်းရောင်ထိုးပေးခြင်းဖြင့် လည်းကောင်း စူးရှသောအလင်းရောင်ရမှာသာ ထို ကျောက်တွင်ရှိသော ကြိုးကိုပြတ်သားစွာတွေ့မြင်နိုင် မည်ဖြစ်သည်။

ပတ္တမြား၏ အကောင်းဆုံးအရောင် အရည်ကို လည်သည်းရည်ဟု သတ်မှတ်ကြပြီး တန်ဖိုးအကြီးဆုံးဟုလည်း သတ်မှတ်ကြသည်။ ထပ်မံ၍ ရည်ကူးဟူသော အခေါ်တစ်မျိုးရှိသေးသည်။ ထို အရည်ကို အချို့က ဘုံဘိုင်ညွန့်ထက်သာလွန်သော အရည်အဆင့်ကို ခေါ်ဆိုကြသည်။ကျောက်အရောင်းအဝယ်သမားများ အသုံးပြု သော စကားအခေါ်ဖြစ်ပါသည်။

ထိုအရည်သည် အပွင့် ရွှင်၍ လှပသောအရည်မျိုးလည်းဖြစ်သည်။ အမှန်မှာ ရည်ကူးဟူသည် အထက်တွင်ပြဆိုခဲ့သည့် သတ်မှတ် ထားသော အရည်တို့၏ အထက်အောက်အရည် ၂ မျိုး တို့၏ကြားတွင် ရောက်ရှိနေသောအရည်ကိုခေါ်သည်။

သို့သော် အောက်ရည်များတွင် အသုံးပြုလေ့မရှိပေ။ အထက်အရည်များတွင်သာ ၎င်းအမည်များကို အသုံးပြုကြသည်။ ထို့ကြောင့် ဘုံဘိုင်ညွန့်ရည်ထက်သာလွန် သည်ဟုထင်ရသော အရည်မျိုးကို ရည်ကူးဟုခေါ်ဆို ကြခြင်းဖြစ်ပါသည်။

ပတ္တမြားတွင်းထွက်သည် မိုး၏မာခြင်းစကေး ၉ အဆင့်ရှိသော ကုရုဒ္ဓံ (Corundum) အမျိုးအစားတွင် ပါဝင်သော တွင်းထွက်ကျောက်အမျိုးအစားများဖြစ် ကြသည်။ အနီရောင်ရှိသောကျောက်ကို ပတ္တမြားဟု ခေါ်ဆိုကြသည်။

မြန်မာနိုင်ငံရှိ မန္တလေးတိုင်းဒေသ ကြီး၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်ဒေသမှ အများဆုံး ထွက်ရှိသော တွင်းထွက်ကျောက်အမျိုးအစားဖြစ်ပါ သည်။မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းကပင် မြန်မာ့ နန်းစဉ်ရတနာ ပတ္တမြားနှင့် ကမ္ဘာ့အကြီးဆုံးပတ္တမြားတို့ ထွက်ရှိခဲ့ဖူးသည်။

မြန်မာသက္ကရာဇ် ၁၀၂၃ ခု ငါးထပ် ကြီးဘုရားဒါယကာ ပင်းတလဲမင်းလက်ထက်၌ရရှိ ခဲ့သော ငမောက်ပတ္တမြားကို နန်းစဉ်ရတနာအဖြစ် အမြတ်တနိုးထားရှိခဲ့ရာ သီပေါမင်းလက်ထက် ဗြိတိသျှ နယ်ချဲ့တို့ မြန်မာနိုင်ငံအား မတရားသိမ်းပိုက်စဉ်က ယူဆောင်သွားသဖြင့် ပျောက်ကွယ်လျက်ရှိသည်။၎င်း ပတ္တမြားငမောက်၏ အလေးချိန်သည် ၈၁ ကရက် အချို့စာပေတို့တွင် ရတီ ၉ဝ ခန့်ရှိကြောင်းပြဆိုကြပါသည်။

မြန်မာသက္ကရာဇ် ၁၁၄၇ ခုတွင် ရရှိခဲ့သော ပတ္ထမြားကို လှော်ကားတင်လေးကျောက်ဟု အမည် ပေးခဲ့သည်။ ထိုကျောက်သည် အလေးချိန် ၁၈ ကရက်၊ အချို့က ရတီ ၂ဝ ရှိကြောင်း ဖော်ပြကြသည်။
မြန်မာသက္ကရာဇ် ၁၁၉၉ ခုတွင် ရရှိခဲ့သော ကျောက်ကို လှော်ကားတင်ကြီးကျောက်ဟု အမည်ပေး ထားခြင်းဖြစ်သည်။ ထိုပတ္တမြားကြီးသည် အလေးချိန် ၄၄ ကရက် အချို့စာပေတို့တွင် ရတီ ၄ဝ ရှိကြောင်း ဖော်ပြကြသည်ကို လေ့လာမှတ်သားရပါသည်။

စံကျောက်ပတ္တမြားရရှိသောခုနှစ်ကို ရှာဖွေ၍ မတွေ့ရှိရပေ။ ထိုစံကျောက်သည် အရည်ကောင်း အရည်မှန်၊ အပြစ်ကင်းစင်သောကျောက်ဖြစ်၍ စံကျောက်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ အလေး ချိန် ၆ ရတီခန့်ရှိသည်။ ထိုကျောက်ကို ဆင်မတော် ကျောက်ဟူ၍လည်း အမည်ပေးထားသည်ဟုဆိုသည်။

ကမ္ဘာပေါ်တွင် အကြီးဆုံးသောပတ္တမြားမှာ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သွယ်ရေးကော်ပို ရေးရှင်း အမှတ်(၁၉)လက်ဝယ် ၁၉၆၅ ခုနှစ်က ရရှိ ပိုင်ဆိုင်ထားသော မြန်မာမိုးကုတ်မြေထွက် ပတ္တမြား အရိုင်းတုံးကြီးဖြစ်ကြောင်း သိရှိရသည်။ ၎င်းပတ္တမြား အရိုင်းတုံးကြီးသည် အလေးချိန် ၃ ပေါင်၊ ၄ အောင်စ (ရတီချိန် ၈၀၀၀ ကျော်) ရှိသည်ဟုဆိုသည်။

၁၉၈၄ ခုနှစ်၊ အောက်တိုဘာလတွင် မိုးကုတ် ရွှေပြည်အေးစခန်းမှ တူးဖော်ရရှိသော မိုးကုတ်သရဖူ ဟုခေါ်သည့် ပတ္တမြားကြီးမှာ အလေးချိန် ၁၀ ဒသမ ၉၅ ကရက်ဖြစ်သည်။ သွေးပြီးအလေးချိန်မှာ ၅ ဒသမ ၅၆ ကရက်ဖြစ်သည်။ အရည်အသွေးအလွန်ကောင်း သော ပတ္တမြားဖြစ်ကြောင်းသိရှိရသည်။

၁၉၉၀ ပြည့်နှစ်၊ဧပြီလ ၂၃ ရက်တွင် နဝရတ်ရတနာမြေ(ပြင်လုံ)ဒေသမှ တူးဖော်ရရှိသော ပတ္တမြားမှာ အလေးချိန် ၉ ဒသမ ၇၀ ကရက်ဖြစ်ကာ သွေးပြီး သည့်အခါ ၅ ဒသမ ၂၅ ကရက်ရှိပေသည်။ ခိုသွေး ရောင်အရည်ရှိပြီး အပြစ်အနာအဆာလုံးဝကင်းစင် သည်။ ပွင့်ရည်ကောင်းမွန်သည့်အတွက် စံကျောက် အဖြစ်သတ်မှတ်၍ နိုင်ငံတော်ပိုင်အမျိုးသားရတနာ အဖြစ်ထားရှိသည်။ ထိုပတ္တမြားကြီးကို နဝရတ်သရဖူဟု အမည်ပေးထားသည်။

နိုင်ငံတော်ပိုင် အမျိုးသားရတနာအဖြစ် စံပြထိန်းသိမ်းထားရှိမည့် နဝကပတ္တမြားကြီးဟု အမည် ပေးထားသည့် ပတ္တမြားကြီးသည် စတင်ရရှိချိန်က အလေးချိန် ၅၈၄ ဒသမ ၅ ကရက်ရှိသည်။ အတိုင်း အထာအားဖြင့် အလျား ၄၃ မီလီမီတာ အနံ ၃၇ မီလီ မီတာ၊ ထု ၃၃ မီလီမီတာရှိသည်။

မြန်မာ့ကျောက် မျက်ရတနာလုပ်ငန်းမှ သန့်စင်မွမ်းမံပြီးသောအခါ အလေးချိန် ၄၉၆ ဒသမ ၅ ကရက်ရှိသည်။ ၎င်းနဝတ ပတ္တမြားကြီးသည် အရည်အသွေးကောင်းမွန်ပြီး ပတ္တမြားညွန့်ရည် (ဘုံဘိုင်ညွန့်ရည်)ဟုခေါ်သော နှင်းဆီပန်းအနီရင့်ရောင်အသွေးရှိသည်။

ထိုသွေး ကဲ့သို့ နီသောပတ္တမြားနှင့် တောက်ပသောအပြာရောင် ရှိသည့် နီလာမှာ ကျောက်တစ်မျိုးတစ်စားတည်းပင် ဖြစ်သည်။ သို့သော် နီလာနှင့်ပတ္တမြား ၂ မျိုးစလုံးမှာ အလူမီနီယံပါရှိသော ကျောက်မျက်အမာမျိုးတစ်မျိုးတည်းပင်ဖြစ်၍ ခြားနားချက်မှာ အရောင်သာဖြစ်သည်။

လူတို့သည် ရှေးပဝေသဏီကပင် ကျောက်မျက် များ၌ ထူးခြားသောတန်ခိုးများရှိသည်ဟု အယူရှိခဲ့ ကြသည်။ ဥဒါဟရုဏ်မြသည် ရောဂါဘယများကို ကုစားကာကွယ်နိုင်သည်ဟုလည်းကောင်း၊ ခရမ်း ကျောက်(စလင်းစွဲ)သည် အရက်မူးပြေစေနိုင်သည်ဟူ၍လည်းကောင်း၊

စိန်သည် အရူးရောဂါကို ကာကွယ်ပေးနိုင်၍ မင်္ဂလာသတို့သားနှင့် သတို့သမီး ကို ပျော်ရွှင်ချမ်းမြေ့လာဘ်လာဘပြည့်ဝနိုင်သည်ဟူ၍ လည်းကောင်း ပတ္တမြားသည် ဘေးရောဂါအမျိုးမျိုးကို ကာကွယ်နိုင်သည်ဟူ၍လည်းကောင်း အမျိုးမျိုး ယုံကြည်ကြသည်။

ပုလဲ၊ သန္တာ၊ နီလာ၊ စိန်၊ ကြောင်၊ မြ၊ ဥဿဖရား၊ပတ္တမြား၊ ဂေါ်မုတ်ဟူသော ရတနာ ကိုးပါးစီခြယ်သော နဝရတ်လက်စွပ်ကိုလည်း ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသည်ဟုယုံကြည်ကာ ဝတ်ဆင် ကြသည်။

နဝရတ်လက်စွပ်ကိုဝတ်ဆင်သည့် အကျိုး ကျေးဇူးလင်္ကာမှာ “ပတ္တမြားဘုန်းတောက်၊ မြကျောက်ဧချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကားသိဒ္ဓိ၊ မဏိနီလာ၊ မေတ္တာကဲချုပ်၊ ဂေါ်မုတ်ခွန်အား၊ ဥဿဖရားကျန်းမာ သန္တာကြီးကဲ၊ ပုလဲကျက်သရေ၊ တိုးဂုဏ်ဝေသည် ကိုးထွေနဝရတ် စွမ်းရည်တည်း”ဟု ဖော်ပြထားပေ သည်း

ယခုအခါတွင် နေ့နံသင့်သော ကျောက်မျက်များ ကိုဆောင်ထားလျှင် လာဘ်‌ ကောင်းနိုင်သည်ဟု အချို့ က စွဲမြဲစွာယုံကြည်ကြပေသည်။ ပတ္တမြားသည် မြန်မာ လူမျိုးများသာမက ကမ္ဘာပေါ်ရှိလူသားတိုင်း နှစ်သက် မြတ်နိုးစွာ ဝတ်ဆင်လေ့ရှိသော ရတနာကျောက်မျက် တစ်မျိုးဖြစ်ကြောင်း ထင်ရှားပေတော့သည်။

Author – မာန်သစ်ငြိမ်း(ရှေးမောင်းသုတေသန)
ကိုးကား- မြန်မာ့စွယ်စုံကျမ်းအတွဲ(၆)
Photo -Crd

Leave a Reply

Your email address will not be published.