တစ်ဦးတည်းသော ရှမ်းအမျိုးသမီးစော်ဘွား စဝ်နန်းတစ်ထီလာ(ခေါ်)စဝ်နန်းဒိပ်ဓိဋာ
“တစ်ထီလား”ဟူသော အမည်သည် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ၌သာမက ဘိလပ်ရှိ ဧကရီဘုရင်မကြီးတို့ အသိုင်းအဝိုင်းထိပင် ပျံ့နှံ့ခဲ့သည်။မိန်းမစော်ဘွား ဟုထင်ရှားသည့်အတွက် မစ္စတာမောရစ်ကောလစ်မှာ သူ့ကိုတွေ့ချင်သောဆန္ဒနှင့်တစ်ကြောင်း ကျိုင်းတုံကို လာခဲ့ရသည်ဟု နေဝင်ဘုရင်များစာအုပ်၊စာမျက်နှာ ၂၆၇ ၌ ဖွင့်ဆိုထားခဲ့သည်။
တစ်ချိန်က ပြင်သစ်နှင့် ဗြိတိသျှတို့သည် ကျိုင်းတုံတစ်ဝိုက်၌ အကြံတူရန်သူဖြစ်ပြီး နယ်စပ်ချင်း မညီမညွတ် ဖြစ်ခဲ့ကြသည်။ ပြင်သစ်က ကျိုင်းချိုင်အရှေ့ပိုင်း မိုင်းဆိုင်းနယ်ကို တောင်းဆိုနေသည်။မြောက်ဘက်၌ ကျယ်ဝန်းသောကျိုင်းတုံနယ်ကြီးမှာ ဝေလပြည် ၂ ဆ နီးပါးရှိ၍ စတုရန်းမိုင် ၇၅ဝ ခန့်ရှိသည်။
ပြင်သစ်ကိုယ်စားလှယ် မွန်စီယာပါစီက မြစ်အရှေ့ဘက်နယ်ကို ပြင်သစ်ပိုင်အဖြစ် စဉ်းစားဖို့ တင်ပြ၏။ အချင်းများနေသောနယ်တွေအပေါ် ဖြတ်လာသူကို ဖမ်းမည် ဟုလည်း ဆိုနေကြသည်။ ကျိုင်းတုံနယ်ကြီးကိုလည်း ဂျော့စကော့က သစ္စာခံစေချင်သည်။
စော်ဘွား၏ ဆင်တွေအကြောင်း၊ ကိုယ်ပိုင်တပ်တွေအကြောင်း၊ ဒတ်ချ်လုပ် နာရီများ၊ ဖန်ထည်၊ မှန်ထည်ပစ္စည်းများ၊ တရုတ်ပြည်ဖြစ် ထူးဆန်းသော ရှမ်းကြိုက်ပစ္စည်းများပေါကြောင်း စကော့ကိုယ်တိုင်က ရေးသားခဲ့ဖူးသည်။
စဝ်နန်းတစ်ထီလား(Sao Nang Tip Htila)ဟူသည်မှာ အများက ခေါ်ဝေါ်ကြသော ဝေါဟာရဖြစ်သည်။ အမှန်မှာ “တစ်ထီလား” မဟုတ်၊ ဒေဝမိတာမှလာသော ပါဠိပျက်ဖြစ်၍ ‘ဒိပ်ဓိဋာ”ဟု ဂုံဘာသာဖြင့်ရေးလေ့ရှိ၏။ အဓိပ္ပာယ်မှာ’မိုးနတ်သူဇာမယ်၊ နတ်သုဒ္ဓါမင်းသမီး၊ ပြဂါးရှင် နန်းကေသီ’ဟု ဘာသာပြန်ရပေလိမ့်မည်။
ကွယ်လွန်သူ ကျိုင်းတုံစော်ဘွားကြီး စဝ်ကျိုးခိုင်သည် သားသမီးသုံးယောက်ထွန်းကားလေသည်။ ၎င်းတို့မှာ (၁)စဝ်ကောင်းခမ်းဖူး၊(၂) စဝ်နန်းဒိပ်ဓိဋာနှင့်(၃)စဝ်ကောန်ကျောက်အင်းထလိုင်းတို့ ဖြစ်လေသည်။ စောနန်းဒိပ်ဓိဋာသည် တစ်ဦးတည်းသောသမီးဖြစ်၍ ၁၂၃၃ ခုနှစ်တွင် မွေးဖွားလေသည်။ ၁၆ နှစ်သမီးအရွယ်တွင် ခမည်းတော် ကံကုန်ခဲ့သည်။
စဝ်နန်းဒိပ်ဓိဋာသည် မိန်းမပင်ဖြစ်သော်လည်း မြင်းစီးတော်၍ အတိုက်အခိုက်တွင် အလွန်ဝါသနာပါသဖြင့် ကျိုင်းရုံးကြီးစစ်မျက်နှာအထိ လိုက်သွားခဲ့ဖူးသည်။ ယောက်ျားများ ပြီးဆေးထိုးသည်ကို မိမိလည်း လိုက်ထိုးလေ့ရှိသည်။မိမိလက်မောင်း နှစ်ဖက်စလုံးတွင် စက်အင်း အများအပြား မြှုပ်နှံထားသည်ကိုတွေ့ရှိ၏။
မိန်းမသား ဖြစ်သော်လည်း ယောက်ျားကဲ့သို့ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသူ ဖြစ်သည်။ တိုင်းပြည်အပေါ် ဘေးကြီးအန္တရာယ်ကျရောက်မည်ကို မိမိက ဖြေရှင်းပေး တတ်သည်။ တိုင်းပြည်ကိုလည်း မင်းလုပ်အုပ်ချုပ်တတ်သူဖြစ်သည်။
စဝ်နန်းဒိပ်ဓိဋာ၏ နောင်တော်ဖြစ်သူ စောကောင်းခမ်းဖူး ကျိုင်းတုံစော်ဘွားဖြစ်စဉ်အခါ မစ္စတာ ဂျော့စကော့သည် အင်္ဂလိပ်စစ်တပ်ကိုခေါင်းဆောင်၍ ကျိုင်းတုံသို့ရောက်လာ၏။ ဂျော့စကော့နှင့် ကျိုင်းတုံစော်ဘွားကြီး စဝ်ကောင်းခမ်းဖူးတို့သည် မကြာခဏ အရေးပေါ်လေ့ရှိ၏၊
စဝ်ကောင်းခမ်းဖူး၏ညီမတော် စောနန်းဒိပ်ဓိဋာသည် အပျိုတော်များခြံရံလျက် အင်္ဂလိပ်စခန်းသို့ သွားရောက်စုံစမ်းမေးမြန်းလေ့ရှိသည်။ တစ်ညတွင် စဝ်နန်းဒိပ်ဓိဋာနှင့် အခြွေအရံတို့သည် မိမိ၏ နောင်တော် စဝ်ကောင်းခမ်းဖူးကို အသိမပေး၊ ခွင့်မပန်ဘဲ ဂျော့စကော့တို့ တည်ခင်းကျွေးမွေးသော ညစာ စားပွဲသို့တက်ရန် အင်္ဂလိပ်စစ်စခန်းသို့ရောက်ရှိနေ၏။
ထိုနေ့ညတွင် စဝ်ကောင်းခမ်းဖူးသည် ရုပ်ဖျက်၍ မိမိ၏ရဲမက်ဗိုလ်ပါများခေါ်ဆောင်ပြီး အင်္ဂလိပ်စစ်တပ်ကို ဖျက်ဆီးရန် တိတ်တဆိတ်ချီတက်လာခဲ့သည်။ ဂျော့စကော့တို့ စစ်စခန်းသို့ရောက်လျှင် မိမိ၏တပ်ကိုဖြန့်ပြီး အင်္ဂလိပ်စစ်တပ်ကိုဝိုင်းရံထားလိုက်သည်။
ဂျော့စကော့တို့နှင့်အတူ ညစာစားရန် အင်္ဂလိပ်စစ်တပ်အတွင်းသို့ ရောက်ရှိနေသော စောနန်းဒိပ်ဓိဋာသည် အင်္ဂလိပ်တပ်စခန်းအဝိုင်းခံနေရပြီဟု မိမိ လူယုံတော်ထံမှသိရှိရသောအခါ မိမိမကယ်လျှင် မြို့လယ်ကောင်တွင် အရေးတော်ပုံကြီးဖြစ်ပေါ်လာရတော့မည်စိုး၍ ချက်ချင်း ဂျော့စကော့ကိုခေါ်ဆောင် သွားသည့်အတွက် အဝိုင်းခံနေရသည့်ကြားမှ ထွက်ပြေးလွတ်မြောက် သွားလေသည်။
ကျိုင်းတုံစော်ဘွားကြီး စဝ်ကောင်းခမ်းဖူးသည် သက္ကရာဇ် ၁၂၅၇ ခုနှစ်တွင် နတ်ရွာစံခဲ့သည်။ ထိုအချိန်တွင် စော်ဘွား အရိုက်အရာကိုဆက်ခံမည့်သူ ညီတော် စောကောန်ကျောက်အင်းထလိုင်းမှာ စော်ဘွားဖြစ်ရန် အသက်မပြည့်သေးသဖြင့် စောနန်းဒိပ်ဓိဋာက စော်ဘွားကိုယ်စား ကျိုင်းတုံခရိုင်ကို ခဏအုပ်ချုပ်ပေးခဲ့ရပါသည်။
၂ နှစ်ကြာ၍ မောင်တော်နန်းတက်ပြီးမှ မိမိလည်း ကျိုင်းခမ်းစော်ဘွားနှင့်လက်ထပ်ပြီး ကျိုင်းခမ်းမြို့သို့ သွားရောက်နေထိုင်ခဲ့လေသည်။ ကျိုင်းခမ်းစော်ဘွားနှင့်ပေါင်းဖက်လာခဲ့ရာ စောဟောင်ခမ်း မည်သော သားတော်တစ်ပါးထွန်းကားခဲ့၏။ မကြာမီ စောနန်းဒိပ်ဓိဋာသည် ကျိုင်းခမ်းစော်ဘွားကို ခွဲခွာပြီး ကျိုင်းတုံတွင်လာရောက်နေထိုင်လေသည်။
သားတော် အသက် ၁၁ နှစ်ရသောအခါမှ ကျိုင်းခမ်းစော်ဘွားကြီး နတ်ရွာစံသွားရာ ကျိုင်းခမ်းနယ်တွင် အုပ်ချုပ်သူမရှိဘဲဖြစ်နေသည့်အတွက် စောနန်းဒိပ်ဓိဋာက ၁၁ နှစ်ကြာအောင် သွားရောက် အုပ်ချုပ်ပေးရပြန်သည်။ မိမိ ကျိုင်းခမ်းနယ်ကို အုပ်ချုပ်စဉ်အခါက အင်္ဂလိပ်ဘုရင်မသည် အိန္ဒိယပြည်သို့ တိုင်းခန်းလှည့်လည်ရောက်ရှိလာစဉ် စဝ်နန်းဒိပ်ဓိဋာလည်း ဒေလီမင်းစုံပွဲအခမ်းအနားသို့ ဖိတ် ကြားသည့်အတွက် တက်ရောက်ခဲ့ရသည်။
မစ္စတာမောရစ်ကောလစ်က ၎င်း၏ ၁၉၃၉ ခုနှစ်လောက်က ရေးခဲ့သော နေဝင်ဘုရင်များစာအုပ်၌ သူတွေ့ခဲ့ရသော စဝ်နန်းတစ်ထီလားအကြောင်းကို စိတ်ဝင်စားဖွယ်ဖော်ပြထားခဲ့သည်။ နန်းတစ်ထီလားသည် သစ်ချသီးအရောင် ထဘီနှင့် ဂွမ်းခံသောအင်္ကျီဖြူကိုဝတ်ကာ ခေါင်းပေါင်းထားကြောင်း၊ တောက်ပစူးရှသော မျက်လုံးအစုံနှင့် လက်ဟန်ခြေဟန်ဖြင့် လူငယ်နှင့်မခြား ပြောဆိုပုံ၊ သွက်လက်ဖျတ်လတ်ပုံနှင့် အလွန်ထက်မြက်သောအမျိုးသမီးကြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ရှေးက မြေယာပေါင်းများစွာပိုင်ဆိုင် ကြွယ်ဝသော်လည်း ထိုအချိန်က ပင်စင်ငွေကိုသာ စားနေရကြောင်း၊ စော်ဘွားအဖြစ် သုံးကြိမ်အုပ်ချုပ်ခဲ့ရပြီး ကျိုင်းခမ်းတွင်လည်း မဟာဒေဝီဘဝမှ စော်ဘွား ဖြစ်ရပြန်ကြောင်း၊
ထို့နောက် လားဝန်တင်များဖြင့် ရန်ကုန်သို့ကုန်ကူးအလာ ဘုရင်ခံ၏ မြက်ခင်းပေါ်သို့ လားတွေ မြင်းတွေ လွှတ်ထားမိသဖြင့် အမှုဖြစ်သည်ကို မိမိက ကန့်ကွက်၍ ဘုရင်ခံကပင် ဒဏ်ငွေ အိတ်ထဲမှ စိုက်ပြီး ဆောင်ပေးခဲ့ရကြောင်း၊ ဘုရင်ခံ ဆာဂျော့ရှောသည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု နန်းတစ်ထီလားက ပြောသည်ဟု ဆိုပါသည်။
“ကျုပ်နဲ့ ဒေလီမှာ ဗြိတိသျှဘုရင်မနဲ့တွေ့တော့ မေးတယ်၊ ဘယ့်နှယ်လဲ တစ်ထီလားရယ် ပင်လယ်ဖြတ်ပြီး တို့ကိုလာတွေ့တာမှာ လက်ဝတ်လက်စားတွေပျောက်ကုန်တယ်ဆို”ဟုတ်ပါတယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ အခု ကျွန်မဘုရင်မကြီးကို တွေ့ပြီပဲလို့ ပြောလိုက်တဲ့အခါ ဘုရင်မကြီးက သူ့လက်ကလက်စွပ်တစ်ကွင်းကို ချွတ်ပြီး ကျုပ်လက်မှာစွပ်ပေးလိုက်တယ်၊ ဘုရင်မဆိုတာ ဒီလို လက်ဆောင်ပေးရစမြဲပဲ”ဟု မောရစ်ကောလစ်ကို ပြောပြကြောင်း ဖတ်ရသည်။
စဝ်နန်းတစ်ထီလားသည် လမ်းခရီးတွင် လက်ဝတ်လက်စားတွေပျောက်၍ ကုလားမဟာရာဂျာကတော်တွေအလယ်မှာ လည်ဆွဲတစ်ကုံး လက်စွပ်တစ်ကွင်းမှ မဝတ်လိုက်ရဟု ဆိုပါသည်။ မောရစ်ကောလစ်က အင်္ဂလန်တစ်ခေါက် သွားပါဦးဟုဆိုရာ နန်းတစ်ထီလားက “ဒါတွေမဖြစ် နိုင်တော့ပါဘူး၊ ကျုပ်မှာ အခု လော်ရီစီးနေရတာ သာကြည့်ပါ ဂုဏ်ဆိုတာ ငွေမရှိရင် အလကားပါပဲ၊ ကျုပ်ပင်စင်က တစ်လ ၇ ပေါင်ခွဲရတယ်၊ အင်္ဂလန်ရောက်ဖို့ ဝေးပါသေးရဲ့”ဟု ဆိုလေသည်။
“ကျုပ်က ကျိုင်းခမ်းက ကျိုင်းတုံကိုပြန်လာတဲ့အခါ နောင်တော်နဲ့အတူ တရုတ်တွေကိုလည်းတိုက်ခဲ့တယ်၊ မိုင်းပုကြီးမှာ ၄ နှစ် အုပ်ချုပ်ခဲ့တယ်။ဒါနဲ့ ကျုပ် ယောက်ျားဆုံးတော့ သားက ၁၁ နှစ်ပဲ ရှိသေးတယ်၊ဒါနဲ့ ကျုပ်ပဲ ကျိုင်းခမ်းကို ၁၁ နှစ်အုပ်ချုပ်ခဲ့ပြီး သား ၂၂ နှစ်ရောက်မှ နန်းအပ်လိုက်တယ်။
သားလည်း ၅ နှစ်ပဲ လုပ်နိုင်ပါတယ်၊ ကျုပ်လည်း ဆင်နဲ့စပြီးကုန်ကူးတာပဲ၊ တစ်လနှစ်လကြာအောင် မြင်းဝန်တင်တွေရှေ့က ကျုပ်က လက်နက်အစုံနဲ့ဦးစီးပြီး ကုန်ကူးတယ်၊ ရန်ကုန်၊ မော်လမြိုင်ဖကာလကတ္တားနဲ့ ဒေလီအထိပဲ” ဟု ပြောပြလေသည်။
“ဆာဂျော့စကော့က ကျိုင်းတုံလာတုန်းက နယ်ကို အုပ်ချုပ်ဖို့လာတာပဲ၊ ကျုပ်က ညနေလောက် မြင်းနဲ့ အထိန်းတော်ရယ်၊ အမှုထမ်းများရယ် သူ့ဆီသွားခဲ့တယ်၊ ဒီအခါမှာ ကျုပ်မောင်စော်ဘွားက သုံးဖက်က ဝိုင်းထားတာ သိရပြီး ညသန်းခေါင်မှာ ဂျော့ကို ကျုပ်က ကယ်လိုက်ရတယ်၊ မတတ်နိုင်ဘူး”ဟုဆိုရာ “ဘာကြောင့် ဂျော့ကိုကယ်ချင်ရတာလဲ”ဟု မောရစ်က မေးသည်။
“ရှမ်းတွေကို အုပ်ချုပ်ဖို့ လူလိုနေတာမှာ ပြင်သစ် နဲ့စာရင်တော့ အင်္ဂလိပ်ကပိုပြီးကောင်းမလားလို့ပဲ” ဟု နန်းတစ်ထီလားကပြန်ပြောခဲ့သည်။ အကယ်၍ဂျော့သာ ပြင်သစ်လူမျိုးဖြစ်ခဲ့လျှင်ကား သူ့နိုင်ငံရေးအမြင် ဘယ်လိုရှိမည်မသိပါဟု မောရစ်ကဆိုလေသည်။
မောရစ်၏အမြင်မှာ စဝ်နန်းတစ်ထီလားသည် ဂုဏ်သိက္ခာမြင့်မားသူဖြစ်သည်။ တခြားရှမ်းအမျိုးသမီးများနှင့် လုံးဝမတူ၊ သူနှင့် ယခု ကျိုင်းတုံမှ တောင်ကြီး သွားသော လော်ရီပေါ်စီးနင်းလိုက်ပါခဲ့သော မင်းသမီးကြီးမှာ တိုင်းပြည်ကို ၁၀ နှစ်ကြာအုပ်ချုပ်ခဲ့သူဖြစ်သည်။
ယောက်ျားသားတွေကို သူက စီမံခန့်ခွဲ အမိန့်ပေး ကွပ်ကဲခဲ့သူဖြစ်သည်။ သူတို့၏တိုက်ပွဲတွေ၊လောဘ၊ ဒေါသတွေကိုလည်း နန်းတစ်ထီလားက သိပြီး ဖြစ်သည်။ သူတို့ကို ဘယ်ပုံဘယ်နည်းနှင့်ချုပ်ကိုင်ရမည်၊ လှည့်စားရမည်ကိုလည်း သိပြီးသားဖြစ်သည်ဟု ရေးထားသည်။
၁၉၃၈ ခုနှစ်တွင် ၆၉ နှစ်အရွယ်ရှိပြီဖြစ်သော်လည်း စောနန်းတစ်ထီလားမှာ အသက်အရွယ် အိုမင်းခြင်းကြောင့် စိတ်အားညှိုးငယ်နေပုံမရ၊ သူ၏ ဖျတ်လတ်ပုံမှာ အံ့ဩဖို့ကောင်းသည်။ မောရစ်ကောလစ်၏စိတ်ထဲ၌ စောနန်းတစ်ထီလားကိုကြည့်ရင်း ဗောလ်တဲရုပ်ပုံကိုလည်းကောင်း၊ မိုက်ကယ်ဗယ်လီကို လည်းကောင်း သွား၍မြင်နေမိသည်။
ရှမ်းပြည်နယ်က လောင်းကစားပွဲတွေအကြောင်းလည်းကြားရသည်။သူဝါသနာပါမှန်းလည်း အကဲခတ်မိသည်။ စဝ်နန်းတစ်ထီလားသည် သူ့ကံကို သူယုံသူဖြစ်သည်။ တစ်ကြိမ်က ချမ်းသာကြွယ်ဝပြီး ခြွေရံသင်းပင်းများနှင့် ဘုရင်တစ်ဆူဖြစ်ခဲ့သော်လည်း ယနေ့တွင် ထိုမိန်းမ လူစွမ်းကောင်းကြီးမှာ အခြေအနေအတော်ပျက်ပြား လျက်ရှိနေသည်ဟု မြင်သည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံအုပ်ချုပ်သော အတတ်ပညာကို ကျွမ်းကျင်ပါးနပ်စွာအသုံးပြုလျက် သူ့နယ်ပယ်တွင် မင်းလုပ်ခဲ့သော ရှမ်းအမျိုးသမီးစော်ဘွား စဝ်နန်းတစ်ထီလားကိုကား နိုင်ငံခြားသားများကပင် လေးလေးစားစားဆက်ဆံခဲ့ကြသည်ကို တွေ့ရသည်။