ဂရိနိုင်ငံရဲ့ အထင်ကရ ဘုရားကျောင်းများ

ဂရိနိုင်ငံရဲ့ အထင်ကရ ဘုရားကျောင်းများ

ဂရိနိုင်ငံအလယ်ပိုင်းရှိ Kalabaka မြို့အနီးက ထာဝရဘုရားရဲ့တောင်အဖြစ် လူသိများတဲ့ Mount Athos ပေါ်မှာတော့ Meteora အမည်ရတဲ့ အရှေ့ပိုင်း ခရစ်ယာန်ဘုရားကျောင်းတွေ တည်ရှိပါတယ်။

ရင်သပ်ရှုမောစရာကောင်းတဲ့ ရှေးခေတ်ဗိသုကာ လက်ရာတွေကြောင့် နာမည်ကျော်ကြား ခဲ့ပါတယ်။ အဲဒီဘုရားကျောင်းတွေ တည်ဆောက်ခဲ့တဲ့ခုနှစ် ကိုတော့ တိတိကျကျသိရှိခြင်း မရှိခဲ့ပေမယ့် သမိုင်းပညာရှင် တွေကတော့ ၁၄ ရာစုလောက်ကတည်းက တည်ဆောက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

Meteora ဆိုတာကတော့ ဂရိဘာသာနဲ့ ‘လေထဲတွင် မျောလွင့်နေခြင်း’လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီ Mount Athos ပေါ်မှာရှိတဲ့ Eastern Orthodox Monastries (ရှေးခရစ်ယာန် ဘုန်းတော်ကြီးကျောင်း၊ ဘုရားရှိခိုးကျောင်း) တွေဟာ

အလွန်ကြီးမားတဲ့ ကျောက်တောင်ကြီးတွေပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး ယင်းသဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျောက်သားတိုင်တွေရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း ၆ဝ ထက်မနည်းရှိနေပါတယ်။

ယင်းနေရာမှာပဲ မီတာ ၄၀၀ အထိမြင့်မားတဲ့ ဘုရားကျောင်းတွေတည်ရှိနေတာဖြစ်ပြီး မူလကတော့ ဘုရားကျောင်းအရေအတွက် ၂၄ ခုလောက် ရှိခဲ့ပေမယ့် ယနေ့အချိန်မှာတော့ ၆ ခုသာ ကျန်ရှိပါတော့ တယ်။

ဒီဘုရားကျောင်း ၆ ခုကတော့ Holy Monastery of Great Meteoron, Holy Monastery of Varlaam, Holy Monastery of Rousanou, Holy Monastery of St. Niicholas Anapausas, Holy Monastery of St. Stephen နဲ့ Holy Monastery of Trinity တို့ဖြစ် ပါတယ်။

ဒါ့အပြင် Meteora Monastries တည်ရှိရာ အရပ်ဟာ ဂရိနိုင်ငံရဲ့နာမည်ကျော် ပထဝီနှင့်သမိုင်းသုတေသန နယ်မြေဖြစ်တဲ့ Thessaly ဒေသရဲ့ အနောက်မြောက် အစွန်အဖျားမှာ တည်ရှိပြီး အနီးဝန်းကျင်မှာ Pineios မြစ်နဲ့ Pindus တောင်တန်းတွေ ဝန်းရံတည်ရှိ နေပါတယ်။

မြေပြင်ကနေထောင်မတ်တဲ့ အနေအထားနဲ့တည်ရှိနေတဲ့ ဒီဒေသက ကျောက်တိုင်ကြီးတွေဟာ ဘူမိဗေဒနည်းအရနဲ့တောင် ရှင်းလင်းချပြဖို့မလွယ်ကဘဲ ထူးဆန်းစွာတည်ရှိနေတဲ့အနေအထား တွေလည်းရှိနေပါတယ်။

Volcanic Plug လို့သိကြတဲ့ မီးတောင်ကနေထွက်တဲ့ ချော်ရည်ခဲတွေကြောင့် ယခုလိုပုံသဏ္ဌာန် မီးသင့်ကျောက်သားတွေ ဖြစ်ပေါ်နိုင်ပေမယ့် Meteora Monastries က ကျောက်သားတိုင်တွေကတော့ သဲကျောက်နဲ့ စရစ်ဖြုန်းကျောက်တွေ ရောစပ်ပြီး တည်ရှိ နေလို့ဖြစ်ပါတယ်။

ဒါ့အပြင် ယင်းကျောက်တောင်တွေမှာ ရောနှောပါဝင်နေတဲ့ စရစ်ဖြုန်းကျောက်အပါအဝင် ရာသီဥတုကနေ တိုက်ရိုက်ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ ကျောက်သား တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ Meteora Monastries ရဲ့အနီးဝန်းကျင် တောင်တွေနဲ့ မတူညီတဲ့အချက်ဖြစ်ပါတယ်။

ဒီလိုကျောက်သားဖွဲ့စည်းပုံနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ဟာ ကမ္ဘာ့နေရာ အသီးသီးမှာဖြစ်ပေါ်လာနေပေမယ့် ဒီနေရာရဲ့ ကျောက်သားတိုင်တွေလိုတော့ အနည်ကျကျောက်လွှာတွေ တညီတညာတည်းမျဉ်းမတ်သဏ္ဌာန်ဖြစ်ဖို့တော့ ဖြစ် ခေါင့်ဖြစ်ခဲ အခြေအနေဖြစ်ပါတယ်။

ဒီနေရာအနီးဝန်းကျင်က လိုဏ်ဂူတွေ အတွင်းမှာတော့ အနည်းဆုံးနှစ်ပေါင်း ၂ဝဝဝဝ မတိုင်ခင်ကတည်းက လူသားတွေ နေထိုင်ခဲ့ကြောင်း ပညာရှင်တွေက တွေ့ရှိ ခဲ့ပါတယ်။ သူတို့ရဲ့ အကောင်းဆုံးဥပမာကတော့ ဂူရဲ့ သုံးပုံနှစ်ပုံလောက်က လူသား တွေတည်ဆောက်ထားတဲ့ Theopetra လိုဏ်ဂူဖြစ်ပြီး ဒီဂူရဲ့ သက်တမ်းဟာ အနည်းဆုံးနှစ်ပေါင်း ၂၃ဝဝဝ လောက် ရှိတယ်လို့ သိရပါတယ်။

ဒီလိုဏ်ဂူကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ သဘာဝဘေးအန္တရာယ်ကို ကာကွယ်လိုတဲ့အနေနဲ့ တည်ဆောက်ခဲ့တာဖြစ်မယ်လို့ ယူဆရပြီး ယင်းကာလတုန်းက ကမ္ဘာကြီးရဲ့နေရာ အတော်များများဟာ ရေခဲထုတွေဖုံးလွှမ်းနေတယ်လို့ ဆိုပါတယ်။

ဒီဒေသကို စတင်အခြေချနေထိုင်ခဲ့သူ တွေကတော့ Neolithic အနွယ်ဝင်လူမျိုးစုတွေ ဖြစ်ပြီး ယင်းနောက်မှာတော့ မြင့်မြတ်တဲ့ကျင့်စဉ် တွေကိုကျင့်ကြံလေ့ရှိတဲ့ သူတော်စင်တွေ၊ Hermit တွေ ဝင်ရောက်နေထိုင်ခဲ့ပါတယ်။

Hermit ဘုန်းတော်ကြီးတွေဟာ မူလကတည်းက မြေပြင်ကနေ ပေ ၁၈ဝဝ လောက်မြင့်တဲ့ ကျောက်သားမျှော်စင်တွေမှာ နေထိုင်လေ့ရှိကြပြီး တနင်္ဂနွေနေ့ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ တရားအားထုတ်ခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းတို့ကို ဆောင်ရွက်နေသူတွေဖြစ်ပါတယ်။

သူတို့ဟာ ၁၁ ရာစုအစောပိုင်းကာလတွေမှာ Meteora အနီး က ကျောက်သားလိုဏ်ဂူတွေအတွင်းမှာ တရားအားထုတ်မှုတွေပြုလုပ်ခဲ့ပြီး ၁၄ ရာစုမတိုင်ခင် အထိ ယခုတွေ့မြင်ရတဲ့ Meteora ဘုန်းတော်ကြီး ကျောင်းတွေကို တည်ဆောက်ခဲ့ခြင်းတော့မရှိပါဘူး။

ဘိုင်ဇန်တိုင်း အင်ပါယာခေတ်ရောက်ချိန်မှာတော့ ဂရိ နိုင်ငံမြောက်ပိုင်းကို အင်အားအလုံးအရင်းနဲ့ချီတက် တိုက်ခိုက်ခဲ့တဲ့ တူရကီတပ်တွေကြောင့် Hermit တွေ အနေနဲ့ အရေးပေါ်ခိုလှုံစရာနေရာလိုအပ်လာပါတယ်။ ဒီအတွက် ယခု Meteora ဘုရားကျောင်း တည်ရှိရာ အလွန်မြင့်မားတဲ့ကျောက်သားတိုင်ထိပ် ကို လှေကားအရှင်တွေကိုအသုံးပြုပြီး တက်ရောက်နိုင်ဖို့ အကြံရလာခဲ့ပါတယ်။

ဒီလိုအခြေပြုခိုလှုံရင်းနဲ့ ၁၄ ရာစုရောက်တဲ့ အချိန်မှာတော့ Meteora ကျောက်တိုင်ကြီးတွေ အပေါ်မှာ ဘုန်းတော်ကြီးကျောင်းတွေတည်ဆောက် ဖို့ကြိုးစားလာကြပါတယ်။ သူတို့ဟာ စုစုပေါင်း ၂ဝ ထက်မနည်းတဲ့အဆောက်အအုံတွေကို Meteora ကျောက်သားတိုင်တွေပေါ်မှာ တည်ဆောက်ခဲ့ကြ ပါတယ်။

၁၆ ရာစုရောက်ချိန်မှာတော့ ခရစ်ယာန် ဘုန်းတော်ကြီးအချို့နဲ့ သီလရှင်တွေ Meteora ဘုရားကျောင်းတွေအတွင်းမှာ နေထိုင်လာခဲ့ကြပြီး Eastern Orthodox Church တွေရဲ့ လမ်းစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြပါတယ်၊

၁၉၂ဝ ပြည့်နှစ်ရောက်ချိန်မှာတော့ အနီးနားမှာ ရှိတဲ့တောင်ကုန်းတွေကနေ တံတားသဖွယ်ပြုလုပ်ပြီး Meteora ဘုရားကျောင်းဆီကို သွားရောက်တဲ့ ကျောက်သားလှေကားတွေကို ထွင်းထုခဲ့ပါတယ်။ ယင်းကျောက်လှေကားတွေကို ယခုတိုင်အသုံးပြု နေရပြီး ၁၉၂၁ ခုနှစ်က လာရောက်လည်ပတ်တဲ့ ရိုမေးနီးယားဘုရင်မ Queen Mrie ဟာ Meteora ဘုရားကျောင်းအတွင်းကို ပထမဆုံးဝင်ရောက်ခွင့်ပြု တဲ့အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်းကလည်း ဒီတောင်တစ်ခုလုံးဟာ ဗုံး ကြဲတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ရှေးဟောင်းအမွေအနှစ် များစွာဟာလည်း မသမာသူတွေရဲ့ ခိုးယူခြင်းကိုခံခဲ့ရ ပါတယ်။

ယနေ့အချိန်မှာတော့ Meteora ဒေသဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးနယ် မြေအဖြစ် သတ်မှတ်ခြင်းခံထားရပြီး ဥရောပတစ်ခွင် မှာလည်း ကျော်ကြားတဲ့ တောင်တက်ခရီးစဉ်ပြုလုပ်ရာ နေရာဖြစ်နေပါပြီ။

ဒါ့အပြင် Meteora ဒေသမှာ တည်ရှိတဲ့ လှပတဲ့တောင်တန်းတွေရဲ့ရှူခင်းကလည်း ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်လျက်ရှိနေပြီး ဂရိနိုင်ငံရဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကို အဓိကအထောက်အကူပြုလျက်ရှိပါကြောင်း တင်ပြ လိုက်ရပါတယ်။

Author:ရဲမာန်ခ

Leave a Reply

Your email address will not be published.