ထူးခြားဆန်းပြား နက်ဇ်ကာလိုင်းများ အကြောင်း

ထူးခြားဆန်းပြား နက်ဇ်ကာလိုင်းများ အကြောင်း

ကမ္ဘာ့ထူးဆန်းသောဒေသတွေမှာ တစ်ခုအပါ အဝင်ဖြစ်တဲ့ ပီရူးနိုင်ငံက နက်ဇ်ကာလိုင်း (Nazca Lines) များအကြောင်း တင်ပြပေးလိုက်ပါတယ်။

အကြောင်းကတော့ ပီရူးနိုင်ငံရဲ့ တောင်ပိုင်းဒေသရှိ နက်ဇ်ကာ သဲကန္တာရလွင်ပြင်ထဲမှာ ကြီးမားပြီး စနစ် ကျတဲ့လမ်းကြောင်းတွေ၊ ရုပ်ပုံတွေကို အံ့ဩထူးဆန်းဖွယ် တွေ့ရှိခဲ့ကြရလို့ပဲဖြစ်ပါတယ်။

ဒီရုပ်ပုံတွေကို စတင်သတိထားမိကြတာကတော့ ၁၉၂၀ ပြည့်နှစ် ပီရူးလေယာဉ်လိုင်း ပထမဆုံး စတင်ပြေးဆွဲချိန်ကျမှ ပဲဖြစ်ပါတယ်လေယာဉ် ကောင်းကင်ပေါ်ရောက်မှ အောက်က ပီရူးလွင်ပြင်ကြီးပေါ်မှာ ရုပ်ပုံကြီးတွေပေါ် ပေါက်နေတယ်ဆိုတာ တွေ့မြင်ကြရပါတယ်။

တချို့ ပုံများမှာ ကြီးမားကြသဖြင့် မြေပြင်မှာ လမ်းလျှောက် ရင်းကြည့်လျှင် လမ်းကြောင်းကြီးတွေအဖြစ်သာမြင်ရမှာပါ။ ပီရူးလွင်ပြင်ဆိုတာ သဲကန္တာရဆန်တဲ့လွင်ပြင် ဒေသဖြစ်ကာ ကျောက်တောင်ကုန်းတောင်တန်းများ တည်ရှိပြီး လူသူအရောက်အပေါက်လည်း နည်းလှပါ တယ်။

ဒီဒေသကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရာဒေသအဖြစ် ၁၉၉၄ ခုနှစ်မှာ သတ်မှတ် ခဲ့ပါတယ်။

နောက်ခံအကျဉ်း

ပညာရှင်များ၏ သတ်မှတ်ခန့်မှန်းမှုများအရ ဒီလမ်းကြောင်း ရုပ်ပုံကြီးများဟာ ဘီစီ ၅ဝဝ ခန့်မှ အေဒီ ၅ဝဝ ခန့်ကြားဟု သတ်မှတ်ခဲ့ကြပါတယ်။ တချို့က တော့ အေဒီ၂ဝဝ ခန့်လောက်ကလို့လည်း သတ်မှတ် ကြပါတယ်။

တစ်ချိန်က အဆိုပါဒေသတွင်နေထိုင်သွား ခဲ့ကြသော ရှေးခေတ်မျိုးနွယ်စုဖြစ်သည့် နက်ဇ်ကာ မျိုးနွယ်စုများ၏ ဘာသာရေးယုံကြည်မှုကြောင့် ရေးဆွဲ ထားခဲ့သည့်လက်ရာများဖြစ်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

ဆွဲထားတဲ့ရုပ်ပုံများဟာ ကြီးမားလှသလို ဂျီဩ မေတြီနည်းပညာလို စနစ်ကျလှပါတယ်။ ဒီလိုအချိုး ညီအောင် ထိုခေတ်အချိန်က မည်သည့်ပညာရပ် မျိုးသုံးပြီး ဖန်တီးခဲ့ကြသနည်း။

မည်သည့်ရည်ရွယ် ချက်မျိုးဖြင့် ကြီးမားသောလွင်ပြင်အနှံ့ ခက်ခဲစွာ ဖန်တီးခဲ့ကြပါသနည်း။ အချို့ပုံများဟာ အခြားကမ္ဘာမှ ပုံများကဲ့သို့ ဘာကြောင့်ဆွဲထားကြပါသနည်း။

လူအင်အားအများအပြားသုံးမှရမည့်ဖန်တီးထားမှုများကို မည်သည့်အင်အား၊ အချိန်ဘယ်လောက်ကြာအောင် ဖန်တီးခဲ့ကြရပါသနည်း စသည်ဖြင့် မေးခွန်းပေါင်း များစွာဖြင့်လည်း ယနေ့ထိ ပဟေဠိဆန်ဆန်တည်ရှိ နေပါတယ်။

ဒါ့အပြင် အဲဒီဒေသရှိ ဒဏ္ဍာရီဆန်ဆန် ပုံပြင်များကလည်း ထူးဆန်းလှသလို ရှေးဟောင်းပညာ ရှင်များရဲ့ရှာဖွေတူးဖော်မှုအချက်အလက်များကလည်း ထူးခြားလှပါတယ်။

ထပ်ပြီး ပဟေဠိဆန်တဲ့တူးဖော် တွေ့ရှိမှုဖြစ်သောကြီးမားသည့် ဦးခေါင်းခွံရုပ်ကြွင်း များအကြောင်းကလည်း အဖြေရှာရခက်ပါတယ်။ ဒါကြောင့်လည်း ရှေးခေတ်လူသားတို့ ဖန်တီးတည် ဆောက်ထားတဲ့ ထူးခြားအံ့ဖွယ်ကောင်းသော နက်ဇ်ကာလိုင်းများဒေသဟာ ကမ္ဘာလှည့်ခရီးသွားများနဲ့ သုတေသီပညာရှင်များ သွားရောက်လည်ပတ်စူးစမ်းရာဒေသတစ်ခုဖြစ်နေပါတယ်။

အချက်အလက်များ

ဒီရုပ်ပုံကြီးနှင့်လမ်းကြောင်းကြီးများဟာ တစ်ခု၊ နှစ်ခုသာမဟုတ်ဘဲ စတုရန်းကီလိုမီတာ ၄၅၀ မျှ ကျယ် ဝန်းတဲ့ လွင်ပြင်အနှံ့ များစွာတည်ရှိနေကြတာပါ။

တွေ့ရှိ ပြီးနောက်ပိုင်း ပညာရှင်အသီးသီး၏ရှာဖွေဖော်ထုတ် မှတ်တမ်းတင်မှုအရ ဖြောင့်တန်းသော လမ်းကြောင်း ကြီးတွေတင်မက အလွန်ကြီးမားသော ရုပ်ပုံကြီးများကို ဂျီဩမေတြီပညာရပ်ဆန်ဆန်ရေးဆွဲထားတာကို အံ့ဩ ဖွယ်တွေ့ရှိခဲ့ကြပါတယ်။

၄၇ မီတာရှည် ပင့်ကူပုံစံ၊ ၉၃ မီတာရှည် မျောက်ပုံစံ၊ ၂၈၀ မီတာရှည် ငှက်ပုံစံ၊၅၀ မီတာရှည် ကြိုးကြာငှက်ပုံစံ၊ ၁၈၀ မီတာရှည် ပုတ်သင်ညိုပုံစံ ၊ ၆၅ မီတာရှည် ဝေလငါးပုံစံ စသည်ဖြင့် များစွာရှိကြပြီး အကြီးဆုံးမှာ၂၈၅ မီတာရှည် ငန်း တစ်ကောင်ပုံစံရေးဆွဲထားမှုများကို တွေ့ ရှိရပါတယ်။

ရုပ်ပုံများဟာ မြေပြန့်လွင်ပြင်တွင်သာမက တောင်ကုန်း တောင်တန်းတွေပေါ်မှာပါ ခက်ခက်ခဲခဲရေးဆွဲထားတာ တွေ့မြင်ကြရပါတယ်။ ကောင်းကင်ပေါ်မှကြည့်မှသာ ထင်ရှားစွာတွေ့မြင်ရပါတယ်။

ထို့ပြင် လူပုံစံကဲ့သို့ ရေးဆွဲထားမှုများ၊ ခွေးပုံစံများ၊သစ်ပင်ပုံစံများနှင့် အမျိုးအမည်ခွဲခြားရခက်သော ပုံများကိုပါ တွေ့ရှိရပါတယ်။ ရှင်းလင်းကျယ်ပြန့်ပြီး ဖြောင့်တန်းနေသော လေယာဉ်ပြေးလမ်းကဲ့သို့ လမ်း ကြောင်းကြီးများနှင့် ရှုပ်ထွေးသောလမ်းကြောင်းများ ကိုပါ တွေ့မြင်ကြရပါတယ်။ ပုံများ စုစုပေါင်း ၃ဝဝ ခန့် ရှိပါတယ်။

ထူးခြားချက်များ

နက်ဇ်ကာလိုင်းများရဲ့ ထူးခြားချက်များကတော့ သဲကန္တာရလွင်ပြင်ဒေသအတွင်း သဘာဝဘေးအန္တရာယ် ကို ကြံ့ကြံ့ခံနိုင်ခြင်းပါပဲ။

အကြောင်းကတော့ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလလယ်အတွင်း သဘာဝသဲကန္တာရ မုန်တိုင်းများတိုက်ခတ်မှုတို့ ကြုံတွေ့ ခဲ့ရသော်လည်း နက်ဇ်ကာလိုင်းမျဉ်းများဟာ ပျောက်ကွယ်သွားခြင်းမရှိ ဘဲ ယနေ့အချိန်အထိ တည်တံ့လျက်ရှိပါတယ်။

နက်ဇ်ကာလိုင်းများအနေဖြင့် ထိုကဲ့သို့ သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ခွင့်အခြေအနေကိုလည်း ယနေ့အထိ သုတေသီများက အဖြေရှာဖွေနိုင်ခြင်းမရှိသေးပါကြောင်း တင်ပြလိုက်ရပါတယ်။

ခရက်ဒစ်-Author- ရဲမာန်ခ

Leave a Reply

Your email address will not be published.