ကမ္ဘာ့အကြီးဆုံး ရေဘဝဲ အကြောင်း

ကမ္ဘာ့အကြီးဆုံး ရေဘဝဲ အကြောင်း

ကမ္ဘာပေါ်မှာ ရေဘဝဲအမျိုးအစားပေါင်း ၃ဝဝ ခန့်ရှိတဲ့အထဲက အကြီးဆုံးရေဘဝဲအမျိုးအစားအဖြစ် သတ်မှတ်ထားခံရတာကတော့ Giant Pacific ရေဘဝဲ အမျိုးအစားပဲဖြစ်ပါတယ်။

ကင်းမွန်တို့နဲ့မျိုးနွယ်တူဖြစ်တဲ့ Cepilopod မျိုးစိတ်ဖြစ်ပြီး သူ့ရဲ့ သိပ္ပံနာမည် ကတော့ Enteroctopus dofleini ဖြစ်ပါတယ်။

မြောက်ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်၊ အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယား၊ အော်ရီဂန် ဝါရှင်တန်၊ အလက်စကားပြည်နယ်များအပြင် ကနေဒါ ဗြိတိန်၊ ကိုလံဘီယာပြည်နယ်၊ ရုရှားနိုင်ငံ၊ ဂျပန်နဲ့ ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်မှာ အများဆုံးတွေ့ရလေ့ရှိတဲ့ ရေဘဝဲအမျိုးအစားဖြစ်ပါတယ်။

Giant Pacific ရေဘဝဲတွေဟာ ပင်လယ်ရေမျက်နှာပြင်ကနေ ရေအောက်အနက်ပေ ၆ဝဝဝ အတွင်းမှာ ကျက်စားလေ့ရှိပါတယ်။ သွေးအေးသတ္တဝါအမျိုးအစားဖြစ်ကြတဲ့ Giant Pacific ရေဘဝဲတွေဟာ အခြားရေဘဝဲတွေလိုပဲ ဦးခေါင်းတစ်ခု၊ လက်နှစ်ဖက်ပါရှိပါတယ်။

ဒါ့အပြင် နှလုံးက ၃ ခုရှိပြီး သူတို့ရဲ့ သွေးကတော့ အပြာရောင် ဖြစ်ပါတယ်။ Giant Pacifie ရေဘဝဲရဲ့ အရောင် ကတော့ နီညိုရောင်ဖြစ်ပေမယ့် ကိုယ်ခန္ဓာမှာပါဝင်တဲ့ အထူးရောင်ခြယ် ပစ္စည်းတွေကြောင့် ကျောက်ဆောင်တွေ၊ အပင်တွေနဲ့ သန္တာ ကျောက်တန်း တွေကြားမှာ ပုန်းကွယ်ကိုယ်ယောင်ဖျောက်နိုင်တဲ့ အစွမ်းရှိပါတယ်။

Giant Pacific ရေဘဝဲတွေဟာ အလေးချိန် ပေါင် ၆၀၀ နဲ့ လက်တံနှစ်ဖက်အကျယ် ပေ ၃၀ ကျော်အထိရှိတတ်ပါတယ်။ အကောင်ဘယ်လောက်ကြီးကြီး သူတို့ရဲ့နှုတ်သီး(beak)သာသာလောက်ကြီးတဲ့ အပေါက်တွေထဲကိုဝင်နိုင်တဲ့အထိ သူတို့ရဲ့ ခန္ဓာကိုယ် ကိုချုံ့နိုင်စွမ်းရှိတဲ့တိရစ္ဆာန်အမျိုးအစားလည်း ဖြစ်ပါ တယ်။

အသားစားတိရစ္ဆာန်ဖြစ်တဲ့ Giant Pacific ရေဘဝဲတွေရဲ့ အဓိကသားကောင်တွေဖြစ်တဲ့ တိရစ္ဆာန်တွေကတော့ ပုစွန်ဆိတ်၊ ပုစွန်တုပ် ကဏန်း၊ ပင်လယ် ခရု၊ ငါး၊ ငါးမန်း နဲ့ တခြားရေဘဝဲတွေ ဖြစ်ပါတယ်။

သားကောင်ကို စုပ်ခွက်ပေါင်းများစွာပါပြီး သန်မာလွန်းတဲ့ လက်တံတွေနဲ့ဖမ်းဆီးကာ နှုတ်သီးနဲ့ ကိုက်ပြီး စားသောက်တတ်လေ့ရှိပါတယ်။ ပင်လယ်ဖျံ၊ စပန်းဝေလငါးနဲ့ ပစိဖိတ် sleeper ငါးမန်းတွေကတော့ သူတို့ရဲ့ ရန်သူတွေဖြစ်ပါတယ်။

သူတို့ အတွက် အကြီးမားဆုံးရန်သူကတော့ လူသားတွေဖြစ်ပြီး တစ်နှစ်ကို ရေဘဝဲတန်ချိန်ပေါင်း၃ ဒသမ ၃ သန်း(တန်ဖိုး ဒေါ်လာ ၆ ဘီလီယံ)ခန့်ကို ကမ္ဘာအနှံ့က လူသားတွေဟာ စားသောက်နေကြတဲ့အတွက် ရေဘဝဲကောင်ရေပေါင်း များစွာဟာ အချိန်မလပ် ဖမ်းဆီးခြင်းခံနေရပါတယ်။

လူတွေက မှိန်းနဲ့ထိုးတာ၊ ပိုက်ကွန်နဲ့ဖမ်းတာ၊ ထောင်ချောက်နဲ့ ဖမ်းတာစတဲ့ နည်းပေါင်းစုံကိုသုံးကာ Giant Pacific ရေဘဝဲတွေကို ဖမ်းဆီးလေ့ရှိပါတယ်။

ရေဘဝဲတွေဟာ ကျောရိုးမဲ့တိရစ္ဆာန်တွေထဲမှာတော့ ဉာဏ်အကောင်းဆုံးတိရစ္ဆာန်ဖြစ်ပါတယ်။ Giant Pacific ရေဘဝဲတွေရဲ့ ဦးနှောက်မှာ အာရုံကြောဆဲလ်ပေါင်း သန်း ၃ဝဝ ခန့်ရှိပါတယ်လို့သိရပါတယ်။

ရေဘဝဲအမတစ်ကောင်ဟာ တစ်ခါဥဥရင် ဥပေါင်း ၁၂ဝဝဝဝ ခန့်ကနေ ၄ဝဝဝ၀၀ ခန့်အထိ ဥလေ့ရှိပါတယ်၊။ ရေဘဝဲအမဟာ ဥပေါင်းများစွာကိုရေထဲမှာ အဆက်မပြတ် ဥပါတယ်။

ဥတွေကို စောင့်ရှောက်နေစဉ်အတွင်းမှာ ရေဘဝဲအမဟာ အစာစားလေ့မရှိလို့ သေဆုံးသွားကြပါတယ်။ ဥတွေကတော့ ၆ လအကြာမှ အကောင်ပေါက်ပြီး အကောင်အရေအတွက် အနည်းငယ်သာ အရွယ်ရောက်တဲ့အထိ ရှင်သန်နိုင်ကြပါတယ်။

ဥမှပေါက်ပေါက်ချင်းအကောင်အရွယ်အစားဟာ စပါးစေ့ခန့်သာ ရှိပေမယ့် တစ်နေ့ကို အဆမတန်အမြန်နှုန်း နဲ့ကြီးထွားတာမို့ လအနည်းငယ်အတွင်း အရွယ်ရောက် သွားကြပါတယ်။

ရေဘဝဲတွေဟာ ပုံမှန်အားဖြင့် လူတွေကို ရှောင်ရှားလေ့ရှိပေမယ့် တစ်ခါတစ်ရံမှာတော့ အမှတ်မထင် တိုက်ခိုက်တတ်တာမျိုးရှိပါတယ်။ ရုပ်ရှင်တွေထဲက လိုတော့ ဆိုးဆိုးရွားရွားတိုက်ခိုက်တာတော့ မဟုတ်ပါဘူး။

ရေဘဝဲအများစုမှာ အဆိပ်အနည်း ငယ်စီရှိနိုင်ပေမယ့် အပြင်းထန်ဆုံးအဆိပ်ကို ပိုင်ထားတာကတော့ ရေဘဝဲငယ်တစ်မျိုးဖြစ်တဲ့ Blue Ringed ရေဘဝဲပဲဖြစ်ပါတယ်။ Giant Pacific ရေဘဝဲတွေရဲ့ သက်တမ်းကတော့ ၃ နှစ်မှ ၅ နှစ်အထိဖြစ်ပါတယ်။

ခရက်ဒစ်-ရဲမာန်ခ

Leave a Reply

Your email address will not be published.