ကမ္ဘာ့စာပေ နိုဘယ်လ်ဆုကို လက်မခံသော စာရေးဆရာ
ယွန်းပေါဆတ်(၁၉၀၅-၁၉၈၀)
ယွန်းပေါဆတ်(Jean-Paul Sartre) ကို ၁၉၀၅ ခုနှစ်တွင် ပြင်သစ် ပြည် ပါရီမြို့၌ မွေးဖွားသည်။ ပြင်သစ်ဒဿနပညာရှင်၊ ပြဇာတ်ရေး ဆရာ၊ ဝတ္ထုရေးဆရာ၊ စာပေဝေဖန်ရေး ဆရာတစ်ဦးဖြစ်ပြီး ပြင်သစ်နိုင်ငံတွင်သာမက ကမ္ဘာတွင်ပါ ကျော်ကြားခဲ့သော စာရေးဆရာတစ်ဦးဖြစ်သည်။
၁၉၂၉ခုနှစ်တွင် ပြင်သစ်ပြည်နယ်များ၌ အထက်တန်းပြဆရာ လုပ်သည်။ နောင်တွင်ပါရီမြို့၌ အထက်တန်းပြဆရာအဖြစ် အမှုထမ်းခဲ့သည်။
၁၉၃၅ ခုနှစ်မတိုင်မီကပင် နိုင်ငံခြားတိုင်းပြည်များသို့ လှည့်လည် သွားလာခဲ့၏။ ဂျာမနီတွင်ရှိစဉ် ဂျာမန်ဒဿနညာရှင်တို့၏ ဒဿနိကဗေဒကို လေ့လာသည်။
ဒုတိယကမ္ဘာစစ်မတိုင်မီက ပင်ကိုရေး စိတ်ပညာလေ့လာချက် ဆိုင်ရာစာအုပ်များကိုရေးခဲ့၏။ စာပေရေးရာ စာအုပ်များ၊ ဝတ္ထုများ၊ ပြဇာတ်များ ရေးခြင်းဖြင့် ထင်ရှားလာ၏။
သူ၏ဝတ္ထုများတွင် ၁၉၃၈ခုထုတ် Nausea သည် ပထမပုံနှိပ် ဝတ္ထုဖြစ်၏။ ၁၉၃၉ခုနှစ်တွင် ဘာသာပြန်သော Le mur(၁၉၃၉ ခုနှစ် တွင် လွိုတ် အလက်ဇန္ဒားက The Walk ဟု အင်္ဂလိပ်ဘာသာပြန်၍ ၁၉၅၆ခုနှစ်ထုတ် Intimacy စာအုပ်တွင်ထည့်သွင်းခဲ့၏။)ကိုရေးသည်။
ထိုဝတ္ထုနှစ်ပုဒ်သည် နောင်တွင် စာရေးသူ အစပြုခဲ့သော အတ္တဘဝ အမှန် ဝါဒ၏အခြေခံဝတ္ထုများဖြစ်၏။သူ့စာများကို အင်္ဂလိပ်ဘာသာပြန်ရန် ခက်ခဲသောကြောင့် အင်္ဂလိပ်ဘာသာပြန် အရေအတွက် နည်းပါးသဖြင့် အသိနည်းခဲ့သည်။ နောက်ပိုင်းကျမှ အင်္ဂလိပ်ဘာသာပြန်အချို့ထွက်ခဲ့၏။
၁၉၆၄ ခုနှစ်တွင် ကမ္ဘာ့စာပေနိုဘယ်လ်ဆု ရွေးချယ်ရေးအဖွဲ့က ယွန်းပေါဆတ် အား စာပေဆိုင်ရာ နိုဘယ်လ်ဆုချီးမြှင့်ခဲ့သည်။ သို့ရာတွင် သူသည် ထိုဆုကို လက်မခံခဲ့။
ဆုငွေကိုလည်း လက်မခံခဲ့။ နိုဘယ်လ်ဆု ရစာရေးဆရာဟူ၍ အမည်တပ်ခြင်းကိုလည်း လက်မခံခဲ့ပေ။သူ၏ အတွေးအခေါ်နှင့် ရေးသားမှုဟန်များသည် အနောက် တိုင်း စာပေလောကတွင် ၁၉၃ဝ ပြည့်နှစ်ခန့် မှစ၍ ယခုတိုင် လွှမ်းမိုးနေဆဲဖြစ်သည်။
ယွန်းပေါဆတ်သည် ကျန်းမာရေးကောင်းသူတော့ မဟုတ်ချေ။ ၃နှစ်သား အရွယ်ကတည်းက သူ၏ ညာဘက် မျက်လုံးမှာ ကောင်းကောင်းမမြင်ခဲ့ရပေ။။ ၁၉၇၃ခုနှစ်၌ နှလုံးရောဂါ ခံစားရပြီးနောက်တွင် ကျန်မျက်လုံးတစ်ဖက်မှာလည်း ကွယ်လုနီးပါးဖြစ်ခဲ့သည်။
ယွန်းပေါဆတ်သည် ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ ၁၅ရက်တွင် ပါရီမြို့တော်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် ၇၄နှစ်အရွယ်ရှိသည်။
ယွန်းပေါဆတ်သည် နိုဘယ်လ်ဆုကိုသာမက အခြားသော သက်ဆိုင်ရာအာဏာပိုင်များက တရားဝင်ချီးမြှင့်သောဆုများ၊ ဘွဲ့ထူး၊ ဂုဏ်ထူးများကိုလည်း ငြင်းပယ် လေ့ရှိသည်။
ထိုသို့ ငြင်းပယ်ရခြင်းမှာ သူတစ်ပါး၏ အမြင်ဖြင့် သူ၏အရည်အချင်းကို အကဲဖြတ်သတ်မှတ် သည်ကို လက်မခံလို၍ဖြစ်သည်ဟု ဆိုသည်။