ကြွေအန်တစ်ပွဲ၊စစ်တစ်ပွဲနှင့် မင်းစည်းစိမ်ပျက်ခဲ့ရသော မင်းစောလူး

ကြွေအန်တစ်ပွဲ၊စစ်တစ်ပွဲနှင့် မင်းစည်းစိမ်ပျက်ခဲ့ရသော မင်းစောလူး

မင်းစောလူးသည် အရိမဒ္ဒနပူရအား စိုးစံခဲ့ပြီးနောက် မိမိအားခစားမည့်လူများကို ရာထူးတာဝန်များပေးအပ်လျက် အုပ်ချုပ်ခဲ့လေသည်။ အချို့သော အုပ်ချုပ်မှုကိစ္စများအား ယခင်ခမည်းတော်ရှိစဉ်က အားကိုးတိုင်ပင်ခဲ့ရသော အမတ်များနှင့်ပညာရှိများ၏ အကြံဉာဏ်ရယူလျက် အုပ်ချုပ်ခဲ့ပေသည်။

မိမိ၏ဩဇာခံဖြစ်သော ငရမန်ကန်းအား ပဲခူးအား အပိုင်စားအုပ်ချုပ်စေသည်။ ငရမန်ကန်းသည် မိမိငယ်စဉ်က ထိန်းကျောင်းပေးခဲ့သော အထိန်းတော်၏ သားဖြစ်သည်ကြောင့် တစ်ကြောင်း၊ မိမိနှင့် ငယ်စဉ်က ကစားဖော် ကစားဖက်လည်းဖြစ်သည်က တစ်ကြောင်းကြောင့် မိမိဘုရင်ဖြစ်သည်နှင့် ပြန်လည်ကြည့်ရှုသည့်သဘောဖြင့် ပဲခူးကို အပိုင်စားပေးခဲ့ခြင်းဖြစ်ပေမည်။

ထိုအချိန်က ဥဿာပဲခူးသည် မင်းစောလူးအား လက်မခံလိုသည့် သဘောမျိုးရှိခဲ့ပေမည်။ ဖခင်လက်ထက်က လက်အောက်ခံဖြစ်ခဲ့သော်လည်း သားမင်းစောလူး လက်ထက်တွင် လက်အောက်ခံအဖြစ် မနေလိုသည့် အရိပ်အယောင်များပြလာပေမည်။ သို့အတွက် မင်းစောလူးသည် မိမိယုံကြည်ရသည့် အထိန်းတော်သား ငရမန်ကန်းကို ပဲခူးစားပေးခဲ့ခြင်းဖြစ်ပေမည်။

မင်းစောလူးသည် ငယ်စဉ်ကပင် အတူကစားလေ့ရှိသော ကစားဖော်ဖြစ်သည့် ငရမန်ကန်းအား မကြာမကြာခေါ်ယူလျက် ကြွေအန်ပစ်ကစားလေ့ရှိပေသည်။ငရမန်ကန်းလည်း ပဲခူးမှလာရောက်ပြီး ကြွေအန်ပစ်ကစားပေးနေခဲ့ရသည်။ ငရမန်ကန်း လည်း ပဲခူးစားသည်ဟုသာဆိုသော်လည်း အရိမဒ္ဒနပူရတွင် အနေများခဲ့ရသည်။

မင်းစောလူးက သူ၏ငယ်နိုင်ဖြစ်သဖြင့် အချိန်ပြည့်လိုလိုပင် သူ့အနားမှာ ရှိစေလိုပေသည်။ မင်းစောလူးသည် အရိမဒ္ဒနပူရ၏ အုပ်ချုပ်သူ ဘုရင်ဖြစ်စ ကာလအချိန်က တိုင်းရေး ပြည်ရေးကို စိတ်ဝင်တစားရှိခဲ့မည်ဖြစ်သော်လည်း နောက်ပိုင်းအချိန်များတွင် အုပ်ချုပ်ရေးအတွက် စိတ်ချရသော မှူးမတ်များနှင့်သာ လွှဲအပ်ထားသည့် သဘောရှိပေမည်။

ထို့အတူ စစ်ရေး၊ ကာကွယ်ရေးတွင်လည်း ပြန်လည်ခေါ်ယူထားခဲ့သော ကျန်စစ်သားကို လုံးလုံးအပ်ထားသည့်အခြေအနေဖြစ်သည်။ သူကိုယ်တိုင်ကမူ ပျော်ပါးကစားခြင်းကိုသာ စိတ်ကြိုက်လုပ် နေသည့်သဘောလည်း ရှိခဲ့ပေမည်။

ဥဿာပဲခူးသည် မဟာရာဇာအနိရုဒ္ဓမင်းကြီး မရှိတော့သည့်နောက် အရိမဒ္ဒနပူရလက်အောက်မှ ရုန်းထွက်လိုဟန်ရှိနေခဲ့ပေသည်။ ငရမန်ကန်းသည် ဥဿာပဲခူးတွင်သွားရောက်လျက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများအား ကိုယ်နှင့်မကွာလုပ်ဆောင်လိုသော်လည်း အခြေအနေမပေးဟု ဆိုရဖွယ်ရှိသည်။

အရိမဒ္ဒနပူရတွင် မင်းစောလူးအား ပျော်ရွှင်စေရန် အချိန်ပေးလုပ်ကိုင် နေရပေမည်။ ပဲခူးတွင်နေချိန်မရှိဘဲ ပုဂံတွင်သာ အနေများခဲ့သည်။ ထို့အတွက် ငရမန်ကန်းလည်း သူအုပ်ချုပ်ခွင့်ရနေသော ပဲခူးကား အသေအချာ ကြီးကြပ်လုပ်ကိုင် မပေးနိုင်ဘဲ သူ၏အုပ်ချုပ်မှုယိုယွင်းနေခဲ့လေသည်။

ယခင် အနိရုဒ္ဓအနော်ရထာမင်းစောအား သမီးဆက်သထားခဲ့သော ပဲခူးဘုရင်၏ လူအများက ငရမန်ကန်းအား စည်းရုံးခဲ့ကြပေမည်။ ပဲခူးဘုရင်မရှိတော့သော်လည်း ပဒေသရာဇ်သစ္စာခံများက ငရမန်ကန်းထံတွင် ဝင်ရောက်ခစားလုပ်ကိုင်နေကြရသည့်အခါ မင်းစောလူး၏အရည်အသွေးအား သိရှိနားလည်နေသဖြင့် ငရမန်ကန်းအား မကြာမကြာဆိုသလိုပင် မင်းစောလူး၏ ဩဇာမနာခံရန် တိုက်တွန်းစည်းရုံးခဲ့ကြပေမည်။

မင်းစောလူး၏ အရည်အချင်းနည်းပါးမှု၊ အပျော်အပါးဖြင့်လေလွင့်မှု၊ အုပ်ချုပ်ရေးလစ်ဟင်းမှုများသည် တဖြည်းဖြည်းနှင့် ငရမန်ကန်းအတွက် လေးစားစရာမရှိ ဖြစ်လာပေသည်။ ငရမန်ကန်းသည် မိမိအား ကစားဖော်တစ်ဦးအဖြစ်သာသတ်မှတ်လျက် ငယ်နိုင်အဖြစ် သတ်မှတ်နေဆဲဖြစ်သည်ကိုလည်း ငရမန်ကန်းမှာ မကျေမချမ်း ဖြစ်နေခဲ့ရပေသည်။

အခုချိန်ထိတိုင် သူ့အား ငယ်နိုင်တစ်ဦးဟုသတ်မှတ်လျက် ပဒေသရာဇ် အာဏာဖြင့် အမြဲအနိုင်ယူနေခဲ့သည်ကို ငရမန်ကန်း စိတ်ထဲတွင် မကျေမချမ်းဖြင့်ရှိနေရကာ “အခုချိန်ထိ ငါ့ကို ငယ်နိုင်ညှဉ်းဆဲအနိုင်ယူဆဲပါလား’ဟု ရေရွတ်နေမိပေမည်။ ထိုသို့ဖြင့် မင်းစောလူး၏ ဩဇာခံ၊သစ္စာခံဘဝမှ ရုန်းထွက်လိုစိတ်များကိန်းအောင်းလျက် ရှိနေပေမည်။

မင်းစောလူးသည်ကား ငရမန်ကန်းအား သူ၏ကစားဖော်အဖြစ် မြင်နေသည်မှလွဲ၍ အခြားအရေးပါ နေသူတစ်ဦးအဖြစ် မမြင်နိုင်ခဲ့ပေ။အချိန်အခါမရွေး သူလိုအပ်၍ ခေါ်ယူလျှင် သူ့အားခစားရပေမည်ဟူသည့် အသိတစ်ခုသာ ရှိခဲ့ပေမည်။အထိန်း တော်တစ်ဦး၏ သားတစ်ဦးအဖြစ်လည်း ရှုမြင်နေဆဲပင်။

မိမိတို့ကြွေအန်ကစားပွဲကို အမြဲလိုပင် မိမိသာနိုင်ရပေမည်ဟုလည်း ခံယူထားပေမည်။ ငရမန်ကန်းသည်လည်း မိမိတို့၏ ပုန်ကန်ရန်ကြံစည်နေမှုကို မပေါ်လွင် အောင် သိုသိပ်စွာနေထိုင်ရင်း မင်းစောလူး၏အလိုအတိုင်း အကြိုက်လိုက်ကာ ကြွေအန်ကစားပွဲများတွင် အမြဲလိုပင် အရှုံးဖြင့်သာ ကစားခဲ့ပေမည်။ သို့ဖြင့် ကြွေအန်ကစားပွဲသည် နှစ်ချီကြာလာခဲ့ပေသည်။ အချိန်နှင့်အမျှ ငရမန်ကန်း၏ ပုန်ကန်ရေးအင်အားစုမှကလည်း ခိုင်မာတောင့်တင်းလာပေမည်။

တစ်နေ့တွင် အရိမဒ္ဒနပူရပုဂံပြည်၊ ဘုရင် မင်းစောလူး၏ အိမ်တော်၌ ငရမန်ကန်းနှင့် ကြွေအန် ကစားပွဲတစ်ပွဲ ကစားနေကြတော့သည်။ အမြဲပင် ကစားပွဲအနိုင်ရနေသော မင်းစောလူးသည်လည်း ငရမန်ကန်းကို နောက်ပြောင်လျက် နှိမ့်ချလျက်ပြောဆို နေပေမည်။ “ဘယ်သောအခါမှ ငါ့ကိုမနိုင်နိုင်၊ အခုပွဲ လည်းနိုင်မည်မဟုတ်၊ ငရမန်ကန်း သင်းသည် ငါ့ ငယ်နိုင်သာ”ဟု ငရမန်ကန်းအား မခံချိမခံသာဖြစ်အောင် ပြောနေခဲ့ပေမည်။

အကြံနှင့်လူ ငရမန်ကန်း လည်း “ဒီတစ်ခါတော့ ငါ့အနိုင်ကိုပြရတော့မယ်၊ အထင်သေးတာတွေ ပျောက်အောင်လုပ်ရမယ်”ဟု စိတ်ထဲမှလည်း ရေရွတ်လျက် ကစားပွဲကိုဆက်ကစား နေခဲ့သည်။ ထိုသို့ကစားနေရင်း ငရမန်ကန်းသည် မင်းစောလူးအား ကြွေအန်ကစားပွဲတွင် အနိုင်ရလေသည်။ မင်းစောလူးသည်လည်း ငရမန်ကန်း ကြွေအန် ပစ်နိုင်သည်ကို အံ့အားသင့်နေခဲ့ပေမည်။

ငရမန်ကန်းသည် ဘုရင်မင်းစောလူး မခံချိမခံ သာဖြစ်စေရန် စကားဖြင့်မပြောဘဲ လက်ပမ်းပေါက်ထခတ်ပြလေသည်။ ဘုရင်မင်းစောလူးသည်လည်း “အမယ်ငရမန်ကန်းနှယ် အခုလို တစ်ပွဲလောက်လေးနိုင်တာကို လက်ခမောင်းတွေဘာတွေထခတ်ပြ နေရသလား၊ သင်း ဘယ်အစွမ်း တွေများရှိလို့တုံး၊ သင်တကယ် ငါ့ကို ယှဉ်နိုင်ရဲဝံ့ လို့လား”ဟု ပြောရင်း တကယ်ပင် သတ္တိရှိမည်ဆိုလျှင် ငါ့ကို ယှဉ်ပြိုင် လော့ဟု စိန်ခေါ်လိုက် လေတော့သည်။

ထိုသို့သောအခြေအနေရောက် လာမည့်နေ့ကို စောင့်ခဲ့ရသည်မှာ ကြာခဲ့ပေပြီ။ သို့ဖြင့် ငရမန်ကန်းလည်း အရှင်မင်းစောလူး အမှန်တကယ် ပြောနေသည်လားဟု မဆိုင်းမတွ လှမ်းမေးလိုက်ရာ ဘုရင်မင်းစောလူးသည်လည်း အမှန်ပင်ဖြစ်သည်ဟု ပြောလိုက်သည်။ ထိုသို့အပြန်အလှန်ပြောခဲ့ကြပြီးသည့်နောက် မင်းစောလူးအား ငရမန်ကန်းက ပုန်ကန်မှုစတင်ခဲ့လေတော့သည်။

ထိုဖြစ်ရပ်အား မှန်နန်းရာဇဝင်ရေးဆရာတို့ ရေးပြထားသည်မှာ “တစ်ရံရောအခါ မင်းကြီးနှင့် ငရမန်ကန်း အန်ကစားကြရာတွင် ငရမန်ကန်းနိုင်လေ၏။မလမ်းပေါက် ထ၍ခတ်လေ၏၊ မင်းစောလူး လည်း နင် ငါ့ကို အန်တစ်ပွဲမျှနိုင်သည်ကို မလမ်းပေါက် ထ၍ခတ်သည်ကား၊ နင် ယောက်ျားဟုတ်နိုးသော် နင်စားသော ပဲခူးနှင့်ပုန်စားလေ’ဟူ၍ မိန့်တော်မူ၏၊

ငရမန်ကန်းလည်း ‘အကယ်လော”ဟု မေး၏၊ မင်းကြီး လည်း ‘ငါတို့မင်းမည်သည်ကား မဟုတ်သောအရာကို ဆိုရာသည်လောဟုမိ န့်တော်မူ၏၊ ငရမန်ကန်းလည်း ကြံလျက်နေသောသူဖြစ်၍ မိမိစားသော ပဲခူးသို့သွားလေပြီးသော် ရဲမက်ဗိုလ်ပါ ဆင်လုံးမြင်းရင်းရုံးစု၍ ရေအား၊ ကြည်းအားနှင့် ပုဂါရာမသို့ချီလာ၏”ဟု ဖတ်ရပြန်သည်။

ပုဂံသို့ ငရမန်ကန်း၏တပ်ကြီးသည် အလုံးအရင်းဖြင့် ချီတက်လာခဲ့လေရာ မင်းစောလူးသည် စစ်ရေးစစ်ရာတွင် အားကိုးရဆုံးသော ကျန်စစ်သားအား ရဲမက် ဗိုလ်ပါစစ်သည်အများ၊ ဆင်တပ်၊ မြင်းတပ်အလုံးအရင်းဖြင့် ဦးစွာသွားရောက်စေပြီး ငရမန်ကန်းအားတိုက်ခိုက်စေခဲ့သည်။ ငရမန်ကန်းတပ်ကြီးသည် ပုဂံသို့တိုက်ရိုက် ချီတက်လာသည်မဟုတ်ဘဲ ပုဂံမရောက်မီ ပြည်တော်သာကျွန်းတွင် တပ်စွဲထားလေသည်။

ထိုသို့တပ်စွဲထားသည့် နေရာသို့ ကျန်စစ်သားနှင့် ရဲမက်ဗိုလ်ပါအများ၊ ဆင်တပ်၊ မြင်းတပ်အလုံးအရင်းနှင့် ရှေ့ဦးစစ်ချီလာပြီ ဆိုသည်ကို ငရမန်ကန်းကြားသိခဲ့ရာ စစ်သူရဲကောင်း ကျန်စစ်သား၏ စစ်အရည်အသွေးနှင့် စွမ်းအားကို စိုးရွံ့မိနေခဲ့သည်။ မင်းစောလူးတပ်သည်လည်း ပြည်တော်သာကျွန်းသို့ ကျန်စစ်သား၏တပ်နောက်မှ ဆက်လက်ချီတက်လာခဲ့ပေသည်။

မင်းစောလူးအား အထင်မကြီးသော်လည်း ကျန်စစ်သားနှင့်ကျန်စစ်သား၏ ရှေ့ဆောင်ချီတက်လာနေသည့် အင်အားနှင့်စွမ်းရည်ကို မြင်ကွင်းတွင်ရင်ဆိုင် နိုင်ရန်မဖြစ်နိုင်သည်ကိုတော့ ငရမန်ကန်းသေချာစွာသိနေခဲ့သည်။ မင်းစောလူးနှင့်အတူ နန်းတော်တွင်းတွင် အတူကြီးပြင်းခဲ့ကြပြီး အချိန်ကုန်လွန်ခဲ့သောသူများ လည်း ဖြစ်ပေသည်။

ယခုလို တိုင်းရေးပြည်ရေး အခြေအနေတွင် စစ်အရည်အချင်းအပြည့်မရှိသည်ကို သူတို့နှစ်ဦးနားလည်နေပေမည်။ ထို့အတွက် မင်းစောလူးက ကျန်စစ်သားအပေါ် အားကိုးရသကဲ့သို့ ငရမန်ကန်းမှာမူ ယခင်ဥဿာပဲခူးဘုရင်၏ အမှုထမ်းများနှင့် စစ်သူကြီးများကိုအားထားခဲ့ရပေမည်။

စစ်ပြင်ဆင်ရေးဗျူဟာခင်းကျင်းမှုများကိုမူ မင်းစောလူးက ကျန်စစ်သားအစီအမံအတိုင်း လိုက်လံလုပ်ဆောင်ခဲ့ပေသည်။ ငရမန်ကန်းကမူ သူ၏စစ်အတွေ့ အကြုံ ရှိကြသည့် စစ်သူရဲများဖြင့် တိုင်ပင်လုပ်ဆောင်ခဲ့ပေမည်။

သာမန်စစ်ဆင်ရေးမျိုးကို မစီမံတော့ဘဲ မင်းစောလူးအပေါ် အနိုင်ရရေးကို ဦးတည်လျက် ငရမန်ကန်းသည် စစ်သူရဲများအကြံအတိုင်း လုပ်ဆောင်ခဲ့လေသည်။ ထိုသို့လုပ်ဆောင်ရာတွင် ပရိယာယ်နည်းလမ်းကို အသုံးချခဲ့လေသည်။

ငရမန်ကန်းသည် ကျန်စစ်သား၏ ဆင်တပ်၊ မြင်းတပ်တို့အား ယှဉ်နိုင်ရန်ခဲယဉ်းသည်ကို သိထားသဖြင့် သူ၏စစ်သူရဲများအား ဆင်တပ်၊ မြင်းတပ်ချီတက်နေဟန် အရုပ်ကြီးများကိုပြုလုပ်စေလျက် ချီတက်လာမည့်လမ်းကြောင်းမှမြင်သာရန်နှင့် တကယ့် ဆင်တပ်၊ မြင်းတပ်ကြီးများ ချီတက်နေသည့်ပုံသဏ္ဌာန် ကိုဖန်တီးထားခဲ့သည်။

ထိုအဖြစ်အား ရာဇဝင်ရေး ဆရာတို့က “တစ်စုံတစ်ခုသော ဝင်္ကဝုတ္တိဖြင့်စီရင်မှသာ အောင်မြင်လွယ်မည်ဟု နှလုံးထား၍ ဆင်ခင်းမြင်းခင်း မသာ ရွှံ့ညွှန်များသောအရပ်တွင် နှီးဖြင့် ဆင်ရုပ်လုပ်ပြီးသော် ပေါင်းဝန်းတင်၍ လူရုပ်ကိုလည်း ဒိုင်းလွှား ကာကိုင်စေ၍ ဦးရန်းတပ်လျက်ထား၏”ဟု ရေးသားပြ ခဲ့သည်။ ငရမန်ကန်းသည် တပ်စွဲနေရင်းဖြင့် ကြိုတင် စီမံမှုများကို လုပ်ဆောင်နေခဲ့သည်။

ပုဂံမှချီတက်လာသော ကျန်စစ်သား၏တပ်ကြီးနှင့် မင်းစောလူးတပ်တို့ဆုံမိခဲ့ပြီး ငရမန်ကန်းတပ်အား တိုက်ခိုက်ရန် ချီတက်လာခဲ့ရာတွင် ပြည်တော်သာကျွန်းသို့ မရောက်မီ မိုးချုပ်သွားခဲ့လေသည်။ ဤတွင် ငရမန်ကန်းအတွက် အခွင့်အရေးသာသွားခဲ့ရသည်။

ထောင်ချောက်ဆင်ထားသော ဆင်ရုပ်များ၊ မြင်းတပ်တရုပ်များ အကြားတွင် မင်းစောလူးနှင့်ကျန်စစ်သား၏တပ်ကြီး အရေးနိမ့်ခဲ့ရလေသည်။ ထိုအကြောင်းအား မှန်နန်း ရာဇဝင်ရေးသားသည့်ဆရာတို့က “မင်းစောလူးနှင့် ကျန်စစ်သားလည်း ပြည်တော်သာကျွန်းသို့ရောက်လျှင် ယခုမိုးချုပ်ပြီဖြစ်သည်၊ မနက်ဖြန်မှတိုက်မည်ဟု တပ်ချ ၍နေ၏။

ထိုအခါ ငရမန်ကန်း ညဉ့်လရောင်ရီဝင်ကို စစ်ရေးငင်လာသည်ကို မစုံမစမ်း မဆင်မခြင်လိုက်၍ တိုက်ချေ၏၊ မင်းကြီးလည်း ရွှံ့တွင်လုပ်၍ ထားသော ဆင်ရုပ်ကို အကယ်ဆင်ထင်၍တိုက်လေသော် စီးတော်မူသောဆင် သန်မြင်စွာ ရွှံ့သို့ကျ၍ကျွံချေ၏၊ မင်းစောလူးလည်း ဆင်ထက်က ဆင်းသက်၍ ပြေးပြီးသော် တောအုပ်တစ်ခု၌ ညောင်ခေါင်းတွင်ဝင်၍နေလေ၏” ဟု ရေးသားပြခဲ့သည်ကို ဖတ်ရပြန်သည်။

ရာဇဝင်ဆရာတို့ရေးပြခဲ့သော မင်းစောလူးသည် အပျော်အပါးတွင်သာ နစ်မွန်းနေခဲ့သည့် မင်းတစ်ပါး ဖြစ်ပြီး ဖခင်အနိရုဒ္ဓအနော်ရထာမင်းစော၏ ထီးနန်းအမွေကို ကောင်းစွာ မစောင့်ရှောက်နိုင်သည့် မင်းတစ်ပါးလည်းဖြစ်နေသည်ကို သိရပေသည်။ စစ်ရေး ဗျူဟာကိုလည်း အရေးမစိုက်တတ်၊ သူဖြစ်လိုသည် ကိုသာ တဇောက်ကန်း ဆင်ကန်းတောတိုးစိတ်ထား မျိုးရှိသူတစ်ဦးဖြစ်သည်ကို ရာဇဝင်မှအသိရခဲ့လေသည်။

Author:ဒေါက်တာစိန်မြင့်
ငွေတာရီ မဂ္ဂဇင်းမှ

Leave a Reply

Your email address will not be published.