သင်နေ့စဉ်အသုံးပြုနေတဲ့ အင်္ဂလိပ်ပြက္ခဒိန်ကို ဂျော်ဂျီယံပြက္ခဒိန်လို့ ခေါ်ပါတယ်။ နေကို အခြေခံတဲ့ ပြက္ခဒိန်ဖြစ်ပြီး တစ်နှစ်ကို ၃၆၅ ရက် ရက်ထပ် နှစ်မှာတော့ ၃၆၆ ရက် ရှိပါတယ်။
အဲဒီ ၃၆၅-၆ရက် ကို ၁၂ လ ပိုင်းခြားထားတာဖြစ်ပြီး အဲဒီ ၁၂ လကို ဇန်နဝါရီကနေ ဒီဇင်ဘာအထိ နာမည်ပေးပေးပါတယ်။ အဲဒီနာမည်တွေ ဖြစ်လာပုံလေးက စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။
ဇန်နဝါရီဟာ အရင်တုန်းက ပထမဆုံးလမဟုတ်ခဲ့ပါဘူး။ ရှေးရောမလူမျိုးတွေရဲ့ ပြက္ခဒိန်ဟာ မတ်လနဲ့စခဲ့ပြီး နောက် ၁ဝလမှာ တစ်နှစ်ပြည့်ခဲ့ပါတယ်။ ဒီဇင်ဘာပဲပေါ့။ဇန်နဝါနဲ့ ဖေဖော်ဝါရီ နှစ်လလုံးဟာ ရာစုနှစ်ပေါင်းများစွာ အမည်မတွင်ခဲ့ပါဘူး၊
690 BC မှာ ပွန်ပီးလီးယပ်စ်ဘုရင်က ရောမ ပြက္ခဒိန်ကို ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ရောမနတ်ဘုရား ဂျေးနပ်စ်ကို အစွဲပြုပြီး ပြက္ခဒိန်ရဲ့ ပထမဆုံးလကို ဇန်နဝါရီလို့ သတ်မှတ်ခဲ့ပါတယ်။ ဂျေးနပ်စ်နတ်ဘုရားဟာ တံခါး၊အစအပြုခြင်းတို့ကို စောင့်ရှောက်ပါတယ်။ ဒီတော့ ပြက္ခဒိန်ကို ဂျေးနပ်စ်အစွဲပြုတဲ့ ဇန်နဝါရီနဲ့ စလိုက်တာ သင့်လျော်ခဲ့တာပေါ့။
ရှေးရောမလူမျိုးတွေက နှစ်ကုန်ပိုင်းကို ဖယ်ဘရူအာပွဲတော်နဲ့အဆုံးသတ်လေ့ရှိခဲ့ပါတယ်။ ပွန်ပီးလီးယပ်က အဲဒီဖယ်ဘရူအာ ပွဲတော်ကို အစွဲပြုပြီး ပြက္ခဒိန်ရဲ့နောက်ဆုံးကို ဖယ်ဘရူဝါရီလို့ အမည်ပေးခဲ့ပါတယ်။မြန်မာလိုပေါင်းတော့ ဖေဖော်ဝါရီပေါ့။ အဲဒီတုန်းက ဒီဇင်ဘာက နောက်ဆုံးလ မဟုတ်ဘူးပေါ့။
၁၅၈၂ ခုနှစ်မှာ ပုပ်ဂရီဂေါ်ရီက ပြက္ခဒိန်ကို ထပ်ပြင်ခဲ့ပါတယ်။ ပြက္ခဒိန်ရဲ့ ပထမလကို ဇန်နဝါရီလို့ သတ်မှတ်ခဲ့ပေမယ့် နှစ်သစ်ကိုတော့ ဖေဖော်ဝါရီမှာ ကျင်းပခဲ့တာ ၁၇၅၂ ခုနှစ်ထိပါပဲ။
ဖေဖော်ဝါရီမှာ ၂၈ ရက်ပဲရှိတာ ရောမလူမျိုးတွေနဲ့အများကြီး သက်ဆိုင်တယ်လို့ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဖေဖော်ဝါရီက ဒုတိယလနေရာကို ရောက်ခဲ့တာ ပုပ်ဂရီဂေါ်ရီလက်ထက်မှာဖြစ်ပါတယ်။
မတ်လနဲ့ပတ်သက်တာကတော့ ကျွန်တော်အပေါ်မှာ ပြောခဲ့တဲ့အတိုင်း တစ်ချိန်က ပြက္ခဒိန်ရဲ့ပထမဆုံးလ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဇန်နဝါရီကို ပထမ၊ ဖေဖော်ဝါရီကို နောက်ဆုံးလ သတ်မှတ်ခဲ့ပါတယ်။
အဲဒီနှစ်လမှာ စစ်မက်မဖြစ်ပွားဘဲခေတ္တ ဆိုင်းငံ့ပေးရပါတယ်။ဒီတော့ မတ်လကို ရောက်ရင် စစ်တပ်တွေအားလုံး ပြန်ချီတက် ကြတာပေါ့။ ချီတက်တာကို အင်္ဂလိပ်လို March လို့ခေါ်ပါတယ်။ တပ်ပေါင်းချီတက်တဲ့လမို့ March လို့ခေါ်ခဲ့ကြခြင်းဖြစ်ပါတယ်။
ဧပြီဆိုတဲ့နာမည်ရဲ့ဇာစ်မြစ်ကို သိဖို့သမိုင်း သုတေသီတွေ ရာစုနှစ်နဲ့ချီပြီး ဦးနှောက် ခြောက်ခဲ့ကြပါတယ်။ ရှေးရောမပြက္ခဒိန်မှာ ဧပြီဆိုတာ ဒုတိယလပါ။ လက်တင်ဘာသာ စကားမှာ ဧပြီဆိုတာ နံပါတ်၂ လို့အဓိပ္ပာယ်ရလို့ ဒုတိယလကို ဧပြီလို့ခေါ်တာလို့ တချို့က ပြောခဲ့ပါတယ်။
တချို့ကလဲ အဲဒါ ဧပြီရိုင်းယားဆိုတဲ့ လက်တင်စကားလုံးနဲ့ဆက်နွှယ်ကြောင်း၊ ဖူးပွင့်သည်လို့ အဓိပ္ပာယ်ရကြောင်းဆိုသလို တချို့ကလဲ အဲဒါအချစ်နဲ့အလှကိုစောင့် ရှောက်တဲ့ အက်ဖရိုဒိုက်တိနတ်သမီးကိုအစွဲပြုပြီးခေါ်တာလို့ ငြင်းကြပြန်ပါတယ်။ အခုအချိန်ထိလဲ ဧပြီဆိုတဲ့ အမည်ဖြစ်ပေါ်လာပုံကို တိတိကျကျမပြောနိုင်သေးပါဘူး။
မေလဆိုတာကတော့ ဂရိနတ်သမီး မိုင်းယာကို အစွဲပြုပြီးခေါ်တာပါ။ သဘာဝနဲ့ အပင်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ နတ်သမီးပေါ့။ မိုင်းယာဟာ ဂရိနတ်ဘုရား အက်တလတ်ရဲ့သမီးတော်ပါ။ အက်တလတ်ဆိုတာ ကမ္ဘာကြီးကို ကျောပေါ်ထမ်းထားတဲ့ ခွန်အားကြီးမားသူကြီးပေါ့။
မိုင်းယာဟာ ဟားမစ်ရဲ့မိခင်ပါ။ ဟားမစ်ကတော့ နတ်ဘုရားတွေအကြား သတင်း စကားသယ်ပို့ ပေးရသူ ဖြစ်ပါတယ်။ မိုင်းယာကို ကမ္ဘာနတ်သမီးလို့လဲ သိကြတော့ ကမ္ဘာပေါ်မှာ ရှုခင်းတွေအလှဆုံး ဖြစ်တဲ့လကို သူမအမည်အစွဲပြုပြီး မေလလို့ခေါ်တာလို့ ဆိုပါတယ်။
ဂျွန်လဆိုတာ လက်ထပ်ထိမ်းမြားပွဲ အများဆုံးလပေါ့။ မြန်မာလိုတော့ ဇွန်လလို့ပေါင်းတာပေါ့။ အချစ်နဲ့ အိမ်ထောင်ရေးကိုထိန်းသိမ်း စောင့်ရှောက်တဲ့ ဂျူနိုနတ်သမီးကို အစွဲပြုပြီး မှည့်ထားတဲ့နာမည်ပါ။
ဂျူနိုဟာ ရောမနတ်ဘုရား ဂျူပီတာနဲ့ထိမ်းမြားလက်ထပ်ခဲ့ပြီး နတ်တွေရဲ့ ဘုရင်မကြီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လဲ ဂျွန်လ(ဇွန်လ)ဟာ အနောက်တိုင်းနိုင်ငံ တွေမှာ လက်ထပ်ထိမ်းမြားမှုအများဆုံးလ ဖြစ်ပါတယ်။
ဇူလိုင်ကတော့ မတ်နဲ့ စတဲ့ပြက္ခဒိန်တွေမှာ ငါးလမြောက်ပေါ့။ ဇူလိုင်လို့ မခေါ်ခင်က ကွင်တိလိလို့ခေါ်ခဲ့တယ်။ အဲဒါ လက်တင်လို ၅ လို့အဓိပ္ပာယ်ရတဲ့ Quintilisကိုပြောတာပေါ့။ BC 44 မှာတော့ ဂျူးလိယပ်ဆီဇာခေတ် ကိုရောက်လာတယ်။ ဂျူးလိယပ်ဆီဇာကဒီလ ထဲမှာမွေးတော့ သူ့ကိုပဲဂုဏ်ပြုတဲ့အနေနဲ့ ကွင်တိလိလကို ဇူလိုင်လလို့ ပြောင်းခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဩဂုတ်လဖြစ်ပေါ်လာပုံကလဲ ဇူလိုင်လ ဖြစ်ပေါ်လာပုံနဲ့ဆင်ပါတယ်။ ဩဂုတ်လကို အရင်က ခြောက်ခုမြောက်လို့ အဓိပ္ပာယ်ရတဲ့ လက်တင်စကား ဆက်စ်တိလိယလို့ခေါ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အော်ဂတ်စတပ်ဆီဇာ ဘုရင်ကြီးက သူ့နာမည်ကိုအစွဲပြုပြီး ဩဂုတ်လလို့ ပြောင်းခေါ်ခဲ့ပါတယ်။ အော်ဂတ်စတပ်ဆီဇာဟာ ဂျူးလိယပ်ဆီဇာရဲ့မြစ်ဖြစ်ပါတယ်။
စက်တင်ဘာဆိုတာကလဲ ခုနစ်ခုမြောက်လို့ အဓိပ္ပာယ်ရတဲ့ လက်တင်စကားလုံးစက်တင်ကနေမှည့်ခေါ်ခဲ့တာပါ။ ဒီနေ့အချိန်ထိလဲ စက်တင်ဘာပါပဲ။ သို့သော် ရှေ့မှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လတိုးထားလိုက်တော့ ခုနစ်လမြောက်မှာရှိရမယ့် စက်တင်ဘာဟာလဲ ကိုးလမြောက်ကိုရောက်သွားတာပေါ့။
အောက်တိုဘာဆိုတာ လက်တင်လို ရှစ်လို့အဓိပ္ပာယ်ရတဲ့ အောက်တိုကိုအစွဲပြုပြီး မှည့်ထားတာပေါ့။ အခုတော့ ၁၀ လပိုင်း ဖြစ်နေတာပေါ့။ နိုဝင်ဘာဆိုတာကလဲ ကိုးလို့ အဓိပ္ပာယ်ရတဲ့ နိုဝင်ကနေမှည့်ခေါ်ထားတာဖြစ်ပြီး ဒီဇင်ဘာဆိုတာကလဲ ၁၀ လို့ အဓိပ္ပာယ်ရတဲ့ ဒက်ဆီကနေ အစွဲပြုထားခြင်း ဖြစ်ပါတယ်။
ဒီတော့ ပြက္ခဒိန်ရဲ့ ပထမဆုံးလဟာ မတ်လ၊ ဒါစစ်ချီတဲ့လ၊ ဧပြီဆိုတာအကြောင်းရင်း ဂဃနဏမသိကြသေးတဲ့လ၊မေဆိုတာကမ္ဘာ ကြီးအလှဆုံးလှ၊ ဇွန်ဆိုတာအချစ်နဲ့ ပြည့်နေတဲ့လ၊ ဇူလိုင်ဆိုတာ ဂျူးလိယပ်ဆီဇာလ၊ ဩဂုတ်ဆိုတာအောက်တေးဗီးယန်းဆီဇာလ၊
စက်တင်ဘာ၊အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာဆိုတာကတော့ ခုနစ်ခုမြောက်၊ ရှစ်ခုမြောက်၊ ကိုးခုမြောက်နဲ့ ၁၀ ခုမြောက်လအသီးသီးပေါ့။ ရှေ့ဆုံးမှာ ဇန်နဝါရီနဲ့ဖေဖော်ဝါရီ လာထည့်လိုက်ကတည်းက ဂဏန်းနဲ့လနဲ့မကိုက်တော့တာပေါ့။
ဘာပဲဖြစ်ဖြစ် ဂျော်ဂျီယန်ပြက္ခဒိန်ရဲ့ ခေတ်အဆက်ဆက် ပြောင်းလဲလာပုံနဲ့ ၁၂လ ရဲ့အမည်တွေဖြစ်ပေါ်လာပုံဟာ စိတ်ဝင် စားစရာကောင်းလှတာမို့ အခုလိုလေ့လာ ရေးသား တင်ပြလိုက်ရပါတယ်။
ဘာသာပြန်ထားသူ TMK အားလေးစားစွာ ခရက်ဒစ်ပေးပါသည်။
Photo-Credit
Zorrow