ကမ္ဘာ့အသက်အငယ်ဆုံး‌ ပါရဂူဘွဲ့ (PhD) ရသူအဖြစ် မှတ်တမ်းတင်ခြင်းခံထားရသူ

ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံးသော ပါရဂူဘွဲ့ ရသူအဖြစ် မှတ်တမ်းတင်ခြင်းခံထားရသူ

ကမ္ဘာပေါ်မှာ ဘွဲ့ရပညာတတ်တွေ များပါတယ်။ Ph.D ပါရဂူဘွဲ့ရတွေလဲ မနည်းပါဘူး။ ပါရဂူဘွဲ့ တစ်ခုရဖို့ဆိုတာ နှစ်နှင့်ချီပြီး စာတွေလေ့လာရတယ်။ စာတမ်းတွေပြုစုရတယ်။ စာတမ်းတွေကို အစစ်ဆေးခံ ကြရတယ်။

ဒါတွေကို ဖြတ်ကျော်အောင်မြင်ဖို့ဆိုတာ ပျမ်းမျှအားဖြင့် လူတစ်ယောက်ရဲ့အသက် (၃၀) ဝန်းကျင်လောက်မှ ရနိုင်တာပါ။

ဒါပေမဲ့ ကားလ်ဝှစ်တ်(Karl Witte)ဆိုသူဟာ အသက် ၁၃ နှစ်အရွယ်မှာပဲ ပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်။ ဂင်းနက်စ်မှတ်တမ်းမှာလည်း ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံးသော ပါရဂူဘွဲ့ ရသူအဖြစ် မှတ်တမ်းတင် ခြင်းကိုခံခဲ့ရပါတယ်။

နာမည်အပြည့်အစုံကတော့ Johann Heinrich Friedrich Karl Witte ဖြစ်ပါတယ်။သူ့ကိုတော့ ၁၈ဝဝ ပြည့်နှစ် ဇူလိုင်လ ၁ ရက်မှာ ဂျာမနီနိုင်ငံ Lochau (ယခု Schkopau မြို့ ရဲ့ အစိတ်အပိုင်း၌) မွေးဖွားခဲ့ပါတယ်။

Karl Witte ဟာ ငယ်စဉ်ကတည်းက စာရေးဆရာနဲ့ သင်းအုပ် ဆရာဖြစ်တဲ့ ဖခင် Karl Heinrich ရဲ့ ဒဿနတွေနဲ့ ကြီးပြင်းလာ ခဲ့ပါတယ်။ ဖခင်ရဲ့ပံ့ပိုးမှုကြောင့် သူဟာ အသက် ၉ နှစ်အရွယ်မှာ ကတည်းက ဂျာမန်၊ ပြင်သစ်၊ အီတလီ၊ လက်တင်၊ ဂရိဘာသာ စကားတွေကို တတ်မြောက်ပြီးဖြစ်ပါတယ်။

Karl Witte အသက် ၁၃ နှစ်အရွယ်၊ ၁၈၁၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်မှာတော့ သူဟာ ဂျာမနီနိုင်ငံ Giessen တက္ကသိုလ်ရဲ့ Ph.D ပါရဂူဘွဲ့ကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ဒါ့အပြင် ဂင်းနက်စ်မှတ်တမ်းမှာလည်း ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံးသော ပါရဂူဘွဲ့ ရသူအဖြစ် မှတ်တမ်းတင် ခြင်းကိုခံခဲ့ရပါတယ်။

Karl Witte ရဲ့ ရည်မှန်းချက်ကတော့ ရှေ့နေတစ်ယောက် ဖြစ်ဖို့ပါ။ ဒီအတွက် ပညာဆက်လက်ဆည်းပူးရန် ၁၈၁၈ ခုနှစ် မှာတော့ အီတလီနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

သူဟာ စာဖတ်ခြင်းကို အလွန်ဝါသနာထုံပြီး စာအုပ်၊ စာပေတွေကို အလွန်မြတ်နိုးသူဖြစ်ပါတယ်။ Karl Witte ဟာ အီတလီကို ရောက်ပြီး ၅ နှစ်အကြာ ၁၈၂၃ ခုနှစ်မှာတော့ Breslau တက္ကသိုလ်မှာ ပါမောက္ခဖြစ်နေခဲ့ပြန်ပါတယ်။

သူဟာ ရိုမန်ဥပဒေ၊ဘိုင်ဇန်တိုင်းဥပဒေ၊ပါရှန်ဥပဒေကို သင်ကြားပေးခဲ့ပါတယ်။ နောက် ပိုင်းမှာတော့ သူက ဂျာမန်ဥပဒေပညာရှင် တစ်ယောက်အဖြစ်ရပ်တည်ရင်း ၁၈၈၃ ခုနှစ်တွင် ဂျာမနီနိုင်ငံဟဲလ်လီမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

Witte ရဲ့ အကြောင်းကို သူ့ရဲ့ဖခင် The Education of Karl Witte ဆိုတဲ့ စာအုပ်တစ်အုပ်ရေးခဲ့ပါတယ်။ ဒီ စာအုပ်ထဲမှာ သူဟာ ဉာဏ်ပညာထက်မြက် ပြီးဖြစ်တဲ့သားဖြစ်သူကို သိပ္ပံ၊ ဗဟုသုတအနုပညာ၊ ဘာသာစကား စတဲ့နယ်ပယ် မျိုးစုံမှာ ထူးချွန်တတ်မြောက်စေဖို့ ဘယ်လိုလေ့ကျင့်ပျိုးထောင်ပေးခဲ့တယ်ဆိုတဲ့ အကြောင်း ရေးသားထားပါတယ်။

အဲဒီ စာအုပ်ဟာ ဂျာမနီမှာ သိပ်နာမည်မကြီးခဲ့ပေမယ့် တရုတ်နိုင်ငံမှာတော့ ယနေ့ထက်တိုင် နာမည်ကြီးလျက်ရှိပြီး မိမိသားသမီး တွေကိုထူးချွန်စေချင်တဲ့ မိဘတွေဟာ ဒီစာအုပ်ထဲက နည်းလမ်းတွေနဲ့ လေ့ကျင့် ပေးလျက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *