အန္တရာယ်အများဆုံး ငှက် (၁၀)မျိုးအကြောင်း

အန္တရာယ်အများဆုံး ငှက် (၁၀)မျိုးအကြောင်း

ငှက်တွေဟာ တိရစ္ဆာန်တွေထဲမှာ အမြင်လှပတင့် တယ်ပြီး မြင်ရသူသဘောကျစရာအသွင်အပြင်ရှိတဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ မတူညီတဲ့ အရောင်အမျိုးမျိုး အရွယ်အစားအမျိုးမျိုးရှိကြပါတယ်။

သူတို့ရဲ့ ပုံတွေကို ကုမ္ပဏီတံဆိပ်များ၊နိုင်ငံတကာအဖွဲ့ အစည်းများနဲ့ ပါတီအမှတ်တံဆိပ်များ၊ ဖက်ရှင်ဒီဇိုင်းများ၊ ကြွေထည်ပစ္စည်းများနဲ့ အခြားအသုံးအဆောင် ပစ္စည်းတွေမှာ တွေ့ရလေ့ရှိပါတယ်။

အချို့ငှက်တွေဟာ ယဉ်ပါးတဲ့အတွက် အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူကြပေမယ့် တချို့ငှက်တွေကတော့ ကြောက်စရာကောင်းပြီး အလွန်အန္တရာယ်ရှိတဲ့အတွက် မထိတွေ့၊ မနှောင့်ယှက်တာအကောင်းဆုံးဖြစ်ပါတယ်။ အခုဖော်ပြပေးမှာ ကတော့ အန္တရာယ်အရှိဆုံးငှက် မျိုးဖြစ်ပါတယ်။

၁၀။ Red-tailed Hawk

ငှက်တွေထဲမှာ အထက်မြက်ဆုံးနဲ့ဉာဏ်အကောင်းဆုံးငှက်တစ်မျိုးဖြစ်ပါတယ်။ အသိုက်ကို ပြင်းထန်စွာ ကာကွယ်တတ်ပြီး ၎င်းတို့ရဲ့ အသိုက်ဟာ လူတွေရဲ့ အနီးအနားမှာရှိမယ်ဆိုရင် လူတွေရဲ့အန္တရာယ်ကို အများအားဖြင့် သတိထားစောင့်ကြည့်ကြပါတယ်။

ပျံသန်းနေစဉ်အတွင်းမှာ စူးရှတဲ့ မျက်လုံးတွေဖြင့် သားကောင်ကိုခြေရာခံပြီး အလျင်အမြန်ထိုးဆင်းကာ ၎င်း ရဲ့ကြီးမားတဲ့ခြေသည်းများဖြင့် သုတ်ချီကာဖမ်းဆီးကြပါတယ်။

၉။ Falcon

Falcon သိမ်းငှက်တွေကို အာရေဘီယံကျွန်းဆွယ်ဒေသမှာ တစ်ချိန်ကနှစ်သက်ခဲ့ပေမယ့်လည်း အန္တရာယ်ရှိတဲ့ငှက်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ပိုင်နက် အတွင်းနေထိုင်တဲ့ ငှက်မျိုးများဖြစ်ပြီး အန္တရာယ်နဲ့ ကြုံတွေ့ပါက ပြန်လည်ခုခံတိုက်ခိုက်ဖို့ မကြောက်တတ်တဲ့ ငှက်များဖြစ်ပါတယ်။

မယုံနိုင်လောက်အောင် ချွန်ထက်နေတဲ့ ခြေသည်းများနဲ့ ချိတ်ကောက်ပုံသဏ္ဌာန် နှုတ်သီးများဟာ သားကောင်ရဲ့အရေပြားကို ဆုတ်ဖြဲနိုင်ပြီး ကျောရိုးနဗ်ကြောများကို ဟက်တက်ကွဲစေနိုင်ပါတယ်။

၈။ Snowy Owl

Snowy Owl တွေဟာ ကမ္ဘာ့မြောက်ဘက် အကျဆုံးဒေသမှာ နေထိုင်တဲ့ငှက်များဖြစ်ပါတယ်။ အလွန်ဉာဏ်ကောင်းတဲ့ငှက်များဖြစ်ပြီး ပစ်မှတ်ကို စနစ်တကျတိုက်ခိုက်တတ်ပါတယ်။

အကယ်၍ ပစ်မှတ်ဟာ လူဆိုပါက ဦးခေါင်းကို အရင်တိုက်ခိုက်ပြီး မျက်နှာကို သင်တုန်းဓားကဲ့သို့ ချွန်ထက်နေတဲ့ ခြေသည်းများဖြင့် တိုက်ခိုက်ပါတယ်။

အာတိတ်စက်ဝိုင်းအနီးမှာရှိတဲ့ စိမ့်မြေလွင်ပြင်တွေမှာ နေထိုင်ကြပြီး အပူချိန်အနိမ့် ဆုံးအခြေအနေမှာတောင် အသက်ရှင်နိုင်ပါတယ်။ Snowy Owl တွေဟာ ရေခဲမှတ်အောက်အပူချိန် အနုတ် ၅၀ ဒီဂရီမှာတောင် အသက်ရှင်နိုင်ပါတယ်။ L

၇။ Lammergeier

Lammergeier ကို ဂျာမန်လို Lamb Vulture လို့ခေါ်ပြီး မုတ်ဆိတ်မွေးရှိတဲ့ လင်းတ (Bearded Vulture)လို့ အဓိပ္ပာယ်ရပါတယ်။ ၎င်းငှက်များဟာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ ငှက်အမျိုးအစားဖြစ်ပြီး ခြင်ဆီပါရှိတဲ့ အရိုးများကို နှစ်သက်ပါတယ်။

အခြား သားရဲတိရစ္ဆာန်များစားပြီးထားခဲ့တဲ့ တိရစ္ဆာန်အသေ အရိုးကိုချီကာ လေထဲတွင်ပျံသန်းသွားပြီး လုံလောက်တဲ့အမြင့်ရောက်တဲ့အခါ ကျောက်တုံးများ အပေါ်ကို လွှတ်ချပါတယ်။

အရိုးကွဲသွားပြီးနောက် ထွက်လာတဲ့ခြင်ဆီကို စားကြပါတယ်။ Lammergeier တွေဟာ အနီးပတ်ဝန်းကျင်မှာ လူတွေအတွက် အန္တရာယ် ရှိတဲ့ငှက်များဖြစ်ပါတယ်။

၆။ Barred Owl

Barred Owl တွေဟာ အမဲလိုက်ငှက်တွေထဲမှာတော့ အရွယ်အစားအတော်သေးငယ်တဲ့ငှက်များ ဖြစ်ကြပါတယ်။ ၎င်းဟာ အလေးချိန် ၂ ဒသမ ၅ မှ ၃ ပေါင်အထိသာရှိတဲ့အတွက်ကြောင့် သေးငယ်တဲ့သားကောင်ကိုပဲ ရည်ရွယ်ပြီးတိုက်ခိုက်ပါတယ်။

အများအားဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ သစ်တောတွေမှာတွေ့ ရလေ့ရှိပါတယ်။ ထူးခြားချက်တစ်ခုကတော့ အခြားငှက်တွေနဲ့မတူတဲ့ သူတို့ အတောင်တွေ ရဲ့လှုပ်ရှားမှုဟာ အသံမကြားရလောက်အောင်ညင်သာတဲ့အတွက် သားကောင်က သူလာတာကိုမကြားနိုင်ပါဘူး။

သားကောင်ကို သုတ်ချီပြီး ၎င်းရဲ့ချွန်ထက် နေတဲ့ခြေသည်းများဖြင့် သားကောင်ရဲ့ ဦးခေါင်းကို တိုက်ခိုက်ပါတယ်။ သူရဲ့ခြေသည်းများ၊ နှုတ်သီးများဖြင့် ထိုးဆိတ်ပြီး ပစ်မှတ်ရဲ့ခေါင်းကို ပြင်းထန်တဲ့ ဒဏ်ရာရအောင်လုပ်ပါတယ်။

၎င်း ငှက်တွေဟာ ရှေးကတည်းက ပစိဖိတ်အနောက်မြောက်ဒေသ ခြေကျင်ခရီးသွားများကို တိုက်ခိုက်ပါတယ်။

၅။ The Mute Swan

အခြားငန်းအများစုလို အသံကျယ်လောင်စွာ မထွက်ဘဲ အနည်းငယ်သာထွက်လို့ ဒီငန်းတွေကို အသံတိတ်ငန်းလို့ တင်စားခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်။ သိပ္ပံအမည်ကတော့ Cygnus Olor လို့ခေါ်ပါတယ်၊

ခန္ဓာကိုယ်အလျားက ၄ ပေကနေ ၅ ပေဝန်းကျင်အထိရှိတဲ့ ငန်းတွေဖြစ်ပါတယ်။ သူတို့ဟာ လူတွေရဲ့ မျက်လုံးကို အဓိက တိုက်ခိုက်လေ့ရှိပြီး ကမ္ဘာအနှံ့ အပြားမှာလည်း တွေ့နိုင်ပါတယ်။

၄။ Great Northern Loon

Loon ဆိုတာကတော့ မြောက်အမေရိကနဲ့ ယူကေ၊ အိုင်ယာလန်တို့မှာ အတွေ့ရများတဲ့ ရေနေ မျိုးစိတ်ငှက်မျိုးဖြစ်ပြီး ဘဲတွေနဲ့ဆင်တူပါတယ်။အဲဒီထဲကမှ Great Northern Loon တွေဟာ အန္တရာယ်ပေးနိုင်တဲ့အမျိုးအစားဖြစ်ပြီး ဘိုရီရယ် သစ်တောများနှင့် အပူပိုင်းဒေသ သစ်တောများမှာရှိတဲ့ ရေကန်များတွင်နေထိုင်ကြပါတယ်။

အာရှဥရောပ ဒေသမြောက်ပိုင်းနဲ့ မြောက်အမေရိကများတွင် တွေ့ရသလို အာတိတ်ဒေသ စိမ့်မြေလွင်ပြင်ဒေသများတွင်လည်း တွေ့နိုင်ပါတယ်။ ၈ ပေါင် မှ ၁၂ ပေါင်ခန့်ရှိကြပြီး ချွန်ထက်တဲ့နှုတ်သီးများဖြင့် ငါးများကိုဖမ်းယူ စားသောက်ကြပါတယ်။

၎င်းငှက်များဟာ ငါးတစ်မျိုး တည်းကိုပဲ သတ်ဖြတ်စားသောက်တာ မဟုတ်ပါဘူး။ လူတွေကိုလည်း တိုက်ခိုက်တတ်သလို ဒီငှက်တိုက်ခိုက် ခံခဲ့ရမှုကြောင့် လူသေဆုံးတဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။

၃။ European Herring Gull

စင်ရော်ငှက်ကြီးအမျိုးအစားဖြစ်တဲ့ ဤငှက်များတွင် အလွန်လှပသောအတောင်များပါရှိပေမယ့် လူအများ ပြည့်ကျပ်နေတဲ့နေရာများတွင် အစာကိုသုတ်ချီ ဖို့ကြိုးစားတဲ့အခါမှာ လူတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်ကြပါတယ်။

၎င်းငှက်တွေဟာ သူတို့ရဲ့ ချွန်ထက်နေတဲ့ နှုတ်သီးများနဲ့ ပစ်မှတ်ကိုတိုက်ခိုက်ကြပါတယ်။

၂။ African Ostrich

အာဖရိက ငှက်ကုလားအုတ်များဟာ ကမ္ဘာပေါ်မှာ မပျံသန်းနိုင်တဲ့ငှက်များတွင် အကြီးဆုံးငှက်များဖြစ်ပါတယ်။ ၎င်းတို့ဟာ အာရေဘီယံဒေသမှာ ပျောက်ကွယ် သွားပြီဖြစ်တဲ့ ငှက်ကုလားအုတ်များအနက် မသေဘဲ အသက်ရှင်ကျန်ခဲ့သော ငှက် ကုလားအုတ်များဖြစ်ပါတယ်။ သူတို့ရဲ့ပုံစံဟာ သဘောကျစရာကောင်းပေမယ့်လည်း အန္တရာယ်ရှိတဲ့ငှက်များဖြစ်ပါတယ်။

၎င်းငှက်များဟာ အလေးချိန် ၂၄၀ ပေါင်ရှိပြီး ရပ်နေပါက ၇ ပေမြင့်ပါတယ်။ သူတို့ဟာ မပျံနိုင်ပေမယ့် တစ်နာရီကို ၄၃ မိုင် အမြန်နှုန်းနဲ့ပြေးနိုင်ပါတယ်။ သူနေထိုင်တဲ့နေရာ သို့မဟုတ် ပတ်ဝန်းကျင်ကို ကျူးကျော်နှောင့်ယှက်သူများကို အဓိကအားဖြင့် တိုက်ခိုက်ပါတယ်။

အာဖရိကငှက်ကုလားထုတ်များဟာ ပုံမှန်အားဖြင့် လူတွေကိုအန္တရာယ် မပြုကြပေမယ့် ဒေါသထွက်လာတဲ့အခါမျိုးမှာတော့ အသက်သေမစ နိုင်တဲ့အထိ တိုက်ခိုက်တတ်ကြပါတယ်။

၁။ Southern Cassowary

အမည်းရောင်အမွေးများနဲ့ အလွန်လှပဝင့်ကြွား လွန်းတဲ့ငှက်ဖြစ်ပါတယ်။ နယူးဂီနီကျွန်းနဲ့ ဩစတြေးလျ … အနောက်မြောက်ပိုင်းရှိ မိုးသစ်တောများမှာ နေထိုင်ကြ
ပါတယ်။

တောင်ပိုင်း Cassowary ငှက်များဟာ ပိုင်နက်နှင့် နေထိုင်တဲ့ငှက်များဖြစ်ပြီး သူ့ပိုင်နက်ကို အပြင်းအထန် ကာကွယ်တဲ့ ငှက်များဖြစ်ပါတယ်။ အလေးချိန် ၁၃၀ ပေါင် ရှိပြီး အမြင့် ၆ ပေဝန်းကျင်ရှိကာ ငှက်ကုလားအုတ်ပြီးရင် အကြီးဆုံးငှက်တွေဖြစ်ပါတယ်။

ရံဖန်ရံခါမှာတော့ လူတွေကိုအန္တရာယ်ပြုတတ် ကြပါတယ်။ ၄ လက်မခန့်ရှည်ပြီး ချွန်ထက်နေတဲ့ လက်သည်းများရှိတဲ့အပြင် မြင်းကန်သလို အလွန်ပြင်းထန်တဲ့ ခြေကန်ချက်ကို ပိုင်ဆိုင်ထားပြီး အဲဒီခြေ ကန်ချက်ဟာ လူတွေကိုသေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။

Credit _ Author : ရဲမာန်ခ
Source : wiki,Thutazone

Leave a Reply

Your email address will not be published.