စိတ်ဓါတ်ကြည်လင် စစ်ကိုင်းမင်း စည်သူကျော်ထင်

စိတ်ဓါတ်ကြည်လင် စစ်ကိုင်းမင်း စည်သူကျော်ထင်

မြန်မာသက္ကရာဇ် ၇၂၆ ခုနှစ်တွင် စစ်ကိုင်းမြို့တည်၊ နန်းတည်သီရိအသင်္ခယာစောယွမ်းမင်း၏မြေးတော် သတိုးမင်းဖျားက ရတနာပူရအဝမြို့ကိုတည်ထောင်၍ မင်းပြုခဲ့ရာ ပထမအင်းဝမင်းဆက် ၁၉ ဆက်မှ သက္ကရာဇ် ၉၅၅ ခုနှစ်တိုင် အုပ်ချုပ်စိုးစံခဲ့ကြရာနှစ်ပေါင်း ၂၂၉ နှစ် တိုင် ရှည်ကြာခဲ့ပါသည်။

မြို့သက် ၁၈၇ နှစ်အရောက် တွင် ၁၇ ဆက်မြောက်မင်းအဖြစ် စိုးစံခဲ့သူမှာ စစ်ကိုင်းမင်းစည်သူကျော်ထင်ဖြစ်ပြီး သက္ကရာဇ် ၉၁၃ ခုနှစ်၌ စစ်ကိုင်းမှအင်းဝထီးနန်းကို လုပ်ကြံတိုက်ခိုက်သိမ်းပိုက်ကာ နရပတိစည်သူဘွဲ့ခံ၍ သက္ကရာဇ် ၉၁၆ ခုနှစ် တိုင် ၃ နှစ်ကြာမျှ အင်းဝထီးနန်းကို စိုးစံခဲ့ပါသည်။

စစ်ကိုင်းစည်သူကျော်ထင်သည် မင်းမျိုးမင်းနွယ် ဖြစ်ကာ စည်သူကျော်ထင်၏အထက် ဆွေ ၇ ဆက်ကို ရေတွက်ကြည့်လျှင် အဘ၊ အဘိုး၊ အဘေးနှင့် အဘီ တို့အထက် အဘဲ(အဘင်)တော်သူမှာ ပင်းယမြို့တည် တစ်စီးရှင်သီဟသူမင်းကြီးဖြစ်ပါသည်။

၅ ဆက်မြောက် အဘဲ(အဘင်)တော်သူ သီဟသူမင်းကြီးနှင့် မိဖုရား မင်းစောဦး (ပုဂံနရသီဟပတေ့မင်း၏ သမီးတော်)တို့မှ သားတော်ကမ်းနီနော်ရထာ၊ သားပဒုံစား ရာဇသင်္ကြံ၊ သားယင်းစားသက်တော်ရှည်၊သားရှင်စားသရေပုညာ၊ သားသတိုးနှင့်စည်သူကျော်ထင်တို့ဖြစ်သည်။

အင်းဝရွှေနန်းကြော့ရှင် နရပတိမင်းလက်ထက်တွင် နောင်တော်သတိုးမှာ ပုဂံကိုစားရပြီး ညီဖြစ်သူ စည်သူကျော်ထင်သည် စလင်းကို စားရသဖြင့် `စလင်းစည်သူကျော်ထင် တွင်၏။ တစ်ဖန် ရှမ်းမင်းသိုဟန်ဘွား နှင့် အုန်းဘောင်ခုံမှိုင်းတို့လက်ထက်တွင်လည်း မူလစားမြဲဖြစ်သော ကိုယ့်မြို့ကိုယ် စားမြဲစားရလေသည်။

သက္ကရာဇ် ၉ဝ၅ ခုနှစ်တွင် ဟံသာဝတီမင်းတရားရွှေထီးက ပြည်မြို့သို့ ချီတက်တိုက်ခိုက်ရာ စလင်းစည်သူကျော်ထင်လည်း ရှမ်းတို့နှင့်အတူ ပြည်မြို့မှဆုတ်ခွာထွက်ပြေးရာ၌ စလင်းမြို့သို့မဝင်ဘဲ အဝ နေပြည်တော်သို့လိုက်ပါသွားရသည်။

မင်းတရားရွှေထီး တိုက်သဖြင့် စလင်းဖျက်ရာ၌ စည်သူကျော်ထင်၏ မိဖုရားနရပတိမယ်(ပြည်ဘုရင်ထွေး၏ သမီးတော်)နှင့် သားကြီးဖြစ်သူ မင်းကြီးရဲတိုင်တို့ကိုသိမ်းယူတော်မူသည်။ မင်းတရားရွှေထီးသည် ရှင်ရဲထွတ်၏ညီတော်လတ် နန္ဒယော်ဓာ(နောင်တွင် ပြည်ဘုရင်သတိုးဓမ္မရာဇာ)ကို စလင်းစည်သူကျော်ထင်၏မိဖုရားနှင့် ထိမ်းမြားပေး တော်မူသည်။

စည်သူကျော်ထင်မှာ ဟံသာဝတီသို့ ပါသွားရရှာလေသော မိမိ၏ မိဖုရားကိုတမ်းတလွမ်းဆွတ်နေချိန်တွင် စလင်းကို နောက်ထပ်အုပ်စိုးသူ ဟံသာဝတီ စည်သူကျော်ထင်အား စလင်းသားတို့ပုန်ကန်၍ စလင်း မြို့ပြန်ရသောအခါ သခင်ဟောင်း စလင်းစည်သူကျော် ထင်ကိုပြန်အုပ်စိုးရန် အဝမှ ပင့်ဆောင်ကြလေရာ စည်သူကျော်ထင်လည်း လိုက်ပါလာပြီးလျှင် စလင်းကို အုပ်စိုးမြဲ အုပ်စိုးပြန်လေသည်။

ဟံသာဝတီစည်သူကျော်ထင်တိုက်ခိုက်လာ၍ ဆင်တစ်စီးချင်းတိုက်ကြရာတွင် စလင်းစည်သူကျော်ထင် ရှုံး၍ တောတွင်းနေစဉ် ချင်းတို့ကဖမ်းပြီး မိုးညှင်း စော်ဘွားသို့ ဆက်လေသည်။

စစ်ကိုင်းအရပ်ကို အနေပြ၍ အဝကိုလုပ်ကြံရန်အတွက် မိုးညှင်းစော်ဘွားက ဆင်၊ မြင်း သူရဲအလုံးအရင်းဖြင့် ထောက်ပံ့သဖြင့် သက္ကရာဇ် ၉ဝ၇ ခုနှစ်၊ သက်တော် ၅၁ နှစ်တွင် စစ်ကိုင်း၌မင်းပြုရာ ‘စစ်ကိုင်းစည်သူကျော်ထင်’ တွင်ပြန်သည်။

ထိုစဉ်က စည်သူကျော်ထင်မင်းပြုသည့် စစ်ကိုင်းမြို့သည် မင်းနေဌာနဖြစ်သော စစ်ကိုင်းမြို့တော်ဟောင်း ဖြစ်ကြောင်းကို စည်သူကျော်ထင်ထံ၌ ထောင်သင်းမှူးအဖြစ် ခစားသူ(နောင်တွင် ပြည်နဝဒေးကြီး) ဖွဲ့နွဲ့စပ်ဆိုခဲ့သည့် “ထူပါရုံဘုရားတိုင်ရတု’တွင် တွေ့ရှိနိုင်ပါသည်။

စစ်ကိုင်းမင်းဖြစ်စဉ်အတွင်း အင်းဝမင်း မိုးဗြဲ နရပတိနှင့်လည်း မပြတ်စစ်ထိုးရသည်။ စည်သူကျော်ထင်သည် ယောက်ျားပီသပြီး သူရသတ္တိနှင့်ပြည့်စုံကာသစ္စာစောင့်၏၊ မှန်ကန်တော်ဖြောင့်၏၊ အမြော် အမြင်နှင့်လည်း ပြည့်စုံ၏၊ ဆင်အတတ်ကိုလည်း အပြီးတိုင်အောင် တတ်တော်မူ၏၊

ရန်သူအင်းဝမင်းက မုနောလင်ပန်းတွင် စားတော် ပွဲပြင်၍ ပေးပို့လာသည်ကို အမတ်တို့က စားတော် မခေါ်သင့်ကြောင်း လျှောက်တင်ကြသော်လည်း ချစ်မေတ္တာကို အကြောင်းပြု၍ “မစားနေ၍ သင့်မည် မဟုတ်”ဟုဆိုပြီးလျှင် စားတော်ခေါ်လေ၏၊

တစ်ဖန် ရဲမက်ဗိုလ်ပါတို့ကို မှာတော်မူရာတွင် “သူသို့နီးလည်း သူ့ကျွန်ဖြစ်၍ သူ အမှုကို ထမ်းရသည် ၊ငါ့ သို့နီးလည်း ငါ့ကျွန်ဖြစ်၍ ငါအမှုကိုထမ်းရသည် သူ့ ကျွန်ကိုရလျှင် သေအောင်မပြုပါနှင့်”ဟူ၍ မှာတော် မူ၏။ ဖမ်းမိသည့်အင်းဝစစ်သည်များကို ဆေးဝါးကုသ၍ အနာလွတ်လျှင် သားမယားတို့ရှိရာသွားလေတော့ ဟု ပြန်လွှတ်သည်ချည်းဖြစ်သည်။

ထိုအကြောင်းများကို မိုးညှင်းစော်ဘွားကြားလျှင် အပြင်းချီတက်လာပြီး အမျက်ထွက်၍ စစ်ကိုင်းသို့ ပုညရှင် ဘုရားဇရပ်၌ စည်သူကျော်ထင်နှင့်တွေ့ဆုံ မေးမြန်းရာတွင် မိမိအပေါ် သစ္စာတည်သူဖြစ်ကြောင်း သိသည်နှင့် ဆင်မြင်း ဗိုလ်ပါများကို ထပ်လောင်းပေး၍ မိုးညှင်းသို့ပြန်၏။

စည်သူကျော်ထင်လည်း ပြည်သူနှင့် ရဟန်းတို့ကို ပေးကမ်းပိုက်ထုပ်တတ်သောကြောင့် တရွေ့ ရွေ့ ဗိုလ်ပါများလာရာ အင်းဝဘုရင်လည်း စည်သူကျော်ထင်၏လုပ်ရည်ကြံရည်ကို မမီသည်နှင့် ဟံသာဝတီဘုရင်ထံသို့ ထွက်ပြေးရာတွင် သက္ကရာဇ် ၉၁၃ ခုနှစ်၊ သက်တော် ၅၇ နှစ်အရွယ်၌ စစ်ကိုင်း စည်သူကျော်ထင်မင်းသည် နရပတိစည်သူဘွဲ့ခံ၍ အင်းဝထီးနန်းကို သိမ်းပိုက်စိုးစံတော့သည်။

‘စစ်ကိုင်းစည်သူကျော်ထင်’သည် ပင်ကို ပကတိကပင်လျှင် စိတ်နေစိတ်ထားကောင်းမွန်၍ သူတော်ကောင်းသဘောမျိုးရှိသည့်အပြင် ဒုက္ခပေါင်းများစွာနှင့်ကြုံတွေ့လာခဲ့သဖြင့် သတိ သံဝေဂရလှသောကြောင့် သူတစ်ပါးတို့အား ညှဉ်းပန်းလိုသောစိတ်မျိုးမရှိဘဲ သီတင်းသီလကိုသာ ဂရုတစိုက်စောင့်သုံး၍ နေတော်မူ လေ့ရှိပေသည်။

နေ့စဉ်ပြုမြဲအဖြစ် “ဥဒေတယံ”အစချီသည့် ဂါထာတော်ကို နေ့အချိန်တွင် အကြိမ်တစ်ထောင် နှင့် “အပေတယံ’အစချီသည့် ဂါထာတော်ကို ညအချိန်၌ အကြိမ်တစ်ထောင်အဓိဋ္ဌာန်ဖြင့် ရွတ်ဖတ်သရဇ္ဈာယ် တော်မူလေ့ရှိ၏။

အင်းဝမင်းအဖြစ်အုပ်စိုးစဉ် ရာဇဝင်တွင် စာတင်ခဲ့သည့် စစ်ကိုင်းစည်သူကျော်ထင်မင်းကြီး၏စိတ်နေစိတ်ထားကို တစေ့တစောင်းအဖြစ် တွေ့မြင်နိုင်သည်မှာ စစ်ကိုင်းဘက်က ရက်ကန်းသည်မတစ်ယောက်သည် မြေတွင်းတူးရာမှရရှိသည့် ရွှေငါးပိဿာကိုလာ ရောက်ဆက်သရာ၌ မှူးမတ်တို့က မင်းကြီးမသိဘဲ အရာတော်တစ်ဝက်သိမ်းယူ၍ ဆက်သရာတွင် “သူ့ဘုန်းကံကြောင့်ခြင်းဖြစ်၍ တစ်ဝက်သိမ်းရန် မသင့်” ဟုမိန့်ပြီး ရွှေကိုပြန်အပ်စေ၏၊

တစ်ခါကလည်း မင်းကြီး၏ စိတ်ကိုစမ်းလိုသဖြင့် မိဖုရားသည် စားတော်ချက်ရာ၊ ဆန်တစ်ပြည်အနက် စပါးတစ်စလယ်ရော၍ချက်ကာ စားတော်ဆက်၏။ စား တော်ကိုမြင်သော် “စပါးလုံးများလှသည်” ဟူ၍သာ မိန့်တော်မူပြီး မိဖုရားကအပြစ်ပေးရန် လျှောက်ထားသော အခါ

“ကျွန်တို့မည်သည်ကား အရှင်ကို မျက်နှာရချင် သည်သာ အရှင်ကို မလိုတမာမပြုရာ စင်ကြယ်စွာ တီးပြာ၍ထားရာ ဆန်နှင့်စပါးထားသည်နှင့် နီးရာတွင် ကျေးငှက်တို့ယက်၍ ဝင်မှန်းမသိဝင်လေသည်သာ ဖြစ်ရာသည်”ဟုမိန့်၍ အပြစ်ပြုတော်မမူချေ။

ယင်းသို့ သဒ္ဓါ ၊သတိ ၊ဟီရိဩတ္တပွနှင့် ပြည့်စုံတော်မူးပြီး မြတ်သောနှလုံးရှိသောပုဂ္ဂိုလ်ဖြစ်၍ အင်းဝ ထီးနန်းကိုစိုးစံသည့်ကာလအတွင်း ပြည်သူအပေါင်းတို့က မင်းကြီးအား ဘုန်းတော်ကြီးပြီး သက်တော်ရှည်ပါစေသောဟူ၍ တောင်းဆုပြုကြကုန်၏၊ နေ့စဉ်ရွတ်ဖတ်သည့် ဂါထာတော်၏တန်ခိုးတော်နှင့် မင်းကြီး၏အကျင့် သီလတို့ကြောင့် ရန်သူတို့က အင်းဝရွှေနန်းကို အကြိမ်ကြိမ်တိုက်ခိုက်လုပ်ကြံကြသော်လည်း အောင်နိုင်ခြင်း မရှိပေ။

သို့ရာတွင် သက္ကရာဇ် ၉၁၆ ခုနှစ်၌ ဟံသာဝတီ ဘုရင့်နောင်မင်းတရားကြီးကိုယ်တော်တိုင် ကြပ်မတ်တိုက်ခိုက်မှုကြောင့် စစ်ရှုံးနိမ့်ခဲ့ပြီး သက်တော် နှစ် ၆ဝ အရွယ်တွင် အင်းဝနန်းကျဘုရင်အဖြစ် ဟံသာဝတီသို့ လိုက်ပါနေထိုင်ရသည်။

နန်းကျဘုရင်အဖြစ် နေထိုင်စဉ် သက္ကရာဇ် ၉၂၆ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီး ဇင်းမယ်၌ရှိခိုက် နေပြည်တော်တွင် သုံ့ပန်းများ ဆူပူပုန်ကန်မှုဖြစ်ရာ မှူးမတ်များ၏ ပင့်ဖိတ်လျှောက်ထားချက်အရ သက်တော် နှစ် ၇ဝ အရွယ်ရှိနေပြီဖြစ်သည့် အင်းဝနန်းကျဘုရင် စည်သူကျော်ထင်သည် “ရတနာ ပြောင်ကျော် ´ဟူသောဆင်ကိုစီး၍ ထိုက်သည်။

ဤ မှူမတ်တို့ကလည်း ဆင်စီး၍ တိုက်ကြရာ သူပုန်တို့ပျက်၍ တောသို့ပြေး လေ၏၊ သူပုန်အ‌ရေးတော်ပုံ ကုန်စင်ပြီးသော် ဘုရင့်နောင်မင်းတရားကြီးသည် အင်းဝနန်းကျဘုရင် နရပတိစည်သူကိုလည်း “‌ စောင့်လှပေသည်” ယူ၍ ချီးမွမ်းတော်မူပြီးလျှင် မင်းဆောင်မင်းယောင်နှင့်တကွ ဆင်ရွှေကြိုး၊ရွှေက၊မြင်းရွှေကြိုး၊ရွှေကအစုံနှင့်ကွေပိဿာသုံးဆယ် ဆုပေးတော်မူသည်။

သို့ဖြင့် “စလင်းစည်သူကျော်ထင်”၊”စစ်ကိုင်းစည်သူကျော်ထင်”နှင့် အင်းဝနရပတိစည်သူဘွဲ့များရှင် စည်သူကျော်ထင်သည် ယောက်ျားပီသစွာ၊ သူရသတ္တိ နှင့်ပြည့်စုံ၍ စိတ်နေစိတ်ထားမှာလည်း ကြီးမားမြင့်မြတ်ပြီး အကျိုးပေးထူးဆန်းသောအာဇာနည်ပုဂ္ဂိုလ်ထူး တစ်ဦးအဖြစ် ရာဇဝင်တွင် စာတင်ထားခဲ့ပါသည်။

Credit _ Author : မောင်ဇော်ဝင်း(မြင်းခြံ)
မြဝတီမဂ္ဂဇင်းမှ

Leave a Reply

Your email address will not be published.