စင်ကာပူက တီထွင်လိုက်တဲ့ စွမ်းအင်ချွေတာ‌ရေး မှန်ချပ်

စင်ကာပူက တီထွင်လိုက်တဲ့ စွမ်းအင်ချွေတာ‌ရေး မှန်ချပ်

စင်ကာပူနိုင်ငံ၊ နန့်ယန်းနည်းပညာ တက္ကသိုလ် (NTU) မှ ဦးဆောင်တဲ့ နိုင်ငံတကာ သုတေသနအဖွဲ့ဟာ အခန်းတွင်း အပူချိန် သို့မဟုတ် အအေးကို အလိုအလျှောက် လိုက်လျောညီထွေစွာ ပြုလုပ်ပေးနိုင်တဲ့ စွမ်းအင်ချွေတာသည့် မှန်ပစ္စည်းတစ်မျိုးကို တီထွင်လိုက်ပါတယ်။

၎င်းပစ္စည်းကို မှန်ပြတင်းပေါက်တွင် ဖုံးအုပ်ခြင်းဖြင့် ကမ္ဘာပေါ်ရှိ မတူညီသော ရာသီဥတုဇုန်များရှိ အခန်းများအတွင်း အပူချိန်ကို လိုက်လျောညီထွေအောင် ပြုလုပ်ပေးပြီး စွမ်းအင်သုံးစွဲမှုလည်း လျော့ချပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သိပ္ပံဂျာနယ်တွင် လေ့လာတွေ့ရှိမှုကို ဖော်ပြထားသည်မှာ အဆိုပါ မှန်ဟာ အပူနှင့် အအေးကြား ကူးပြောင်းခြင်းမှာ ပြောင်းလဲနေသော အပူချိန်ကို လိုက်၍ အလိုအလျောက် တုံ့ပြန်နိုင်သည်ဟု ဖော်ပြထားပါတယ်။

မှန်ကို အပူအအေး တစ်ပြိုင်နက်ထဲ ခံနိုင်ဖို့အတွက် vanadium dioxide nanoparticles ပေါင်းစပ်ထားသော အလွှာများ၊ poly(methyl methacrylate) (PMMA) နှင့် low-emissivity coatingတို့ကို အသုံးပြုပြီး ဖန်တီးထားပါတယ်။

အသစ်တီထွင်ထားသော ဒီစွမ်းအင်ချွေတာရေးမှန်မှာ မည်သည့်လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းမျှ မပါဝင်ပါဘူး။မှန်ကို ဖြတ်လာသည့် အလင်းတန်းများကို အသုံးပြု၍ လုပ်ဆောင်ပြီး အပူ၊အအေးကို ဖြစ်‌‌ပေါ်စေတာ ဖြစ်ပါတယ်။

၎င်းမှန်ဟာ နွေရာသီမှာ အခန်းကို အေးစေပြီး ဆောင်းရာသီမှာ အခန်းကို ပူနွေးစေအောင် အလိုအလျှောက် ပြုလုပ်ပေးနိုင်ပါတယ်။ ရလဒ်များကို မြင်သာအောင် အနီအောက်ရောင်ခြည်ကင်မရာကိုအသုံးပြု၍ ဓါတ်ခွဲခန်းတွင် ၎င်းမှန်ဟာ ပြောင်းလဲနေသော ရာသီဥတုအခြေအနေများနှင့် လိုက်လျှောညီ‌ထွေဖြစ်အောင် လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရှိကြောင်း သက်သေပြခဲ့ကြပါတယ်။

အဆောက်အဦတစ်ခု၏ ဒီဇိုင်းတွင် ပြတင်းပေါက်များဟာ အဓိကအစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သော်လည်း ၎င်းတို့ဟာ စွမ်းအင်အသက်သာဆုံးနှင့် အရှုပ်ထွေးဆုံးအပိုင်းလည်းဖြစ်ပါတယ်။

အမေရိကန် စွမ်းအင်ဌာနမှ အချက်အလက်များအရ နှစ်စဉ်အမေရိကန်ပြည်ထောင်စုတွင် အဆောက်အဦများရဲ့ ပြတင်းပေါက်နဲ့ဆက်နွယ်တဲ့ စွမ်းအင်သုံးစွဲမှု (အပူနှင့် အအေးပေးခြင်း)ဟာ ပင်မစွမ်းအင်သုံးစွဲမှု စုစုပေါင်း၏ ၄ ရာခိုင်နှုန်း ခန့်ရှိပါတယ်။

သိပ္ပံပညာရှင်များဟာ အပူကူးပြောင်းခြင်းကို ဟန့်တားခြင်း၊ မှန်ကို ဖြတ်လာတဲ့ နေရောင်ခြည်ကို အရောင်မှိန်သွားအောင်ပြုလုပ်ခြင်းစသည့် ပြတင်းပေါက်နဲ့ဆက်နွယ်တဲ့ စွမ်းအင်သုံးစွဲမှုကို လျော့ချရန် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများကို တီထွင်ကြံဆခဲ့ကြပါတယ်။

သို့‌သော် မည်သည့်နည်းလမ်းကမျှ မှန်ရဲ့ဖန်သားပြင်ကို အပူနဲ့အအေး တစ်ပြိုင်နက်ထဲ ချိန်ညှိနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။ စင်ကာပူတီထွင်လိုက်တဲ့ ယခုမှန်ချပ်ဟာ အပူနဲ့အအေး တစ်ပြိုင်နက်ထဲ ချိန်ညှိနိုင်တဲ့ ကမ္ဘာ့ပထမဆုံး မှန်ချပ်ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published.