ထာဝရမီးလျှံ ရေတံခွန်
အမေရိကန်နိုင်ငံမှ ရေတံခွန်ငယ်လေးတစ်ခု၏ အောက်တွင် အမြဲမပြတ် တောက်လောင်နေသော မီးတောက်လေးတစ်ခု ရှိနေပါတယ်။
ထို့ကြောင့်ပင် ထိုရေတံခွန်ကို ထာဝရမီးလျှံ ရေတံခွန်(Eternal Flame Falls) ဟု လူသိများကြပါတယ်။
ထိုမီးတောက်လေးဟာ အမေရိကန်နိုင်ငံ၊ နယူးယော့ခ် အနောက်ဘက်ခြမ်းဒေသမှ Chestnut Ridge ဥယျာဉ်အတွင်းရှိ ရေတံခွန်ငယ်လေးတွင် ဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။
ထိုကဲ့သို့ မီးမငြိမ်းဘဲ အမြဲတောက်လောင်နေသော အဖြစ်အပျက်များ ကမ္ဘာပေါ်တွင် များစွာရှိတတ်ကြပေမယ့် အများစုသည် လူသားများမှ ဖန်တီးထားကြခြင်းပင် ဖြစ်ပါတယ်။အများအားဖြင့် အကြောင်းအရာ တစ်ခုခုကို ကိုယ်စားပြုပြီး မီးမငြိမ်းအောင် ဂရုစိုက် ဖန်တီးထားကြခြင်း ဖြစ်ပါတယ်။
ယခု မီးတောက်လေးကတော့ သဘာဝအတိုင်း အမြဲမငြိမ်းဘဲ တောက်လောင်နေခြင်း ဖြစ်ပါတယ်။ဒေသခံတစ်ချို့နဲ့ အယူအဆ ပြင်းထန်သူများကတော့ မိစ္ဆာမီးတောက် လို့ခေါ်ကြပါတယ်။
ထိုမီးတောက်ငယ်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီကတည်းက တည်ရှိခဲ့ကြောင်း ပါးစပ်ရာဇဝင်များလည်း ရှိပါတယ်။ ရှေးခေတ်အမေရိက တိုင်းရင်းနွယ်များက မီးတောက်ကို အစပျိုးခဲ့ကြောင်း ဆိုကြပါတယ်။
ထိုကဲ့သို့ ထာဝရမီးတောက် ထွက်ပေါ်နေရခြင်း အကြောင်းရင်းကတော့ ရေတံခွန်၏ အောက်ခြေတွင် ပရိုပိန်း၊ အီသိန်း နှင့် မီသိန်းဓာတ်ငွေ့ ကုဗတန်သန်းပေါင်းများစွာ တည်ရှိနေသည့် မြေအောက်ဓာတ်ငွေ့သိုက်ကြီး ရှိနေလို့ဖြစ်ပါတယ်။ ဒါဟာ အများက ယူဆထားသော အချက်အလက် ဖြစ်ပါတယ်။
သို့ပေမယ့် တစ်ချို့သော သုတေသီများက သဘာဝ မီးတောက်များဟာ အလွန် ပူလောင်သော ကျောက်တုံးများ မှ စိမ့်ထွက်နေသော သဘာဝ ဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်လေ့ရှိကြသော်လည်း ယခု မီးတောက်ငယ် ထွက်ပေါ်လာရာ ကျောက်တုံးများမှာမူ လုံလောက်သည့် ပူပြင်းမှု မရှိဟုလည်း ဆိုကြပါတယ်။
အလွန်မပူသည့် ကျောက်တုံးများတွင် လက်ရှိ မီးတောက်၏ ပမာဏ အတိုင်း တောက်လောင်နေမှုသည် ပဟေဠိ ဆန်လွန်းသော မသိကိန်း တစ်ခုအဖြစ် တစ်ချို့သောသုတေသီများက ဝန်ခံ ထားကြပါတယ်။
နှစ်ပေါင်းများစွာ ယုံကြည်ထားကြသည့် ဓာတ်ငွေ့ထုတ်လွှတ်မှုကြောင့် မီးလောင်ကျွမ်းနေခြင်းဆိုသော ကောက်ချက်ကို လက်မခံနိုင်ကြသူများသည် အခြား အကြောင်းရင်းတစ်ခုကို အဖြေရှာနိုင်ရန် ကြိုးစားမျှော်လင့်နေကြပါတယ်။
မည်သို့ပင်ဆိုစေ ယခု ထာဝရမီးတောက်လေး တည်ရှိရာ ရေတံခွန်လေးနှင့် ဥယျာဉ်သည် ကမ္ဘာလှည့်ခရီးသည်များအကြား အထူးအဆန်းတစ်ခုအဖြစ် လာရောက်ကြည့်ရှု့ လည်ပတ်ကြကြောင်း ဖော်ပြလိုက်ပါတယ်။
Crd