နျူကလီးယားစစ်ပွဲကို ရှောင်လွှဲနိုင်မည့် အချက်သုံးချက်

နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားဖြင့် တိုက်ခိုက်ခံရမည့် ဖြစ်နိုင်ခြေ အခြေအနေကိုပြင်ဆင်ထားရန်၊ နိုင်ငံတော်၏အဆင့် အမြင့်ဆုံး ဦးစားပေးကိစ္စအဖြစ် ဆောင်ရွက်ရန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ် စလုံးက သဘောတူဆုံးဖြတ်ခဲ့ကြသည်။

ရုရှားကိုရင်ဆိုင်ရန်

၁၉၈၃ ခုနှစ်တွင် အရေးပေါ်အခြေအနေအရ နျူကလီးယားစစ်ပွဲအတွက် ပြင်ဆင်ထားမှုများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယင်းအစီအစဉ် များကိုအမေရိကန်နိုင်ငံသား အများစုကသဘောတူ ထောက်ခံမဲပေးခဲ့ကြသည်။

ထိုလှုပ်ရှားမှုသည် အမေရိကန်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုတို့အကြားတင်းမာမှုများကို တိုးမြင့်လာစေသည်။ ယခင်အမေရိကန်သမ္မတ ရော်နယ်ရီဂင်သည် ဆိုဗီယက်ပြည်ထောင်စုအပေါ် ရန်စ၍ တင်းမာမှုများ ဖန်တီးလာခဲ့သည်။

ရော်နယ်ရီဂင်က ဆိုဗီယက်နိုင်ငံကို ‘မကောင်းဆိုးဝါး’ နိုင်ငံဟု အမည်ပေးခဲ့သည်။ ဝါရှင်တန်ရှိ ဥပဒေပြု လွှတ်တော်အမတ်များသည် ရုရှားတို့ကို ရင်ဆိုင်ရန် နျူကလီးယားစစ်ပွဲတစ်ပွဲ ဆင်နွှဲရေးအတွက် ပြုလုပ်နေကြောင်း ထုတ်ဖော်ပြောသည်။

ရီပတ်ဘလစ်ကင်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဒစ်မူရီက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားရခြင်းက အမေရိကန်နိုင်ငံကို ကမ္ဘာ့ စူပါအင်အားကြီးနိုင်ငံအဖြစ်သို့ တွန်းပို့လိုက်သလို ဖြစ်သွားသည်ဟုပြောသည်။

အမေရိကန်လေတပ်မှ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးမူရီက မိမိပင်စင်မယူမီက မိမိလုပ်ရသောအလုပ်သည် နျူကလီးယား အရေးပေါ်အတိုက်ခံရပါက စစ်အေးကာလအတွင်း လေယာဉ်ကွင်းများကို တိုင်းတာစစ်ဆေးရသော အလုပ်များ လုပ်ခဲ့ရသည်ဟု ပြောသည်။

သူက သိထားသည်မှာ စစ်အေးကာလအတွင်း သူလုပ်ရမည့်အလုပ်သည် အရေးပေါ် နျူကလီးယားတိုက်ခိုက်မှု ဖြစ်ပေါ်လာခဲ့လျှင် စစ်ပွဲ၏အခြေအနေ မည်သို့ရှိမည်ကို ကြိုတင် ထောက်လှမ်းရန် ဖြစ်သည်။

သူက ယနေ့ နျူကလီးယား ခြိမ်းခြောက်မှုသည် မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့ကဲ့သို့သောနိုင်ငံများမှ စတင်မည်ဖြစ်သည်ဟု ပြောသည်။ ယခုအခါ မိမိတို့သည် နျူကလီးယားစစ်ပွဲ သေချာပေါက် ဖြစ်တော့မည်ဟု သဘောထားပြီး တကယ့်စစ်ပွဲ ရင်ဆိုင်တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမည် ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်းက ထုတ်ဖော်ပြောကြား ခဲ့ရာတွင် မြောက်ကိုရီးယားသည် ‘မီးလျှံနှင့် ဒေါသ’ လွှမ်းခြုံမှု ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် နျူကလီးယားလုပ်ငန်းများကို လုပ်နေလျှင် မီးလျှံများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊

အမေရိကန်နိုင်ငံ ကာကွယ်ရေးအေဂျင်စီ (DIA) က ကွန်မြူနစ်အုပ်စုသည် နျူကလီးယားဒုံးပျံများနှင့် တာဝေးပစ်ပဲ့ထိန်းပါသော ဒုံးပျံများကို အမေရိကန်ပြည်မကြီးသို့ ရောက်အောင် ပစ်ခတ်နိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောသည်။

‘လူတိုင်းကထင်နေကြတယ်၊နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်တဲ့ စစ်ပွဲဖြစ်လာရင် ယနေ့မိမိတို့လူသားအားလုံး မှီတင်းနေထိုင်နေကြတဲ့ ကမ္ဘာကြီးဟာ နိဂုံးချုပ် အဆုံးသတ်သွားတဲ့ နေ့ဖြစ်မှာပဲ။ အဓိပ္ပာယ်က ကမ္ဘာကြီးပျက်စီးသွား တဲ့နေ့ ဖြစ်မှာပဲ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးကို ဘယ်တော့မှ ရောက်လာမှာမဟုတ်ပါဘူး’ ဟု မူရီက ပြောကြားခဲ့သည်။

လူတို့ဖန်တီးမိကြသည့် မတော်တဆအမှား အယွင်းများကြောင့်သော်လည်း ကောင်း ၊ ဆိုက်ဘာတိုက်ခိုက်မှုများဖြင့်သော်လည်းကောင်း စစ်အေးကာလများကဲ့သို့ ကမ္ဘာကြီးသည် ဘေးဒုက္ခ အန္တရာယ်ဆိုးနှင့် ကြုံတွေ့ရတော့မည့် အခင်း အကျင်းများ ထင်ရှားလာပြီကို မြင်တွေ့လာကြရပြီဖြစ်သည်။

ကျူးကျော်တိုက်ခိုက်

မျက်မှောက်ကမ္ဘာတွင် နျူကလီးယားခေတ် တစ်ခေတ်ကို ကြုံတွေ့ဖြတ်ကျော်ရတော့မည့် အနေအထား ဖြစ်နေသည်။ ရည်ရွယ်ချက်ရှိရှိ နျူကလီးယားစစ်ပွဲ ဖြစ်ပွားပေါ်ပေါက်လာရ ခြင်းထက် ကံကြမ္မာအလျောက်လွဲချော်မှားယွင်းမှု များကြောင့်လည်း ဖြစ်လာနိုင်သည်။

အထူး ရည်ရွယ်ချက်ဖြင့် ကျူးကျော်တိုက်ခိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်ခြင်းကြောင့် ကြောက်မက်ဖွယ် နျူကလီးယား အန္တရာယ်ဆိုးကိုရင်ဆိုင်ကြုံ တွေ့လာရနိုင်သည်။

ရုရှားဒုံးပျံများပစ်ခတ်လျှင် အမေရိကန်တို့ ပြာကျသွားနိုင်ခြေရှိသည်ဟု အမေရိကန် ခေါင်းဆောင်များက ယုံကြည်လက်ခံကြသလို ရုရှားခေါင်းဆောင်များက သတိပေး ကြုံးဝါးခဲ့သည်။

တစ်ခါက ရုရှားသမ္မတယဲ့လ်ဆင်သည် အမေရိကန်က ရုရှားကို ဒုံးပျံဖြင့် တိုက်ခိုက်ပြီဟု ထင်မှတ်မှားခဲ့ဖူးသည်။ စင်စစ် အမေရိကန်က ရုရှားကို ဒုံးပျံဖြင့်တိုက်ခိုက်ခြင်းမဟုတ်ဘဲ နော်ဝေသိပ္ပံပညာရှင်များနှင့် ခေါင်းဆောင်များက သိပ္ပံသုတေသန ဒုံးပျံပစ်လွှတ်ခြင်းသာ ဖြစ်သည်။

ပိုမိုဆိုးရွားသောအဆင့်

ကြုံတွေ့ပေါ်ပေါက်လာသော ပြဿနာများကို တွေ့ဆုံဖြေရှင်းကြသည့် နည်းလမ်းသည် အကောင်းဆုံးနှင့် အမှန်ကန်ဆုံးနည်းလည်းဖြစ် သည်။ စစ်ရေးဖြင့် ဖြေရှင်းနည်းသည် မှန်ကန်သော နည်းလမ်းမဟုတ်၊ လက်နက်ဖြင့် ဖြေရှင်းခြင်းထက် ပိုဆိုးသောနည်းလမ်းမှာ နျူကလီးယားလက်နက်ဖြင့် စစ်ပွဲခင်းကျင်းဖြေရှင်းကြခြင်းဖြစ်သည်။

နှစ်ဦးနှစ်ဖက်ညှိနှိုင်းသဘောတူထားပြီးမှ တစ်ဖက်မှချိုးဖောက်ပြီး စစ်ပွဲအဆင့်သို့ ကူးပြောင်းခြင်းဖြစ်ပွားခဲ့လျှင် ပို၍ဆိုးဝါးသောအဆင့်သို့ ရောက်သွားပြီ ဖြစ်သည်။
ဆိုက်ဘာတိုက်ခိုက်ခြင်းနည်း ပုံစံဖြင့် တိုက်ခိုက်မည့်စစ်ပွဲကို တားဆီးကာကွယ်နိုင်မည် ဖြစ်သည်။

ဟက်ကာတိုက်ခိုက်မှုများက မမှန်မကန် လုပ်ကြံ၍ နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်တော့မည် စသည်ဖြင့် ခြိမ်းခြောက် လုပ်ကြံမှုများ ပြုလုပ်နိုင်သည်။

မည်သို့ လက်တုံ့ပြန်ကြမလဲ

ကမ္ဘာ့တင်းမာမှုများသည် တစ်ဖက်နှင့် တစ်ဖက်၊ နျူကလီးယားနိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တင်းမာမှုများ ဖြစ်ပွားပေါ်ပေါက်လာလျှင် ယင်းနိုင်ငံတို့အချင်းချင်း ဆက်ဆံမှု လျော့နည်းလာခဲ့ကြသည်။

နျူကလီးယား ပြိုင်ဘက် နိုင်ငံများအချင်းချင်း ဆက်ဆံရေးပူးပေါင်းမှု လျော့နည်းသွားခဲ့လျှင် နျူကလီးယားပုံရိပ်များ ဆိုးဝါးသွားမည် ဖြစ်သည်။ နျူကလီးယား လက်နက်များ ကိုင်ထားကြသည့် နိုင်ငံများ အချင်းချင်း မည်သို့လက်တုံ့ပြန်ကြမလဲဟူသော မေးခွန်းတစ်ခု ပေါ်ပေါက်လာသည်။

အမေရိကန်နိုင်ငံနှင့် အမေရိကန်နိုင်ငံ၏ မဟာမိတ်နိုင်ငံများအား နျူကလီးယားလက်နက်များဖြင့် တိုက်ခိုက်ရန် ခြိမ်းခြောက်လာခဲ့လျှင် အမေရိကန်သည် မိမိအတွက်ရော၊ မိမိ၏ မဟာမိတ်နိုင်ငံများအတွက်ပါ နျူကလီးယား မဟုတ်သည့် သမားရိုးကျ လက်နက်များဖြင့် တိုက်ခိုက်တုံ့ပြန်သွားမည်ဟု ထုတ်ဖော်ကြေညာ ထားသည်။

မမျှော်လင့်ဘဲ နျူကလီးယားစစ်ပွဲ ဖြစ်ပေါ်လာနိုင်မည့်အရေးကို ကာကွယ်တားဆီး နိုင်မည့်အချက် သုံးချက်ရှိသည်။ပထမအချက်မှာ နျူကလီးယားနိုင်ငံများသည် နိုင်ငံအချင်းချင်းအပြန်အလှန်ညှိနှိုင်းသုံးသပ်ကြပြီး ဆိုက်ဘာတိုက်ခိုက်မှုကို သတိထားကြရမည်။

ဒုတိယအချက်မှာ အမေရိကန်၊ ရုရှားနှင့် အခြားနျူကလီးယား လက်နက်ပိုင်ဆိုင်ထားကြသည့် နိုင်ငံများသည် တူညီသည့်အချက်များကို စုပေါင်းလက်ခံကြပြီး နျူကလီးယားအမှားများ မဖြစ်ပေါ်စေရေးကို ညှိနှိုင်းထားကြရမည်ဖြစ်သည်။

တတိယအချက်အနေဖြင့် အမေရိကန်ခေါင်းဆောင်များနှင့်ရုရှားခေါင်းဆောင်များသည် စည်းမျဉ်းများကိုထပ်မံညှိနှိုင်းဖြည့်စွက်ဆွေးနွေး ကြရမည် ဖြစ်သည်။ စစ်အေးကာလပြီးဆုံးရေးကို ဦးတည်ပြီး အပြုသဘောစိတ်ဓာတ်ဖြင့် ညှိနှိုင်း ကြရမည် ဖြစ်သည်။

မျက်မှောက်ကာလသည် နျူးကလီးယား ခေတ်သို့ရောက်ပြီဆိုသော်လည်း တကယ့် နျူကလီးယားစစ်ပွဲကာလသို့ မရောက်စေရန် အမေရိကန်၊ ရုရှားအပါအဝင် နျူကလီးယား လက်နက်များကို ပိုင်ဆိုင်ထားကြသည့် နိုင်ငံ များက ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်သည်။

Author _ ထီလာစိုးမြင့်ထယ်
Ref:Three Facts that can away with Nuclears war, AP News
သုပဒေသာစာစောင်မှ

Leave a Reply

Your email address will not be published.