အာရှဒေသရှိ ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ်နေရာများ
ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂံဒေသဟာ ယူနက်စကိုယဉ်ကျေးမှုအမွေအနှစ် နေရာတစ်ခုအဖြစ် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှာ သတ်မှတ်ခံခဲ့ရပါတယ်။ ဒီလိုပဲ အာရှဒေသမှာ ယူနက်စကိုအမွေအနှစ် သတ်မှတ်ခံရတဲ့ နေရာများစွာရှိနေပါတယ်။
မျက်စိပသာဒဖြစ်စရာ မြေမျက်နှာသွင်ပြင်အနေအထားတွေ ထူးခြားပြောင်မြောက်တဲ့ ဗိသုကာလက်ရာတွေ၊ သမိုင်းဝင်နေရာတွေ၊ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ အံ့အား သင့်စရာနေရာတွေနဲ့ ဘာသာရေးယုံကြည်မှုအထိမ်းအမှတ် ဗဟိုဌာနတွေပဲဖြစ်ကြပါတယ်။
ဒီလိုထူးခြားတဲ့ နေရာ၊ ဒေသ၊ အဆောက်အအုံတွေကို တင်ပြလိုက်ရပါတယ်။
၁။ တာ့ဂ်ျမဟာ (အိန္ဒိယ)
တာ့ဂ်ျမဟာအဆောက်အအုံသည် အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ်တွင် တည်ရှိသည်။ယူနက်စကို ကမ္ဗည်းထိုးသည့်ခုနှစ်ကတော့ ၁၉၈၃ ခုနှစ် ဖြစ်သည်။
တာ့ဂျ်မဟာအဆောက်အအုံသည် ဥတ္တာပရာဒေ့ရှ်ပြည်နယ်ရှိ၊ အဂ္ဂရာဘောတွင် အကျယ်အဝန်း ၁၇ ဟက်တာနီးပါးရှိသော Mughal ဥယျာဉ်အတွင်းရှိ ယမုန်နာမြစ်၏ လက်ယာဘက်ကမ်းတွင်ရှိသည်။
၎င်းအဆောက်အအုံကို Mughal ဧကရာဇ် ရှားဂျဟန်းက မိဖုရား Mumtaz Mahal ၏ အမှတ်တရအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တည်ဆောက်မှုများကို အေဒီ ၁၆၃၂ ခုနှစ်တွင်စတင်ခဲ့ပြီး အေဒီ ၁၆၄၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။
ဗလီ၊ ဧည့်ရိပ်သာ၊ တောင်ဘက်ရှိ အဓိကဝင်ပေါက်လမ်း၊ အပြင်ဘက်ခြံဝင်းနှင့် ပတ်ဝန်းကျင်နေရာများကို နောက်ပိုင်းတွင် ထပ်မံတည်ဆောက်ခဲ့ပြီး အေဒီ ၁၆၅၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။
အဆောက်အအုံဆောက်လုပ်ရန်အတွက် ပန်းရံဆရာများ၊ ကျောက်တုံးဖြတ်သမားများ၊ ပန်းပုထုသူများ၊ ပန်းချီဆရာများ၊ လက်ရေးအလှရေးသူများ၊ ဆောက်လုပ်ရေးပညာရှင်များနှင့် အခြားပညာရှင်များကို အင်ပါယာတစ်ခုလုံးအပြင် အလယ်အာရှနှင့် အီရန်တို့မှ ခေါ်ယူခဲ့သည်ဟုသိရသည်။အဓိက ဗိသုကာ ပညာရှင်မှာ အူစတက်အာမက်လာဟိုရီဖြစ်သည်။
၂။ အန်ကော (ကမ္ဘောဒီးယား)
ကမ္ဘောဒီးယားနိုင်ငံ၊ဆီရန်ဂိုတွင် တည်ရှိသည်။ယူနက်စကို ကမ္ပည်းထိုးသည့် ခုနှစ်မှာ ၁၉၉၂ ခုနှစ်ဖြစ်သည်။
အန်ကောသည် အရှေ့တောင်အာရှဒေသတွင် အရေးအပါဆုံးသောရှေးဟောင်းသုတေသနနေရာ တစ်ခုဖြစ်သည်။ အန်ကောရှေးဟောင်းသုတေသန ဥယျာဉ်တွင် ၉ ရာစုမှ ၁၅ ရာစုအတွင်း ခမာအင်ပါယာ၏ကွဲပြားခြားနားသည့်မြို့တော်များ၏ ထူးခြားပြောင်မြောက်သော ရုပ်ကြွင်းများ တည်ရှိသည်။
၎င်းတို့ထဲတွင် နာမည်ကျော် အန်ကောဝပ်ဘုရားကျောင်း၊ အန်ကောထုံ၊ ဘေယွန်၊ပရီစန်နှင့် တာပရွန်တို့ပါရှိပြီ၊ ၎င်းတို့အားလုံးတွင် မရေတွက်နိုင်သော ပန်းပုလက်ရာများ ရှိသည်။
ယူနက်စကိုက အထိမ်းအမှတ်နေရာဖြစ်သည့် အန်ကောနယ်မြေနှင့် ၎င်း၏ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ကျယ်ပြန့်သောအစီအစဉ် တစ်ခု ရေးဆွဲချမှတ်ထားသည်။
၃။ သမိုင်းဝင် ဗီဂန်မြို့ (ဖိလစ်ပိုင်)
ဖိလစ်ပိုင်နိုင်ငံ၊အီလိုကော့ဆာ၊ လူဇုန်တွင် တည်ရှိသည်။ယူနက်စကို ကမ္ပည်းထိုးသည့်ခုနှစ်မှာ ၁၉၉၉ ခုနှစ် ဖြစ်သည်။
ဗီဂန် (vigan)မြို့ သည် ၁၆ ရာစုတွင် တည်ထောင်ခဲ့သည့် အာရှဒေသ၏ အစီအစဉ်ကျနသော စပိန်ကိုလိုနီမြို့ တစ်မြို့ဖြစ်ပြီး ပျက်စီးယိုယွင်းမှုမရှိသော နမူနာကောင်းနေရာလည်းဖြစ်သည်။
၎င်း၏ဗိသုကာ လက်ရာမှာ ဖိလစ်ပိုင်၊ တရုတ်၊ ဥရောပနှင့် မက္ကဆီကိုတို့မှလက်ရာများပေါင်းစပ်ထားရှိပြီး အရှေ့နှင့် အရှေ့တောင်အာရှတွင် အလားတူမြို့ ပုံစံမရှိပေ။
ကိုလိုနီခေတ်မတိုင်မီ အရေးပါသော ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်သည့် ဗီဂန်သည် လူဇုန်ကျွန်းမကြီး၏ အနောက်မြောက်ကမ်းရိုးတန်းတစ်လျှောက်ရှိ Abra မြစ်ဝကျွန်းပေါ်ဒေသတွင်တည်ရှိသည်။
ယူနက်စကို ကမ္ဗည်းတင်ထားသည့် စုစုပေါင်းဧရိယာမှာ ၁၇ ၁သမ ၂၅ ဟက်တာရှိသည်။ရိုးရာပလာဇာ အဆောက်အအုံ ၂ ခု ပါရှိပြီး စိန်ပေါလ်ဘုရားကျောင်း Arch bishop နန်းတော်၊ မြို့တော်ခန်းမနှင့် ခရိုင်ကက်ပီ တိုအဆောက်အအုံတို့လည်း တည်ရှိသည်။
၄။ လန်ဂေါင်းချိုင့်ဝှမ်း ရှေးဟောင်းသုတေသန အမွေအနှစ်နယ်မြေ (မလေးရှား)
မလေးရှားနိုင်ငံ၊ဟူလူဗီရက်ခရိုင်၊ ပီရက်တွင် တည်ရှိသည်။ယူနက်စကို ကမ္ပည်းထိုးသည့်ခုနှစ် မှာ ၂၀၁၂ ခုနှစ်ဖြစ်သည်။
စိမ်းလန်းစိုပြည်သော လန်ဂေါင်းချိုင့်ဝှမ်းတည်ရှိသည့် အဆိုပါ မြေတွင် ရှေးဟောင်းသုတေသနနေရာ ၄ ခုမှာ ၂ ခုစီတွဲလျက် တည်ရှိပြီး ၎င်း၏သက်တမ်းမှာ နှစ်ပေါင်း ၂ သန်းရှိသည်။
အဆိုပါနယ်မြေတွင် ပွင့်လင်းလတ်ဆတ်သောလေနှင့် လိုဏ်ဂူများတည်ရှိပြီး စိတ်ဝင်စားဖွယ်ရာ ရှေးဟောင်းနည်းပညာ အထောက်အထားများရှိသည့် ရှေးဟောင်း ကျောက်ခေတ် အလုပ်ရုံများလည်းရှိသည်။
အဆိုပါဒေသတွင် တွေ့ရှိရသော နယ်မြေများမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၂ ဒသမ ၅ သန်းကာလ ကျောက်ခေတ် (Palaeolithic) နှင့် ကျောက်ခေတ်နှောင်းပိုင်းခေတ် (Neolithic)ယဉ်ကျေးမှု လက်ရာများကို တွေ့ရှိရသည်။
၅။ ဆူမတြာ အပူပိုင်းမုတ်သုံသပ်တာ အမွေအနှစ် (အင်ဒိုနီးရှား)
အင်ဒိုနီးရှားနိုင်ငံ၊ဆူမတြာဒေသတွင် တည်ရှိသည်။ယူနက်စကို ကမ္ဗည်းထိုးသည့်ခုနှစ်မှာ ၂၀၀၄ ခုနှစ် ဖြစ်သည်။
ဧက ၂ ဒသမ ၅ သန်းကျယ်ဝန်းသည့် ဆူမတြာ အပူပိုင်းမုတ်သုံသစ်တောအမွေအနှစ်တွင် အမျိုးသား ဥယျာဉ် ၃ ခုဖြစ်သည့် Gunung Leuser အမျိုးသား ဥယျာဉ်၊ Kerinci Seblat အမျိုးသားဥယျာဉ်နှင့် Bukit Barisan Selatan အမျိုးသားဥယျာဉ်တို့ ပါဝင်သည်။
အဆိုပါနယ်မြေမှာ ဆူမတြာကျွန်း၏ ထင်ရှားသော ရှားပါးတိရစ္ဆာန်နှင့်အပင်မျိုးစိတ်များ ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် အကြီးမားဆုံးအလားအလာကောင်း နေရာဖြစ်သည်။
အဆိုပါ စောင့်ရှောက်ကာကွယ်ရေးနယ်မြေသည် ဒေသခံအပင်နှင့် တိရစ္ဆာန်မျိုးစိတ် ၁၇ ခု၊ နို့တိုက်သတ္တဝါမျိုးစိတ် ၂ဝဝ တို့နေထိုင်ရာဖြစ်ပြီး ငှက်မျိုးစိတ် ၅၈ဝ ခန့်လည်းနေထိုင်ကြသည်။
ဆူမတြာကျွန်းရှိ အပင်စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကို ၎င်းဥယျာဉ် ၃ ခုတွင် တွေ့ရှိရသည်။ အဆိုပါနယ်မြေတွင် ဆူမတြာ ကျွန်းဖြစ်ပေါ်လာခြင်း၏ ဇီဝပထဝီဆိုင်ရာအထောက်အထားများလည်း တွေ့ရှိရသည်။
Author-ခေတ်ညီ, Knowledge Light
Credit-Photo