လင်းယုန်ငှက်မျိုးစိတ် Harpy Eagles အကြောင်း

လင်းယုန်ငှက်မျိုးစိတ် Harpy Eagles အကြောင်း

ကမ္ဘာပေါ်က အကြီးမားဆုံးသော လင်းယုန်ငှက်မျိုးစိတ်တွေအနက်မှာ Harpy Eagles တွေဟာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး မြောက်အမေရိကတိုက်ရှိ မက္ကဆီကိုမှစပြီး အလယ်အမေရိကတစ်တိုက်လုံးနီးပါး၊ ယင်းကနေ တောင်အမေရိကတိုက်ရှိ အာဂျင်တီးနားနိုင်ငံတွေမှာ အများအားဖြင့် တွေ့ရှိရပါတယ်။

Harpy Eagles တွေဟာ အပူပိုင်းမိုးသစ်တောကြီးတွေရဲ့ တောအနက်ဆုံးအပိုင်းတွေဖြစ်တဲ့ အလယ်ပိုင်းနေရာတွေမှာတွေ့ရလေ့ရှိပြီး ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၃ဝဝဝ ကျော်နေရာတွေနဲ့

တချို့ ဆိုရင် ပေ ၆၆ဝဝ လောက် နိမ့်ကျတဲ့ ချောက်ကမ်းပါးကြီးတွေထဲမှာတောင် နေထိုင်နိုင်ကြပါတယ်။ Hapy Eagles တွေရဲ့ ပုံမှန် သက်တမ်းကတော့ ၂၅ နှစ်ကနေ ၃၅ နှစ် သက်တမ်းအထိရှိပါတယ်။

ခန္ဓာဗေဒအချက်အလက်

ဒီလင်းယုန်ငှက်တွေဟာ ခန္ဓာကိုယ်အရှည် ၂ ပေ ၁၀ လက်မကနေ ၃ ပေ ၆ လက်မလောက်အထိ ရှိပြီး တောင်ပံတစ်စုံရဲ့ အလျားအရှည်က တော့ ၅ ပေ ၉ လက်မကနေ ၇ ပေ ၄ လက်မအထိရှိပါတယ်။

Harpy Eagles အမတွေက အထီးတွေထက် အလေးချိန်ပိုစီးပါတယ်။ ပျမ်းမျှအားဖြင့် အမတွေက ၁၃ ပေါင်မှ ၂ဝ ပေါင်အထိရှိပြီး အထီးတွေကတော့ ၈ ဒသမ ၈ ပေါင်မှ ၁၁ ပေါင်အထိ ရှိပါတယ်။

Harpy Eagles တွေဟာ လင်းယုန်ငှက်မျိုးနွယ်ထဲတွင် အကြီးမားဆုံးသော နှုတ်သီးတွေ၊ လက်သည်း တွေကိုပိုင်ဆိုင်ထားကြပြီး သူတို့ရဲ့ခြေထောက်တွေဟာ လူတစ်ယောက်ရဲ့ လက်ကောက်ဝတ်လောက်ရှိတာကို လည်းတွေ့ရပါတယ်။

ဒီလင်းယုန်ငှက်တွေရဲ့ အရောင် ကတော့ မီးခိုးရောင်နက်နက် ဖြစ်ကြပြီး လည်ပင်းအောက် ရင်အုံဘက်ပိုင်းနေရာမှာတော့ အဖြူရောင် အမွေးအမှင်တွေရှိနေပါတယ်။ ဦးခေါင်းပိုင်းမှာဆိုရင် မီးခိုးရောင်ဖျော့ဖျော့အသွင်ကိုတွေ့ ရမှာဖြစ်ပြီး သူတို့ရဲ့အမောက်ဟာ နှစ်ထပ်ဖြစ်ပါတယ်။

အညိုရောင်၊ သို့မဟုတ် မီးခိုးရောင် မျက်လုံး အနက်ရောင် နှုတ်သီး၊ အဝါရောင် ခြေထောက်နဲ့အနက်ရောင်လက်သည်းတွေကိုပိုင်ဆိုင်ကြတဲ့ Harpy Eagles တွေဟာ အမဲလိုက်မုဆိုးကျော်တွေအဖြစ် လည်း လူသိများပါတယ်။

တိုက်ခိုက်ရေးသမားကောင်း Harpy Eagles ငှက်တွေဟာ တိုက်ခိုက်ရေးမှာ လည်းကျွမ်းကျင်ကြပြီး အခြားအင်အားကြီးရန်သူတွေ လက်ကရုန်းထွက်ရာမှာလည်း အလွန်ဉာဏ်များသူ တွေဖြစ်ကြပါတယ်။

Harpy Eagles တွေဟာ နေ့ခင်းဘက်အချိန်တွေမှာပဲ ကျက်စားလေ့ရှိကြပြီး သူတို့ရဲ့အချိန်အများစုကတော့ အမဲလိုက်ခြင်းနဲ့ကုန်ဆုံးလေ့ ရှိကြတာဖြစ်ပါတယ်။

သူတို့တွေဟာ ၁ လက်မလောက်ရှိတဲ့အရွယ်အစားကို ကောင်းကင်မီတာ ၂၀၀ လောက် ကနေမြင်နိုင်တဲ့အထိ အမြင်အာရုံစူးရှလေ့ရှိကြပြီး တစ်နာရီကို မိုင် ၅၀ လောက်အထိ အမြန်ဆုံးနှုန်းထားနဲ့ ပျံသန်းနိုင်ကြပါတယ်။

ကျယ်ပြန့်တဲ့အတောင်တွေကို ပိုင်ဆိုင်ထားတာကြောင့်လည်း တစ်ဖြောင့်တည်းနီးပါး ပျံသန်းနိုင်ကြသလို သားကောင်ကို မြေပြင်ပေါ်မှာသာမက ဝေဟင် ထက်ကနေပါ တစ်ရှိန်ထိုးထိုးဆင်းပြီး တိုက်ခိုက်နိုင်ကြပါတယ်။

Harpy Eagles ရဲ့သားကောင်များ

Harpy Eagles တွေရဲ့ သားကောင်စာရင်းမှာ ဆိုရင် မျောက်တွေ၊ မျောက်မောင်းမတွေ Opossum လို့သိကြတဲ့ အပင်ပေါ်မှာနေထိုင်တဲ့ သားပိုက်ကောင် ငယ်တွေကနေ တောဝက်လို ၊သမင်လို၊ ဖြူကောင်လို ရှဉ့်တွေလို သတ္တဝါတွေအထိ ပါဝင်လေ့ရှိပါတယ်။

ဒါ့အပြင် တွားသွားသတ္တဝါတွေဖြစ်တဲ့ မြွေ၊ ဖွတ်စတဲ့ သတ္တဝါတွေဟာလည်း အဲဒီလင်းယုန်ငှက်တွေရဲ့ အစာ စာရင်းမှာ ပါဝင်နေပါတယ်။

သားပေါက်ကာလ

Harpy Eagles တွေရဲ့မိတ်လိုက်ရာသီကတော့ မိုးရာသီအစပိုင်းတွေဖြစ်တဲ့ ဧပြီလနှောင်းပိုင်း၊ သို့မဟုတ် မေလအတွင်းဖြစ်ပါတယ်။ ငှက်အမတွေ ဟာ တစ်ခါသားပေါက်ပြီးရင် ၂ နှစ်၃ နှစ်လောက်ခြားပြီးမှသာ ထပ်မံသားပေါက်လေ့ရှိကြသည်ကိုတွေ့ ရပါတယ်။

မျိုးသုဉ်းပျောက်ကွယ်စာရင်းဝင် ဝါရှင်တန်ကွန်ဗန်းရှင်းလို့သိကြတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ အပင်မျိုးစိတ်ထိန်းသိမ်းရေးအဖွဲ့ (CITES – Conventionon International Trade in Endangered Speices of Wild Fauna and Flora)ရဲ့ စာရင်းတွေအရဆိုရင်တော့ Harpy Eagles တွေဟာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရှားပါးတိရစ္ဆာန်စာရင်းမှာ ပါဝင်နေပါတယ်။

မျိုးသုဉ်းရခြင်းရဲ့ အဓိကအချက်မှာ သစ်တောပြုန်းတီးခြင်း၊ လယ်ယာမြေချဲ့ထွင်ခြင်းနဲ့ မွေးမြူရေးလုပ်ငန်းများ ချဲ့ထွင်လာခြင်းတို့ဖြစ်ပါတယ်။ ယင်းအချက်များက Harpy Eagles တွေအတွက် အစာရေစာရှားပါးလာမှုကို ဖြစ်ပေါ်စေပါတယ်။

Harpy Eagles တွေဟာ ပနားမားနိုင်ငံရဲ့ အထိမ်းအမှတ်လင်းယုန်ငှက်ဖြစ်ပြီး မျိုးရိုးအဆောင်အယောင်အမှတ်အသား တစ်ခုအဖြစ် အသုံးပြုလျက် ရှိတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ဘရာဇီးနိုင်ငံက Harpy Eagles တွေကို မျိုးနွယ်စုခေါင်းဆောင်တွေ ရဲ့သင်္ကေတအမှတ်အသားအဖြစ်သတ်မှတ်ပြီး အသုံးပြုကြပါတယ်။

Author – ရဲမာန်ခအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published.