ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဘဏ်များ

ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဘဏ်များ

လူ့ယဉ်ကျေးမှုထွန်းကားခဲ့သည့် ရှေးဦးခေတ်ကာလများကပင် ဘဏ်စနစ်သည် လူသားများ၏ လူနေမှု ဘဝအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ရှေးခေတ်က ကုန်ပစ္စည်းများကို မြို့တော်များသို့ သယ်ယူကြကာ ကုန်သွယ်ကြသူများနှင့် လယ်သမားများအား ကုန်သည်များက သီးနှံများကို ချေးငှားခဲ့ကြသည်။

ယင်းကုန်သွယ်မှုပုံစံသည် ပစ္စည်းချင်းဖလှယ်သည့် ဖြစ်ခဲ့ကာ ကမ္ဘာ့အစောဆုံးဘဏ်စနစ်၏ ရှေ့ပြေးဟုဆိုကြသည်။ ခေတ်မီဘဏ်စနစ်များ၏ ရှေ့ပြေးပုံစံသည် ဥရောပအလယ်ခေတ်နှင့် အီတလီနိုင်ငံ၏ ဆန်းသစ်စ အစောပိုင်းကာလတွင် အစပြုခဲ့သည်။

ထိုစဉ်က ကမ္ဘာ့သမိုင်းတွင် အထင်ရှားဆုံးသော ဘဏ်တစ်ခုဖြစ်သည့် Medici ကို ထူထောင်ခဲ့ကာ ၁၄၉၄ ခုနှစ်တွင်ပိတ်ခဲ့သည်။ အစောပိုင်းကာလများတွင် ထူထောင်ခဲ့သည့် ဘဏ်များသည် ကြာရှည်တည်တံ့ခဲ့ခြင်း မရှိခဲ့သော်လည်း အချို့ဘဏ်များသည် ဘဏ်လုပ်ငန်းများကို ရာစုနှစ်များစွာ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့ကြသည်။

၇။ Coutts

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ၁၆၉၂ ခုနှစ်က ထူထောင်ခဲ့သည့် Coutts ဘဏ်သည် ယနေ့တိုင်တည်ရှိကာ ပြည်တွင်း၌ ဘဏ်ခွဲ ၂ ခုဖွင့်လှစ်ထားသည်။ Coutts သည် အင်္ဂလန်နိုင်ငံတွင် ၁၇ ရာစု၌ ထူထောင်ခဲ့သည့်ဘဏ်တစ်ခု ဖြစ်ကာ ၁၆၉၂ ခုနှစ်တွင် စကော့လူမျိုး လူငယ်ပန်းထိမ်သမား Campbell က ပန်းထိမ်လုပ်ငန်း ဘဏ်တစ်ခုအဖြစ် ဦးစွာဖွင့်လှစ်ခဲ့သည်။

၁၇၁၂ ခုနှစ်တွင် Campbell ကွယ်လွန်ခဲ့ပြီးနောက် ဘဏ်လုပ်ငန်းကို Campbell ၏ မိသားစုက ဆက်ခံခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် Campbell ၏ မြေးမိန်းကလေး Polly သည် ကုန်သည်နှင့်ဘဏ်လုပ်ငန်း ရှင် James Coutts နှင့်လက်ထပ်ခဲ့သည်။

၁၇၆ဝ ပြည့်နှစ် တွင် Polly နှင့် သူမ၏ ဖခင်တို့ကွယ်လွန်ခဲ့ကြပြီးနောက် ဘဏ်လုပ်ငန်းသည် James Coutts လက်သို့ရောက်ရှိခဲ့ကာ James Coutts သည် ဘဏ်အမည်ကို Coutts ဟု ပြောင်းခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် Coutts ကို စကော့တလန်တော်ဝင်ဘဏ် (RBS) က ပိုင်ဆိုင်ခဲ့ကာ Union Bancaire Privee သို့ရောင်းချခဲ့ရာ တန်ဖိုးငွေကိုမသိရှိခဲ့ရချေ။

၆။ Barclays

၁၆၉ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ထူထောင်ခဲ့သည့် Barclays ဘဏ်သည် ယနေ့တိုင်ဘဏ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ပြည်တွင်းနှင့်ပြည်ပ ဘဏ်ခွဲ ၄၇၅ဝ ရှိသည်။

Barclays သည် ကမ္ဘာ့ အကြီးဆုံး နိုင်ငံစုံဘဏ်များ အနက်တစ်ခုဖြစ်၍ ဆဋ္ဌမမြောက် သက်တမ်းအရှည်ဆုံးဘဏ်လည်း ဖြစ်သည်။Barclays ကို ၁၆၉ဝ ပြည့်နှစ်တွင် Jhon Freame နှင့် Thomas Gould တို့က ပန်းထိမ်လုပ်ငန်းဘဏ် တစ်ခုအဖြစ် ထူထောင်ခဲ့သည်။

၁၇၃၆ ခုနှစ်တွင် John Freame ၏ သမက် James Barclay သည် ဘဏ်လုပ်ငန်းတွင် စီးပွားဖက် အစုဝင်တစ်ဦးဖြစ်လာခဲ့ပြီးနောက် လူအများက Barclays ဟု သိရှိလာ စေခဲ့သည်။

Barclays သည် ၁၉ဝဝ ပြည့်နှစ်တွင် အင်္ဂလန်နိုင်ငံမှဘဏ်ငယ်များကို ရယူလျက် လုပ်ငန်းများကို ချဲ့ထွင်ခဲ့ပြီး ယနေ့တိုင်ဘဏ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေသည်။

Barclays ၏ ကြီးမားသောအင်အား နှင့် ကမ္ဘာတစ်ဝန်း တည်ရှိနေမှုကြောင့် ငွေကြေးခဝါချမှု၊ အခွန်ရှောင်တိမ်းမှုစသည်တို့တွင် ပါဝင်ပတ်သက် နေကြောင်းစွပ်စွဲခံရကာ ၂၀၀၉ ခုနှစ်တွင် မကောင်းသတင်းများထွက်ခဲ့သည်။

၅။ Bankhaus Metzler (Metzler Bank)

ဘဏ်ခွဲ ၁ဝ ခုဖြင့် လုပ်ငန်းများလည်ပတ်နေသည့် Bankhaus Metzler (Metzler Bank) ကို ၁၆၇၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့၌ ထူထောင်ခဲ့သည်။ ဘဏ်ကိုစတင်တည်ထောင်ခဲ့စဉ်က ယင်းဘဏ်သည် Benjamin Metzler ထူထောင်ခဲ့သည့် အထည်ကုန်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်ခဲ့သည်။

Metzler သည် ၁၆၇၁ ခုနှစ်တွင် Saxony မှ ဖရန့်ဖတ်သို့ ရွှေ့ပြောင်းလာခဲ့ကာ ထင်ရှားသော အထည်အလိပ်လုပ်ငန်းတစ်ခုတွင် စာရင်းကိုင်အဖြစ် နှစ်အတန်ကြာအလုပ်လုပ်ခဲ့ပြီးနောက် ကိုယ်ပိုင်လုပ်ငန်းကို တည်ထောင်ခဲ့သည်။ Metzler သည် ၁၇၆ဝ ပြည့်နှစ်ဝန်းကျင်တွင် မိမိ၏လုပ်ငန်းကို ဘဏ်တစ်ခုအဖြစ်ပြောင်းလဲခဲ့ကာ မိသားစုအတွင်း ပထမဆုံး ဘဏ်လုပ်ငန်းရှင်ဖြစ်လာခဲ့သည်။

၁၉ ရာစုအကုန်တွင် Metzler ဘဏ်သည် စတော့ရှယ်ယာလုပ်ငန်းအစား လူတစ်ဦး ချင်းအား ဘဏ္ဍာရေးပံ့ပိုးပေးမှုအပေါ် ပိုမိုအာရုံ စိုက်ခဲ့သည်။ ယခုအချိန်တွင် Metzler ဘဏ်သည် ကုန်သည်လုပ်ငန်းဘဏ် တစ်ခုအဖြစ် ငွေတိုက်စာချုပ်များရောင်းဝယ်ခြင်း ဘဏ္ဍာ ရေးဆိုင်ရာအကြံပေးခြင်းနှင့် ငွေကြေးဝန် ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

၄။ C. Hoare & Co

ဘဏ်ခွဲနှစ်ခုသာ ဖွင့်လှစ်ထားသော်လည်း C. Hoare & Co ဘဏ်တိုက်သည် အင်္ဂလန်နိုင်ငံ၊လန်ဒန် မြို့တွင် ၁၆၇၂ ခုနှစ်ကတည်းက ထူထောင်ခဲ့သည့် သက်တမ်းရှည် ဘဏ်တစ်ခုဖြစ်ကာ ယနေ့တိုင်လုပ်ငန်း များလုပ်ကိုင်နေဆဲဖြစ်သည်။

သေးငယ်သော ပုဂ္ဂလိက ဘဏ်တစ်ခုသာဖြစ်သည့် C. Hoare & Co သည် အင်္ဂလန်နိုင်ငံ၏ သက်တမ်း အရှည်ဆုံးဘဏ်ဖြစ်ကာ Sir Richard Hoare က ၁၆၇၂ ခုနှစ်တွင် ထူထောင်ခဲ့ပြီး သူ၏ မိသားစုဝင်များက ပိုင်ဆိုင်ခဲ့သည်။

ယခုအချိန်တွင် Sir Richard Hoare ၏ ၁ဝ ဆက်နှင့် ၁၅ ဆက်မြောက်မျိုးဆက် များက ဘဏ်လုပ်ငန်းများကို ဆောင်ရွက်နေသည်။ C.Hoare & Co သည် အမေရိကန်ဒေါ်လာ တစ်သန်းအထက် ပိုင်ဆိုင်မှုရှိသည့် ဖောက်သည်များအတွက် ချေးငွေများပေးခြင်း၊ အပေါင်ခံခြင်း၊ စုငွေလက်ခံခြင်း၊ အခွန်အကောက်နှင့် အိမ်ခြံမြေစီမံကိန်းများဆောင် ရွက်ပေးခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်သည်။

၁၈ ရာစုတွင် C. Hoare & Co သည် မျက်မှောက်ခေတ်ဘဏ်များတွင် အသုံးပြုနေသည့် ချက်လက်မှတ်ကဲ့သို့သော စနစ်များကို စတင်အသုံးပြုခဲ့သည်။ အင်္ဂလန်နိုင်ငံ၏ ရှေးအကျဆုံးနှင့် ဂုဏ်သိက္ခာအမြင့်ဆုံး C. Hoare & Co သည် Lord Byron, Jane Austen, Eton College အစရှိသည့် ထင်ရှားသော ဖောက်သည်များစွာနှင့် ဘဏ်လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယင်းဖောက်သည်များတွင် ဒုတိယမြောက် ချားစ်ဘုရင်၏ ဇနီး Catherine of Braganza လည်း အပါအဝင်ဖြစ်သည်။

၃။ Sveriges Riksbank

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ၁၆၆၈ ခုနှစ်က တည်ထောင်ခဲ့သည့် Sveriges Riksbank ဘဏ်သည် Riksbanken ဟု လူသိများသည့် ဆွီဒင်နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်ကာ ဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေသည့် တတိယမြောက်သက်တမ်းရှည် ဘဏ်တစ်ခုဖြစ်သည်။

ထို့အတူ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး ဗဟိုဘဏ်ဖြစ်သည့် Riksbanken ကို ၁၆၆၈ ခုနှစ်တွင် ထိုစဉ်က ဆွီဒင်ဘုရင်ပြီးလျှင် အာဏာအရှိဆုံးအဖွဲ့ဖြစ်သည့် Riksdag of Estates ၏ တိုက်ရိုက်ကိုင်တွယ်ထိန်းချုပ်မှုဖြင့် ထူထောင်ခဲ့သည်။

ထိုစဉ်ကပင် Riksbanken ဘဏ်လုပ်ငန်းများတွင် ဘုရင်၏ ဝင်ရောက်စွက်ဖက်မှုမရှိစေရန် ကာကွယ်ခဲ့သည်။ Riksbanken မတိုင်မီက ဘုရင်၏ထိန်းချုပ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် Stockholms Banco သည် အာမခံပစ္စည်းများမထားရှိဘဲ ငွေစက္ကူများကို အမြောက်အမြားထုတ်ခဲ့သဖြင့် ရပ်ဆိုင်းခဲ့သည်။

၁၈၆၆ ခုနှစ်တွင် အမျိုးသားဥပဒေပြုအာဏာပိုင်အဖွဲ့ကို ထူထောင်ခဲ့ပြီးနောက် Riksbanken ကို Sveriges Riksbank ဟုအမည်ပြောင်းလဲခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်များတွင်ဖြစ်ပွားခဲ့သည့် ကမ္ဘာတစ်ဝန်း ငွေကြေးဆိုင်ရာ ပြဿနာများကြောင့် Sveriges Riksbank သည် ဆွီဒင်နိုင်ငံအတွင်းဖွင့်လှစ်ထားသည့် မိမိ၏ဘဏ်ခွဲအားလုံးကိုပိတ်ခဲ့ကာ ပုဂ္ဂလိကကုမ္ပဏီ တစ်ခုနှင့်ပူးပေါင်း၍ ဒင်္ဂါးနှင့် ငွေစက္ကူများဆိုင်ရာ ဘဏ်လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

၂။ Berenberg Bank (Joh. Berenberg, Gossler & Co. KG)

ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ခ်မြို့တွင် ၁၅၉ဝ ပြည့်နှစ်က ထူထောင်ခဲ့သည့် Berenberg ဘဏ်သည် ပြည်တွင်း ပြည်ပဘဏ်ခွဲ ၁၃ ခုဖြင့် ယခုတိုင် ဘဏ်လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိသည်။

Berenberg ဘဏ်၏ တရားဝင်အမည်သည် Joh. Berenberg, Gossler& Co. KG ဖြစ်ကာ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး ပုဂ္ဂလိကကုန်သွယ်လုပ်ငန်း ဘဏ်ဖြစ်ပြီး စတင်တည်ထောင်ချိန်မှစ၍ ယနေ့တိုင် စဉ်ဆက်မပြတ် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်

ယင်းဘဏ်ကို Berenberg, Gossler မိသားစုက ၁၅၉ဝ ပြည့်နှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ကာ ဘဏ်အမည်ကို ပြောင်းလဲခဲ့ခြင်းမရှိဘဲ ယခုအချိန်တွင် မူလထူထောင်သူများ၏ မျိုးဆက်တစ်ဦးက ပိုင်ဆိုင်သည်။

Johann Berenberg နှင့် သူ၏ သမက် John Hinrich Gossler တို့သည် ကုန်သွယ်မှုဘဏ် မထူထောင်မီက အထည်အလိပ်ကုန်သည်များ ဖြစ်ခဲ့ကြသည်။ ယင်းတို့မရှိတော့သည့် နောက်ပိုင်းတွင် ဘဏ်အမည်ကို Joh. Berenberg, Gossler & Co. KG ဟုမှည့်ခေါ်ခဲ့ကြသည်။

ဘဏ်၏ အမှတ်တံဆိပ်ကိုလည်း တည်ထောင်ချိန်ကအတိုင်း လုံးဝ မပြောင်းလဲခဲ့ချေ။ ဘဏ်၏တံဆိပ်သည် မျိုးရှိ အဆောင်အယောင်လက္ခဏာဖြစ်သည့် ဝက်ဝံ (Berenberg) နှင့် ဘဲငန်းခြေထောက် (Gossler) ဖြစ် သည်။

၁။ Banca Monte dei Paschi di Siena

ယနေ့ကမ္ဘာတွင်ရှိနေသည့် သက်တမ်းအရှည်ဆုံး ဘဏ်သည် အီတလီနိုင်ငံ၊ ဆီးနားမြို့မှ Banca Monte dei Paschi di Siena ဘဏ်ဖြစ်သည်။ ယင်းဘဏ်ကို ၁၄၇၂ ခုနှစ်၊ မတ်လ ၄ ရက်တွင်ဖွင့်လှစ်ခဲ့ကာ ယခုအချိန်တွင် ပြည်တွင်းဘဏ်ခွဲ ၂၀၃၂ ခုနှင့် ပြည်ပ ဘဏ်ခွဲ ၄၁ ခု ဖွင့်လှစ်ထားသည်။

BMPS ဟု ထင်ရှား သည့် ကမ္ဘာ့သက်တမ်းအရှည်ဆုံးဘဏ်ကို ဆီးနား ပြည်ထောင်စု၊ ရာဇဝတ်တရားရုံး၏ အမိန့်ဖြင့် ၁၄၇၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဘဏ်လုပ်ငန်းများကို စတင်တည်ထောင်ချိန်မှစ၍ ယနေ့တိုင် ဆောင်ရွက် လျက်ရှိပြီး ၁၇ ရာစုနှင့် ၁၈ ရာစုတွင် ဘဏ်လုပ်ငန်း များကို အီတလီနိုင်ငံတစ်ခုလုံးသို့ ဖြန့်ကြက်နိုင်ခဲ့ကာ အီတလီနိုင်ငံသားများစွာကို ပေါင်နှံချေးငွေများထုတ် ပေးခဲ့သည်။

လက်ရှိအချိန်တွင် BMPS သည် အီတလီနိုင်ငံ ၏ စတုတ္ထမြောက် အကြီးဆုံးကူးသန်းရောင်းဝယ်ရေး ဘဏ်အဖြစ်ရပ်တည်နေကာ မကြာမီနှစ်များအတွင်းက ကမ္ဘာတစ်ဝန်းရှိ အခြားဘဏ်များကဲ့သို့ပင် ဘဏ်လုပ်ငန်းများရပ်ဆိုင်းကာ ပိတ်သိမ်းခြင်းမဖြစ်စေရန် အစိုးရက ငွေကြေးအာမခံမှုများ ပြုလုပ်ပေးခဲ့ရသည်။

Author:ဝင်းဇော်
Knowledge Light

Leave a Reply

Your email address will not be published. Required fields are marked *