အီဂျစ်နိုင်ငံမှ အဘူစင်ဘယ်ရုပ်တုများ

အီဂျစ်နိုင်ငံမှ အဘူစင်ဘယ်ရုပ်တုများ

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နူဘီရန်အထိမ်းအမှတ်များဟု ထင်ရှားသည့် အဘူစင်ဘယ်ဝတ်ပြုကျောင်းများ (Abu Simbel Temples) သည် အီဂျစ်နိုင်ငံတောင်ပိုင်းနှင့်ဆူဒန်နိုင်ငံ နယ်စပ်အနီးရှိ သေးငယ်သော နူဘီရာကျေးရွာတွင် တည်ရှိသည်။

အဘူစင်ဘယ်သည် ကြီးမားသောကျောက်တောင်များကို ထွင်းထုထားသည့် ဘုရားကျောင်း ၂ ကျောင်းဖြစ်ပြီး နာဆာရေကန်၏ အနောက်ဘက်ကမ်းတွင် တည်ဆောက်ခဲ့သော အက်ဆွမ်ရေလှောင်တမံမှ ၂၃၀ ကီလိုမီတာ ကွာဝေးသည်။

ဘီစီ ၁၃ ရာစုနှစ်၊ ဖာရိုရမ်မီးစ်စီးစ်လက်ထက်တွင် ဖာရိုနှင့် သူ့ဇနီး နက်ဖ်ဖာတာရီတို့သည် ကာဒက်ရှ်စစ်ပွဲကို အောင်နိုင်ခြင်းအထိမ်းအမှတ်အဖြစ် တောင်နံရံကျောက်သားများကို ထွင်းထုကာ အဘူစင်ဘယ်ဘုရားကျောင်းများကိုတည်ဆောက်ခဲ့သည်။

သို့သော် ၁၉၆၈ ခုနှစ်တွင် ယင်းကျောင်း များအားလုံးကို မူလတည်ရှိနေသည့်နေရာမှ ရွှေ့ပြောင်းပေးရမည့်အခြေအနေတစ်ရပ်ဖြစ်ပေါ်လာ ခဲ့သည်။အီဂျစ်အစိုးရသည် နိုင်းမြစ်ပေါ်တွင် အက်ဆွမ်ရေလှောင်တမံနှင့် နာဆာရေသိုလှောင်ကန်ကို တည်ဆောက်ခဲ့သဖြင့် အဘူစင်ဘယ်ကျောင်းများကို ရေလွှမ်းမိုးမှုဒဏ်မခံရစေရေးအတွက် နေရာသစ်တစ်ခုသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ကြရသည်။

ထို့ကြောင့် အက်ဆွမ်ရေလှောင်တမံအထက်ပိုင်းတွင် လိပ်ခုံးပုံတောင်အတုတစ်ခုကိုဖန်တီးကာ အဘူစင်ဘယ်ကျောင်းနှင့် ရုပ်တုများကို ပြန်လည်နေရာချ ထားပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

အဘူစင်ဘယ်၏ သမိုင်

အဘူစင်ဘယ်ကျောင်းများဆောက်လုပ်ခြင်းကို ခန့်မှန်းခြေ ခရစ်တော်မပေါ်မီ ၁၂၆၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး နှစ် ၂၀ ကြာတည်ဆောက်ခဲ့ရာ ဘီစီ ၁၂၄၄ ခုနှစ်တွင်ပြီးစီး၍ ရမ်မီးစ်စီးစ်ကျောင်းတော်များဟု ထင်ရှားခဲ့သည်။

အီဂျစ်နိုင်ငံကို ကာလရှည်ကြာစွာ အုပ်စိုးခဲ့သည့် ဖာရိုဘုရင် ဒုတိယမြောက် ရမ်မီးစ်စီးစ် လက်ထက်တွင် တည်ဆောက်ခဲ့သော ကျောက်သား ကျောင်းတော် ၆ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။

ဖာရိုရမ်မီးစ်စီးစ်သည် အီဂျစ်နိုင်ငံတောင်ပိုင်းရှိ အိမ်နီးချင်းနိုင်ငံများအား အီဂျစ်နိုင်ငံအပေါ် အထင်ကြီးလာ စေရန်နှင့်အီဂျစ်တို့ ကိုးကွယ်သောယုံကြည်မှုကို ဒေသ အတွင်းပျံ့နှံ့စေရန် ဟူသည့်ရည်ရွယ်ချက်များဖြင့် အဘူစင်ဘယ်ကို တည်ဆောက်ခဲ့သည်။

သမိုင်းပညာရှင်များက အဘူစင်ဘယ်ကျောင်းများ၏ ပုံသဏ္ဌာန်သည် ရမ်မီးစ်စီးစ်၏အတ္ထနှင့်မာနကိုဖော်ညွှန်းနေကြောင်း သုံးသပ်ခဲ့ကြသည်။အဘူစင်ဘယ်ကျောင်းများသည် နှစ်ကာလကြာ ရှည်လာချိန်တွင် မည်သူမျှအသုံးမပြုတော့သဖြင့် သဲများက တဖြည်းဖြည်းဖုံးလွှမ်းလာခဲ့သည်။ဘီစီ ၆ ရာစုတွင် သဲများသည် ပင်မကျောင်းထဲရှိ ရုပ်တုများ၏ ဒူးဆစ်နေရာအထိရောက်ရှိလာခဲ့သည်။

ဤသို့ဖြင့် အဘူစင်ဘယ်သည် တဖြည်းဖြည်း ပျောက်ကွယ်ခဲ့ပြီး ဆွစ်နိုင်ငံသား အရှေ့တိုင်းပညာရှင် ဘာ့ခ်ဟာ့ဒ်က ၁၈၁၃ ခုနှစ်တွင် ရှာဖွေတွေ့ ရှိခဲ့သည်။ ဘာ့ခ်ဟာ့ဒ်က သူ၏တွေ့ရှိမှုကို အီတလီစူးစမ်းရှာဖွေ ရေးသမား ဘယ်လ်ဇိုနီကို ပြောပြခဲ့ရာမှ ဘယ်လ်ဇိုနီက နှစ်ကြိမ်တိုင်တူးဖော်ရန် ကြိုးစားခဲ့ပြီး ၁၈၁၇ ခုနှစ်တွင် အဘူစင်ဘယ်၏ဝင်ပေါက်ကို တွေ့ရှိခဲ့သည်။

အဘူစင်ဘယ် ပြောင်းရွေ့ရေ

အီဂျစ်တို့၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်သော အဘူစင်ဘယ်သည် အက်ဆွမ်ရေလှောင်တမံတည်ဆောက်မှု၏ အကျိုးဆက်အဖြစ် နိုင်းမြစ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၏ ခြိမ်းခြောက်မှုကိုရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် ၁၉၅၉ ခုနှစ်တွင် အဘူစင်ဘယ်ပြောင်းရွှေ့ရေး အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေတစ်ရပ်ကိုထူထောင်ကာ နိုင်ငံတကာအကူအညီများကို တောင်းခံခဲ့သည်။ ကြီးမားသော ကျောက်တောင်၊ကျောက်တုံးများကို နေရာပြောင်းရွှေ့ရန်ပညာရှင်များစွာက နည်းမျိုးစုံကြံဆခဲ့ကြရပေသည်။

၁၉၆၄ ခုနှစ်တွင် ယူနက်စကိုအဖွဲ့၏ ဦးဆောင်မှုဖြင့် ရှေးဟောင်းသုတေသနပညာရှင်များ၊ အင်ဂျင်နီယာများ၊ ယန္တရားကျွမ်းကျင်သူများအပါအဝင် နိုင်ငံပေါင်းစုံမှ နယ်ပယ်စုံပညာရှင်များ ပါဝင်သည့် အဖွဲ့က အဘူစင်ဘယ်ကျောင်းများရွှေ့ပြောင်းရေး လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြသည်။

ယင်းလုပ် ငန်းဆောင်ရွက်ခဲ့ခြင်းအတွက် ထိုစဉ်က ဒေါ်လာငွေ သန်း ၄ဝ ကုန်ကျခဲ့သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၆၈ ခုနှစ် အတွင်း အဘူစင်ဘယ်တစ်ခုလုံးကို ပျမ်းမျှတန် ၂ဝ ခန့်ရှိသည့် ကျောက်တုံးများအဖြစ် အထူးဂရုပြု ဖြတ်တောက်ခဲ့သည်။

ထိုဖြတ်တောက်ပြီးကျောက်တုံးများကို တစ်စစီဖြုတ်၍ ကရိန်းများဖြင့် မတင်ကာ လက်ရှိနေရာထက် ၆၅ မီတာပိုမြင့်ပြီး နိုင်းမြစ်မှ မီတာ ၂၀၀ ပိုဝေးသည့် နေရာအသစ်သို့ ရွှေ့ပြောင်းကာ ပြန်လည်တပ်ဆင်ခဲ့သည်။

အဘူစင်ဘယ်ရွှေ့ပြောင်းမှုသည် သမိုင်းတစ်လျှောက် ရှေးဟောင်းသုတေသနဆိုင်ရာ အင်ဂျင်နီယာလုပ်ငန်း၏ အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပြီး လူသားတို့၏အံ့မခန်းအောင်နိုင်မှု တစ်ရပ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ အချို့သောအစိတ်အပိုင်းများကို နာဆာရေကန်ထဲမှပင် ဆယ်ယူခဲ့ရသည်။

အဘူစင်ဘယ်သို့

ယနေ့အချိန်တွင် ကမ္ဘာအနှံ့မှ ထောင်ပေါင်းများစွာသော ခရီးသွားများသည် အဘူစင်ဘယ်သို့ နေ့စဉ်လာရောက်လျက်ရှိနေကြသည်။ အက်ဆွမ်မှ အဘူစင်ဘယ်သို့ထွက်ခွာသည့် မော်တော်ယာဉ်တန်းများသည် တစ်နေ့လျှင် နှစ်ကြိမ်ထွက်လေ့ရှိသည်။ အချို့ ခရီးသွားများက လေယာဉ်နှင့် လာလေ့ရှိကြသဖြင့် အဘူစင်ဘယ်အနီးတွင် လေယာဉ်ကွင်းတစ်ခုကို လည်း ဖောက်လုပ်ထားပေသည်။

အဘူစင်ဘယ်တွင် အဆောက်အအုံ ၂ ခုရှိရာ အကြီးတစ်ခုသည် ထိုစဉ်က အီဂျစ်တို့၏ နတ်ဘုရား ၃ ပါးကို ရည်ညွှန်းထားပြီး မျက်နှာစာတွင် ရမ်မီးစ်စီးစ်၏ ကြီးမားသောရုပ်တု ၄ ခုကို ထုလုပ်ထားသည်။

သေးငယ်သော အဆောက်အအုံမှာမူ နတ်ဘုရားမ ဟာသိုကို ဖော်ညွှန်းခြင်းဖြစ်ပြီး ဟာသိုသည် ရမ်မီးစ်စီးစ်၏ များပြားသောမိဖုရားများအနက် ရမ်မီးစ်စီးစ် အမြတ်နိုးဆုံး မိဖုရားတစ်ပါးဖြစ်သောနက်ဖ်ဖာတရီဖြစ်သည်။ အဘူစင်ဘယ်သည် ဒုတိယမြောက် ရမ်မီးစ်စီးစ်လက်ထက်တွင် နှစ် ၂၀ ကျော်မျှ တည်ဆောက်ခဲ့ရသည့် အီဂျစ်နိုင်ငံ၏ အနုပညာအမြောက်ဆုံး လက်ရာတစ်ခုအဖြစ် သတ်မှတ်ယူဆကြပေသည်။

၃၅ မီတာခန့်ကျယ်ဝန်းသည့် အဘူစင်ဘယ်၏ ရှေ့မျက်နှာစာတွင် အလွန်ကြီးမားသည့် မီတာ ၂၀ မြင့်သော သရဖူဆောင်းထားသော ဖာရိုရုပ်တု ၄ ခု ရှိသည်။ မုခ်ဦးဘောင်တွင် လက်များကိုမြှောက်၍ နေကိုရှိခိုးနေသော မျောက် ၂၂ ကောင် ရုပ်တုများကို တန်းစီလျက် ထုလုပ်ထားသည်။

ထိုကြီးမားသော ရုပ်တုများကို အဘူစင်ဘယ်မရွှေ့ပြောင်းမီက ကျောက်သားများပေါ်တွင် ထွင်းထုထားခြင်းဖြစ်သည်။ ရုပ်တု ၄ ခုစလုံးသည် ဒုတိယမြောက် ရမ်မီးစ်စီးစ်ကို ရည်ညွှန်းထုလုပ်ထားခြင်းဖြစ်သည်။ ရမ်မီးစ်စီးစ်ရုပ်တုသည် ပလ္လင်တစ်ခုပေါ်တွင်ထိုင်လျက် အီဂျစ်နိုင်ငံ အပေါ်ပိုင်းနှင့် အောက်ပိုင်းကို ရည်ညွှန်းထားသည်ဟုဆိုသော နှစ်ထပ်သရဖူကိုဆောင်းထားသည်။

ဝင်ပေါက်ဝဲဘက်ရှိ ရုပ်တုသည် ငလျင်ဒဏ်ကြောင့်ပျက်စီးနေပြီး အောက်ပိုင်းကိုသာ မြင်နိုင်ကြသည်။ ရုပ်တုများ၏ ဒူးဆစ်အောက်ပိုင်းတွင် မိဖုရားနက်ဖ်ဖာတာရီ၊ သားတော် ၂ ပါးနှင့် သမီးတော် ၆ ပါးတို့၏ ရုပ်တုများရှိနေသည်။

နေအရိပ်ထိုးစနစ်

အဘူစင်ဘယ် ကျောက်ရုပ်တုများထားရှိသည့် အဆောက်အအုံအား ရှေးဟောင်းအီဂျစ်ဗိသုကာတို့က နေသွားရာလမ်းကြောင်းကို ဗဟိုချက်ဝင်ရိုးပြုကာတည်ဆောက်ခဲ့သည်ဟုယူဆကြသည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၂၂ ရက်နှင့် အောက်တိုဘာလ ၂၂ ရက်များတွင် နေရောင်ခြည်များက အဆောက်အအုံအတွင်း ဖြတ်သန်းကြရာတွင် ရုပ်တုများ၏အရိပ်များကို နောက်ဘက်နံရံတွင် လှပစွာမြင်ရလေ့ရှိသည်။ သို့သော် Ptah ရုပ်တုမှာမူ မည်သည့်အခါမှ အရိပ် မထင်ဘဲ အမှောင်အတွင်းမှာပင် အမြဲရှိနေသည်။

ဘုရားသခင်က Ptah ကို ရေအောက်၌သာ ဆက်သွယ်မှုပြုသဖြင့် သူ့နေရာသည် အမြဲမှောင်မိုက်နေသည်ဟု အီဂျစ်တို့ကယုံကြည်ကြသည်။ ထိုသို့ထူးခြားသည့် ပုံရိပ်များကို မြင်နိုင်ကြရန် ခရီးသွားများသည် နှစ်စဉ် ဖေဖော်ဝါရီလ ၂၁ ရက်နှင့် အောက်တိုဘာလ ၂၁ ရက်များတွင် အဘူစင်ဘယ်သို့ ကြိုတင်လာရောက် လေ့ရှိကြသည်။

အဆိုပါ ရုပ်တုများကို ဆောင်းယဉ်စွန်းတန်းရက်ဖြစ်သော ဒီဇင်ဘာလ ၂၂ ရက်မတိုင်မီ ရက် ၆ဝ နှင့် ဆောင်းယဉ်စွန်းတန်းရက် နောက်ပိုင်း ရက် ၆ဝ အတွင်း ကျောင်းတော်အတွင်း၌ လွန်ခဲ့သော နှစ်ပေါင်း ၃၂၈ဝ က နေရာချထားခဲ့ခြင်းဖြစ် သည်ဟုယုံကြည်ထားကြသည်။

ထိုရက်များသည် ဘုရင်ကြီး၏ မွေးနေ့နှင့် နန်းတက်သောနေ့များဖြစ်သည်ဟု ပြောဆိုမှုများရှိခဲ့သော်လည်း ခိုင်မာသည့်အထောက်အထားမရှိသေးပါချေ။ ထိုရက်များသည် ဖာရိုဘုရင် ရမ်မီးစ်စီးစ်၏ အီဂျစ်နိုင်ငံကို အုပ်စိုးခြင်း နှစ် ၃ဝ ပြည့်အခမ်းအနားနှင့်ဆက်စပ်မှုရှိနိုင်ကြောင်းယူဆချက်များလည်း ရှိနေသည်။

Sirius ကြယ်၏ ခရုပတ်လမ်းကြောင်းကို အခြေတည်သော တွက်ချက်မှုများနှင့် ရှေးဟောင်း သုတေသနပညာရှင်တို့တွေ့ရှိခဲ့သော ကျောက်စာများအရ ရှမ်မီးစ်စီးစ်၏ အခမ်းအနားတစ်ခုကို ကျင်းပသောနေ့သည် အောက်တိုဘာလ ၂၂ ရက်ဖြစ်နိုင်ကြောင်း ယူဆခဲ့ကြသည်။

နှစ်စဉ် ဖေဖော်ဝါရီလ ၂၂ ရက်နှင့် အောက်တို ဘာလ ၂၂ ရက်များတွင် နေသည် ကမ္ဘာမြေပြင်ဘက်သို့ တိမ်းစောင်းလေ့ရှိသည်။ ထိုနေ့များတွင် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၂ဝ မိနစ် ၁၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၃၁ ဒီဂရီ ၃၇ မိနစ် ၃၂ စက္ကန့် တွင် တည်ရှိနေသော အဘူစင်ဘယ်ကျောက်ရုပ်တုများသို့ နေသည် ၁၁ ဒီဂရီအထိ တိမ်းစောင်းလေ့ရှိကြောင်း ပညာရှင်များက တွက်ချက်ခဲ့သည်။

အီဂျစ်နိုင်ငံရှိ ပိရမစ်များကဲ့သို့ပင် အဘူစင်ဘယ် ဘုရားကျောင်းများနှင့် ကျောက်ထွင်းရုပ်တုများကို အီဂျစ်နိုင်ငံသို့ လာရောက်လည်ပတ်ကြသူတိုင်း သွားရောက်ကြည့်ရှုလေ့ရှိကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝဝ ကျော်က ဆောက်လုပ်ခဲ့သည့် လက်ရာမြောက်လှသည့်ရုပ်တုများကို အီဂျစ်နိုင်ငံ၏ ခေတ်သစ်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လွတ်ကင်းသောနေရာသို့ အောင်မြင်စွာရွှေ့ပြောင်း ထိန်းသိမ်းထားနိုင်ခြင်းကြောင့် ရှေးဟောင်းခေတ်၏ ပုံရိပ်များကို ယနေ့တိုင်မြင်တွေ့ နေနိုင်ကြခြင်းဖြစ်ပေသည်။

Credit _ Author:မြင့်ဇော်

Leave a Reply

Your email address will not be published.