ကုန်းဘောင်ခေတ် အမျိုးသမီးစာဆို “အနောက်နန်းမတော် မမြကလေး” အကြောင်း

ကုန်းဘောင်ခေတ် အမျိုးသမီးစာဆို “အနောက်နန်းမတော် မမြကလေး” အကြောင်း

ကုန်းဘောင်ခေတ်တွင် အမျိုးသမီးစာဆို အများအပြားပေါ်ထွန်းခဲ့ရာ “အနောက်နန်းမမြကလေး”၊ “အနောက်နန်းမတော် မမြကလေး’ဟူ၍ ဝိသေသပြုရသော မမြကလေး (၁၁၇၁-၁၂ဝ၇) မှာ ထင်ရှားသော စာဆိုတစ်ဦးဖြစ်ပါသည်။

မမြကလေးသည် ဟင်္သာတမြို့ဇာတိဖြစ်၍ မိဘနှစ်ပါးမှာ သာရဝေါပဲ့နင်းမင်းပျံချီနှင့် မယ်အိတို့ဖြစ်သည်။ ငယ်မည်မှာ မမြကြုတ်ဖြစ်သည်။ လှပချောမွေ့သော မမြကြုတ်ကို အိမ်နီးချင်းတို့က ငယ်စဉ်ကပင် မြမြဟူ၍ ချစ်စနိုးခေါ်ကြသည်။

ဘကြီးတော်မင်း လက်ထက် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားရာ ညီတော်အိမ်ရှေ့စံ သာယာဝတီမင်းသည် အောက်မြို့ ကျေးရွာများသို့ ချီတက်သည်။ စစ်ပြီးသည့်နောက်နေပြည်တော်သို့မပြန်သေးဘဲ ဓနုဖြူမြို့တွင်စံနေစဉ် မမြကြုတ်၏ သတင်းကို ကြားသည့်အတွက် ဟင်္သာတသူကြီး ဦးရွှေလူမှတစ်ဆင့် ခေါ်ယူသိမ်းပိုက်သည်။

နေပြည်တော်သို့ပြန်ရောက်ပြီးနောက် မမြကြုတ်တို ‘မမြကလေး’ဟု ချစ်မြတ်နိုးစွာအမည် ပြောင်းလဲခေါ်ပြီး အိမ်ရှေ့မိဖုရားအဖြစ် မြှောက်စားချီးမြှင့်သည်။ သာယာဝတီမြို့အပါအဝင် ရွှေလောင်းတိုက်ကိုပေး သနားသည့်အတွက် ရွှေလောင်းတိုက်သခင်မမြကလေး ဟူ၍ထင်ရှားသည်။မမြကလေး၏ကံဇာတာတက်ချိန် ဟုဆိုနိုင်သည်။

မမြကလေးသည် သားဦးရတနာဖွားမြင်ရာ ငယ်စဉ်ကပင် ကွယ်လွန်သည်။ ဒုတိယအကြိမ် သမီးတော်တစ်ပါးဖွားမြင်ရာ ထိုသမီးတော်မှာ လှိုင်ထိပ်ခေါင်တင်အမည်ဖြင့် ကျော်ကြားသည့် အမျိုးသမီး စာဆိုတစ်ဦးဖြစ်လာသည်။တတိယအကြိမ် သားအမြွှာ ဖွားမြင်ရာတွင်လည်း ငယ်စဉ်ကပင် ကွယ်လွန်ကြသည်၊

သာယာဝတီမင်းသည် ၁၂ဝ၂ ခုနှစ်တွင် ရာဇဘိသေကမုဒ္ဓာဘိသိတ်ခံယူတော်မူရာ မမြကလေးကို သီရိမဟာသုရတနာစန္ဒာဒေဝီဘွဲ့ဖြင့် အနောက်နန်းတင် သည့်အတွက် ‘အနောက်နန်းမမြကလေး´ဟု ထင်ရှား လာသည်။ သမီးတော် လှိုင်မြို့စားမင်းသမီးကိုလည်း သီရိသုမြတ်စွာရတနာဒေဝီဘွဲ့ ချီးမြှင့်သည်။

မမြကလေးသည် တေးထပ်၊ လှေတော်သံ၊ ပတ်ပျိုး စသော တေးသီချင်းများစွာ ဖွဲ့ ခဲ့သော ဂီတစာဆို ဖြစ်သည့်အလျောက် သာယာဝတီမင်းက မမြကလေးကို များစွာအရေးပေးသည်။ သာယာဝတီမင်းကိုယ်တိုင်လည်း မိကျောင်းတူရိယာကိုကျွမ်းကျင်စွာ တီးခတ်နိုင်သည့်အလျောက် လွမ်းတော်ပြေ ကက္ကရား၊ နန်းလုံးနိုး ခေါ် မိကျောင်းတော်များကို ကိုယ်တော်တိုင်တီးခတ်ရာ၌ မမြတ်လေးရေးဖွဲ့သော သီချင်းများကိုတီးလေ့ရှိသည်ဟု ဆိုသည်။

မမြကလေးမှာလည်း စောင်းတီး ကျွမ်းကျင်သူဖြစ်သည်။ အဆင်းလည်းလှ အသံလည်း ကောင်းသော မမြကလေးသည် မောင်တော်သာယာဝတီမင်း မြတ်နိုးရသော စာဆိုမိဖုရားတစ်ပါးအဖြစ် တင့်တင့်တယ်တယ်ရှိခဲ့သည်။

မမြကလေး၏ အဆောင်တော်သို့ မောင်တော်ကြွလာသောအခါ မမြကလေးက မိမိရေးဖွဲ့သောတေးသီချင်းများကို အဆိုတော်သီရိမဟေအား သီဆိုစေလျက် မိမိက စောင်းတီး၍ ဖျော်ဖြေသည်ဟု အမှတ်အသားရှိပါသည်။

သာယာဝတီမင်းသည် ၁၂၀၃ ခုနှစ်တွင် ဒဂုံ ဆံတော်ရှင်ဘုရားဖူးရန် အခြွေအရံများဖြင့် ရန်ကုန်သို့စုန်ဆင်းရာ ရေကင်းမြို့သို့ အရောက်တွင် မမြ ကလေးတည်ထားသော စေတီသုံးဆူကို မမြကလေး၏ လျှောက်ထားချက်အရ လောကဇေယျာ၊ လောကဥသျှောင်၊ လောကမှန်ကူဘွဲ့တော်များ ကပ်လှူသည်။

ဒဂုံဆံတော်ရှင်ဘုရားကိုဖူးမြင်ပြီးအပြန်တွင် မမြကလေး လျှောက်ထားချက်အရ အနောက်ဘက်စောင်းတန်းကို ဆောက်လုပ်လှူဒါန်းခွင့်ပြုသည်။ အနောက်ဘက် စောင်းတန်းသည် ရှေးအခါက မမြကလေးစောင်းတန်း” ဟု ထင်ရှားကြောင်း အမှတ်သားရှိသည်။

သာယာဝတီမင်းကလည်း ကျပ်အချိန် နှစ်သောင်းငါးထောင်ရှိ ကြေးခေါင်းလောင်းတော်ကြီးကို သွန်းလုပ်လှူဒါန်းသည်။ နေပြည်တော်သို့ပြန်ရောက်ပြီးနောက် မြို့တော် မြောက်မျက်နှာ စန္ဒာမုနိစေတီတော်တွင် ဆွဲလှူရန် ရွှေဆည်းလည်း၊ ငွေဆည်းလည်း၊ ကြေးဆည်းလည်းများ လှူဒါန်းကာ မင်းတရားကြီးနှင့်အတူ ရေစက်သွန်းခဲ့သည်။

ထို့ပြင် မြို့တော်ရှေ့တွင် ရတနာလောကစေတီ၊ ဟင်္သာတမြို့တွင် မယ်တော်ဘုရား ၊မင်းအိုကျောင်းအရှေ့ အုတ်ကျောင်း ၊တက်သေးကုသိန္ဒာရုံ ဘုရားစသည့်ကုသိုလ်တော်များ ဆောက်လုပ်လှူဒါန်းသည်။

မမြကလေးသည် ပတ်ပျိုးအများအပြားရေးဖွဲ့ခဲ့သည်။ ‘ကံခေကြံလေ’ ချီ ၊’ကြင်ယောင်ခင်ယောင်’ ချီ၊ ‘ချစ်သမျှကို’ချီ၊ ‘ဂန္ဓမာရိပ်သာ’ ချီ၊ “ငွေခုံမြေစာ” ချီ၊ ‘နဝရတ် ကယ်ရောင်စုံ’ ချီ၊ ‘နန်းမြေနှင့်ကွာ’ချီ၊ ‘ပြာပြာ ညိုရောင်’ချီ၊ “ဘုံလယ်ခွင်”ချီ၊’ မြယဉ် ရေညို’ချီ ၊ ‘မြိုင်တွင်းကသာ’ချီ ၊’ရှစ်စုံရွက်ကြာ’ချီ၊ ‘ရွှေဖီဂေါ်ဇင်’ ချီ ပတ်ပျိုးများဖြစ်ကြောင်းဆရာကြီးဦးမြင့်ကြည်၏ ‘မြန်မာ့တေးဂီတအနုစာပေသမိုင်း’ တွင် ဖော်ပြထားပါသည်။

ပတ်ပျိုးများအပြင် တေးထပ်၊ ဒွေးချိုး ၊လေးချိုး၊တြိချိုး သီချင်းခံကြီး စသည့် တေးများကိုလည်း ရေးဖွဲ့သည်။ ဣန္ဒာဝုဓနန်းတွင်းဇာတ်တော်ကြီးကိုလည်း မမြ ကလေးပင်ရေးဖွဲ့ခဲ့သည်ဟု အဆိုရှိသည်။

အနောက်နန်းမတော်မမြကလေးသည် ထီးနန်း တွင်မွေးဖွားသူ မဟုတ်သော်လည်း ၎င်းရေးသောစာများသည် ကျစ်လျစ်ပြေပြစ်၍ ထီးမူနန်းရာပါလှ၏ ဟူ၍လည်းကောင်း၊ မမြကလေး၏သီချင်းများကို ထောက်ရှု၍ မမြကလေးသည် အမျှော်စိုက်အလွမ်း စာဆိုတစ်ယောက် အချစ်ကိုမြတ်နိုးတန်ဖိုးထားသူ တစ်ယောက်ဖြစ်ကြောင်း သိရပါသည်ဟူ၍လည်း ကောင်း ဆရာကြီးဦးမြင့်ကြည်က သုံးသပ်ထားသည်။

‘ရှစ်စုံရွတ်ကြာ’ချီပတ်ပျိုးကို အကောင်းဆုံးအမျှော်စိုတ်ပတ်ပျိုးဟု ဆရာကြီးက အကဲဖြတ်သည် မမြကလေး၏သီချင်းများကိုကြည့်လျှင် စာဆိုသည် မောင်တော်သာယာဝတီမင်းကို အလွန်ချစ်မြတ်နိုးကြောင်း၊မောင်တော်၏ချစ်ခင်ယုယမှုကို အမြဲမျှော် လင့်နေကြောင်း၊ မောင်တော် ကြွမလာသည့်အတွက် လွမ်းဆွေးနေရကြောင်း အထင်အရှားတွေ့ရပါသည်။ မောင်တော်နှင့်အတူ ကုသိုလ်ကောင်းမှုပြုတာ ပါရမီ ဖြည့်ဖက်အဖြစ် မောင်တော်ကို လေးစားမြတ်နိုးသူဖြစ်သည်။

‘ချစ်သမျှကို’ပတ်ပျိုးရေးဖွဲ့ရသည့်အကြောင်းရင်းတွင် မမြကလေး၏ ဘဝအလှည့်အပြောင်းကို တွေ့ရသည်။ သာယာဝတီမင်းသည် မမြကလေးကို အထင်တော်လွဲမှား၊ အမျက်တော်ပွားကာ ကြေးတိုက်တွင် အကျဉ်းချထားသည်။ မမြကလေးက မောင်တော်ကို မည်မျှချစ်မြတ်နိုးပါကြောင်း၊ ‘ချစ်သမျှကို’ပတ်ပျိုးကို ရေးသားဆက်သွင်းသောအခါတွင်မှ အကျဉ်းမှလွတ်မြောက်ရသည်။

မမြကလေးကို အမျက်တော်ပွားရ ခြင်း၏အကြောင်းရင်းမှာ သားတော်ပြည်မင်းသားနှင့် သင်္ကာမကင်းဖြစ်သည့်ကိစ္စက စတင်ခြင်းဖြစ်သည်။ ပြည်မင်းသား၏ သားတော်များကို နားထွင်းသျှောင်ထုံး မင်္ဂလာဆင်ယင်ကာ သာမဏေပြုသည့်ပွဲတွင် မမြကလေး၏ အဆောင်မှပစ္စည်းများကို အသုံးပြုကြောင်း သာယာဝတီမင်းသိသောအခါ အထင်လွဲပြီး ကြေးတိုက်တွင်အကျဉ်းချခဲ့ခြင်းဖြစ်သည်။

ချစ်သမျှကို ပတ်ပျိုးကိုဆက်ဆ၍ အကျဉ်းမှလွတ်ခဲ့သော်လည်း ပြဿနာပြီးငြိမ်းမသွားပါ။ သာယာဝတီမင်းသည် သားတော်ပြည်မင်းသားကိုလည်း မယုံ၊ အနောက်နန်း မိဖုရား မမြကလေးကိုလည်းမယုံဟူသော အခြေအနေ သို့ရောက်နေသည်။

ပြည်မင်းသားနှင့်မမြကလေးတို့ မှာ သက်တူရွယ်တူ ဂီတဝါသနာတူသူများဖြစ်သည့် အတွက် ရင်းရင်းနှီးနှီးဆက်ဆံသည်ကို မလိုသူတို့က အခွင့်ကောင်းယူပြီး ကုန်းချောကြသည်။

သားတော်ပြည်မင်းသား ပုန်ကန်သည်ဟုစွပ်စွဲ၍ လိုက်လံဖမ်းဆီးစေပြီး သားတော်ပုဂံမင်းထံအပ်ထားစဉ် ပုဂံမင်းက စစ်မေးချက် ထွက်ဆိုချက်များကို မင်းတရားကြီးထံလျှောက်ထားဆက်သွင်းစေသည်တွင် မမြကလေးကို ‘ပြည်မင်းသားနှင့် နှလုံးစိတ်ဝမ်းမကွဲမပြား တ‌ရောတယှက်တည်းပါဝင်သူ’ဟု စွပ်စွဲထားကြောင်း ရာဇဝင်ကျမ်းများတွင် ဆိုသည်။

သာယာဝတီမင်းမှာ မမြကလေးကို ပြည်မင်းသားနှင့်ဖောက်ပြန်သည်ဟု သင်္ကာမကင်းဖြစ်နေသည့်အလျောက် အမျက်တော်ကြီးမားပြီး မမြကလေးနှင့် မယ်တော်မယ်အိတို့ကို ထုံးစံ နှင့်အညီ အဆုံးစီရင်ရန် အမိန့်ချမှတ်လေတော့သည်။

မမြကလေးမှာ စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။ သုသာန်သို့မထုတ်မီ တစ်ညတွင် ‘လောကဓံရှစ်ပါး၊ ဘုရား ပဟောရာ၊ ဖြစ်ပျက်မြဲ ဓမ္မတာ၊ သေချာစွာမှတ်စွဲ၊ သတ္တဝါတို့မည်သည်၊ မတည်ကြည်ဖောက်ပြန်တတ်မြဲ အစချီသည့်ထေးထပ်ကို ရေးဖွဲ့ခဲ့သေးကြောင်း ဦးဖေမောင်တင်၏မြန်မာစာပေသမိုင်းတွင် တွေ့ရသည်။

ရာဇဝင်ကျမ်းများတွင် ပြည်စားသားငယ်လေးယောက်တို့နှင့် အနောက်နန်းမိဖုရား ၎င်းဆွေမျိုးတို့ကို ထုံးစံနှင့်အညီ စီရင်တော်မူ၏ ဟုတွေ့ရသည်။

သာယာဝတီမင်းသည် ထိုအချိန်က စိတ်နှလုံးဖောက်ပြန်သည့်ဝေဒနာ စွဲကပ်နေသည်ဟုဆိုရာ ထိုအခြေအနေကလည်း ကြေကွဲဖွယ်ဖြစ်ရပ် ပေါ်ပေါက်အောင် တွန်းပို့ပေးလေ သလားဟု တွေးစရာဖြစ်ပါသည်။

ထူးချွန်ပြောင်မြောက်သော အမျိုးသမီးစာဆို အနောက်နန်းမမြကလေးမှာ အသက် ၃၆ နှစ်အရွယ် အရွယ်ကောင်းမှာပင် ကွယ်လွန်အနိစ္စရောက်ရရှာသည်။ မမြတ်လေးနှင့် မယ်အိကို သရက်တစ်ပင် သင်္ချိုင်းသို့ သယ်ဆောင်လာပြီးနောက် မင်းဝံတောင် စွယ်တွင် နေရောင်ကွယ်လှသောအခါ တစ်နေရာစီ ခွဲ၍ မယ်အိကို အရင်သတ်နှင့်သည်။

မမြကလေးကို သတ်ရန် ဆံထုံးကိုဆွဲ၍လှဲမည်အပြုတွင် ရုတ်တရက် ထကာ ရှေးဘုန်းရှေးကံအရ မိဖုရားဖြစ်ခဲ့ရသူကိုသတ်ခွင့်ရှိ၍ သတ်ရန်ပြုစေကာမူ ဘုန်းကံမမျှသော အရှင်သခင်ကို မရိုမသေမပြုထိုက်ကြောင်း သူသတ်လက်မရွံ့ တို့ကိုဆုံးမပြီးမှ ‘ငါသေရမည်ကိုမကြောက်၊ ငါ့အလိုအလျောက် ရိုက်နှက်ရန်အမိန့်ပေးမည်’ဟုဆို၍ တုံးပေါ်တွင် လည်ပင်းတင်တာ မျက်စိမှိတ်လျက် ကွက်မျက်ရန် အမိန့်ပေးသည်။ ထိုအခါမှ သူသတ်တို့က ထုံးစံအတိုင်း စီရင်ကြကြောင်း မှတ်သားရပါသည်။

မောင်ခင်မင်(ဓနုဖြူ)
မြဝတီ ရသစုံမဂ္ဂဇင်းမှ
Crd-photo

Leave a Reply

Your email address will not be published.