ရေခဲဘီလူးများကမ္ဘာ
ရေခဲဘီလူးများကမ္ဘာ သို့မဟုတ် ကမ္ဘာ့အကြီးဆုံး ရေခဲလိုဏ်ဂူ (world of the ice Giants)အကြောင်းကို တင်ပြပေးလိုက်ပါသည်။
ဂျာမနီတို့၏အခေါ် ရေခဲဘီလူးများကမ္ဘာသည် ကမ္ဘာတစ်ဝန်းရှိ အခြားသောလိုဏ်ဂူများနှင့်မတူဘဲ ဂူထဲတွင် ကျောက်စက်ပန်းဆွဲများပုံစံ ဖြစ်တည်နေသော ရေခဲလွှာများ၊ ရေခဲတိုင်များကို တွေ့မြင်ရခြင်းပင် ဖြစ်ပါသည်။
ရေခဲဘီလူးများကမ္ဘာသို့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ၂ဝဝဝဝဝ ကျော်ခန့် လာရောက်လည်ပတ်ကြပါသည်။
ရေခဲဘီလူးများကမ္ဘာ
ရေခဲဘီလူးများကမ္ဘာသည် ဩစတြီးယားနိုင်ငံ Werfen ဒေသအတွင်း Salzburg မြို့မှ မီတာ ၄ဝ ခန့်အကွာတွင်တည်ရှိသော သဘာဝ ထုံးကျောက်ရေခဲလိုဏ်ဂူ အမျိုးအစားပင်ဖြစ်ပါသည်။
ဂျာမနီလူမျိုးစုများက အဆိုပါနေရာကို ရေခဲဘီလူးများ ကမ္ဘာဟု တင်စားခေါ်ဝေါ်ကြပါသည်။ တစ်နည်းအားဖြင့် ကမ္ဘာ့အကြီးဆုံး ရေခဲလိုဏ်ဂူလည်းဖြစ်ပြီး လိုဏ်ဂူအတွင်းပိုင်း အကျယ်အဝန်းသည် ၄၂ ကီလိုမီတာရှိပါသည်။
ဂူကြီးသည် Hochkogel တောင်စဉ်တောင်တန်း၏ အတွင်းပိုင်းတွင် တည်ရှိပါသည်။ ရေခဲဂူဟု ဖြစ်တည်လာရခြင်းမှာ Sulzach မြစ်ကြီးစီးဆင်းရာမှ ၎င်းတောင် နံရံများကို တိုက်စားပြီး မြစ်ကြောင်းကို ဖြတ်သန်းစီးဆင်းရာမှ လိုဏ်ဂူကြီး ဖြစ်ပေါ်လာခဲ့ခြင်းပင်ဖြစ်ပါသည်။
ရေခဲဘီလူးများကမ္ဘာသည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၆၅၆ မီတာအမြင့်တွင် တည်ရှိနေသည့်အတွက် လာရောက်လေ့လာ သူများသည် Hochkogel တောင်ပေါ်သို့ ဦးစွာတက်ပြီးမှ ရေခဲလိုဏ်ဂူဝသို့ရောက်ရှိမှာ ဖြစ်ပေသည်။
လိုဏ်ဂူအတွင်းတွင် ရှည်လျားပြီး ပုံသဏ္ဌာန်အမျိုးမျိုးရှိသည့် ရေခဲပုံဆောင်ခဲ များ၊ ရေခဲအခန်းငယ်များဖြင့် စီစီရီရီတည်ရှိနေမှုကို စိတ်ဝင်စားဖွယ်မြင်တွေ့ ရမှာဖြစ်ပေသည်။
ထိုကဲ့သို့ ဖြစ်တည်နေမှုသည် ယခုမှမဟုတ်ပေ။ နှစ်အားဖြင့်ပြောရလျှင် ၁၃၆ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါသည်။ ရေခဲဘီလူးများကမ္ဘာသည် လိုဏ်ဂူရှည်ကြီးဖြစ်သော်လည်း လာရောက် လေ့လာလည်ပတ်သူများသည် ဂူအတွင်းပိုင်းတွင် မီတာ ၁၀၀၀ ခန့်ထိသာ ဝင်ရောက် ကြည့်ရှုခွင့်ရမှာ ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ကန့်သတ်ထားသည့်ဧရိယာ ကျော်လွန်ပါက ကြီးမားသည့်ရေခဲထုထည်များက တားဆီးပိတ်ဆို့ထားသလို မတ်စောက်သည့် လိုဏ်ဂူအစိတ်အပိုင်းများတည်ရှိနေသည့်အတွက် ရှေ့ဆက်ပြီး ဝင်ခွင့် မပြုခြင်းပင်ဖြစ်ပါသည်။
နောက်ခံသမိုင်းအကျဉ်း
ရေခဲဘီလူးများကမ္ဘာ သို့မဟုတ် ကမ္ဘာ့အကြီးဆုံး ရေခဲလိုဏ်ဂူကို အေဒီ ၁၈၇၉ ခုနှစ်တွင် သဘာဝသိပ္ပံပညာရှင် Anton Posselt က ပထမဦးဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က လိုက်ဂူအတွင်းသို့ မီတာ ၂၀၀ ဆန့်သာ ဝင်ရောက်စူးစမ်းလေ့လာနိုင်ခဲ့ပါသည်။
Anton Posselt မတိုင်ခင်က အဆိုပါ ရေခဲဂူနှင့်ပတ်သက်ပြီး ဒေသခံ လူမျိုးစုအနည်းငယ်ခန့်ကသာ သိရှိထားကြပြီး ၎င်းတို့က လိုက်ဂူ ပေါက်ဝသည် ငရဲပြည်သို့သွားရောက်သည့် ဝင်ပေါက်ဖြစ် သည်ဟုသက်ဝင်ယုံကြည်ခဲ့ကြပါသည်။
ယင်းနောက်ပိုင်း လိုဏ်ဂူအတွင်းပိုင်းသို့ ထဲထဲဝင်ဝင်စူးစမ်းလေ့လာမှုများ ပြုလုပ်သည့်အခါတွင် ဒေသခံများ၏ ဝိုင်းဝန်းကန့်ကွက် မှုတို့နှင့် ကြုံတွေ့ခဲ့ကြရသည့်အတွက် သုတေသန လုပ်ငန်းစဉ်များရပ်တန့်ခဲ့ရပါသည်။
ထိုအချိန်မှစပြီး နှစ်ပေါင်းများစွာကြာ လူသိနည်း၊ စိတ်ဝင်စားမှုမခံခဲ့ရသည့် ရေခဲဘီလူးများကမ္ဘာသည် အေဒီ ၁၉၁၂ ခုနှစ် တွင် လိုဏ်ဂူဗေဒပညာရှင် Alexander von Mork ဦးဆောင်သည့် သုတေသီပညာရှင်များက ဂူအတွင်းသို့ဝင် ရောက်ပြီး စူးစမ်းလေ့လာမှုများဆက်လက်လုပ်ဆောင်ခဲ့ကြ ပါသည်။
ထိုသို့ လုပ်ဆောင်စဉ် ၁၉၁၄ ခုနှစ်အတွင်း Alexander von Mork သည် ဂူအတွင်းမှာပင် မမျှော်လင့်ဘဲ သေဆုံးခဲ့ရ ပါသည်။ Alexander von Mork ၏ ကြွင်းကျန်သော ရုပ်ကလာပ်အား လိုဏ်ဂူထဲမှာပင် မြှုပ်နှံခဲ့ပါသည်။
ယင်းနောက်ပိုင်း စူးစမ်းရှာဖွေ လိုသူများ သုတေသီတို့၏ ကြိုးပမ်းအားထုတ်မှုရလဒ်အဖြစ် ၁၉၂ဝ ပြည့် နှစ်တွင် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်သည့် ဂူအဖြစ် ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
ထိန်းသိမ်းစောင့်ရှောက်မှု
ရေခဲဘီလူးများကမ္ဘာ သို့မဟုတ် ကမ္ဘာ့အကြီးဆုံးရေခဲလိုဏ်ဂူသို့ လွယ်ကူ လျင်မြန်စွာ သွားရောက်နိုင်ရန်အတွက် ဩစတြီးယားအစိုးရသည် ၁၉၅၅ ခုနှစ်တွင် တောင်ပေါ်တက် ကေဘယ်ကားကို တည်ဆောက်ပေးခဲ့ပါသည်။
ချောမွတ်တောက်ပြောင်နေသည့် ရေခဲနံရံ၊ ကျောက်စက်ပန်းဆွဲများ၊ ကျောက်သားတိုင်ကြီးများ၊ ရေခဲတုံးကြီးများအပြင် ထူးခြားဆန်းကြယ်သောပုံသဏ္ဌာန်များတို့ဖြင့်ပြည့်နှက် နေသည့် ရေခဲဘီလူးများကမ္ဘာသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို အထူးတလည်ဆွဲဆောင်နေပါသည်။
ထို့ကြောင့်လည်း ရေခဲဂူကြီးကို နှစ်စဉ်နှစ်တိုင်၊ မေလ ၁ ရက်မှ အောက်တိုဘာ ၂၆ ရက်ထိဖွင့်လှစ် ပေးထားပါသည်။ ဂူအတွင်းအပူချိန်သည် ရေခဲမှတ်အောက်ဖြစ် သည့် သုည ဒီဂရီ စင်တီဂရိတ်အောက်တွင် အမြဲတမ်းရှိနေတတ် သည့်အတွက်
လာရောက်လေ့လာသူများသည် သာမန် တီရှပ်၊ ဘောင်းဘီတို စသည်တို့နှင့် ဝင်ရောက်ခြင်းမပြု ကြဘဲ နွေးထွေးထူထဲသော အဝတ်အစားများဖြင့် လာရောက်ကြရန် အစိုးရက သတိပေးချက် ထုတ်ပြန်ပေးထားပါကြောင်း တင်ပြလိုက်ရပေသည်။
ခရက်ဒစ် Author-ရဲမာန်ခ
From Knowledge Light