ကျိန်စာမိနေသော ကမ္ဘာကျော် ပန်ချီကား Crying Boy

ကျိန်စာမိနေသော ကမ္ဘာကျော် ပန်ချီကား Crying Boy

ငိုနေသော ကောင်လေး ( Crying Boy ) အမည်ရ ပန်းချီကားဟာ ကျိန်စာမိနေတဲ့ ပန်းချီကားလို့ ယနေ့တိုင် ရေပန်းစားလျက် ရှိပါတယ်။ အကြောင်း အရင်းကတော့ အဲဒီ ပန်းချီကားကို အိမ်မှာဆောင်ထားရင် အိမ်မီးလောင်တဲ့ ဖြစ်ရပ်နဲ့ ကြုံရလို့ ဖြစ်ပါတယ်။

ပန်းချီကား ဖန်တီးသူဟာ စပိန်ပန်းချီဆရာ ဂျီယိုဗန်နီ ဘရာဂိုလင်(Giovanni Bragolin) (၁၉၁၁-၁၉၈၁) ဆိုသူဖြစ်ပါတယ်။ သူ့ရဲ့ ကလောင်နာမည်က Bruno Amadi ပါ။ သူဆွဲတဲ့ Crying Boy ပန်းချီကား စတင်လက်စွမ်းပြ တာကတော့ သူသေပြီး လေးနှစ်အကြာမှာ ဖြစ်ပါတယ်။

ဘရာဂိုလင်ဟာ ပန်းချီကား ၂၇ ခု ရေးဆွဲပြီး ၁၉၆၀ နဲ့ ၁၉၇၀ ကြားမှာ ကမ္ဘာ အနှံ့ ဖြန့်ချိ ရောင်းချခဲ့ပါတယ်။ ယင်း ရောင်းချရမှု ထဲမှာ ငိုနေသော ကလေးငယ် ခေါင်းစဉ်နဲ့ ပန်းချီကား အတော်များများလည်း ပါပါတယ်။

တစ်ပုံနဲ့ တစ်ပုံ မတူပါဘူး။ အချို့ပုံက မျက်ရည်ပါပေမယ့် အချို့ပုံက ဝမ်းနည်းပူဆွေးနေတဲ့ ကလေးငယ်ပုံ ဖြစ်ပါတယ်။ မြင်တာနဲ့ မျက်ရည် ကျမယ့် ကလေးငယ်လို့ သိရလောက်အောင် လက်စွမ်း အတော်ထက်တဲ့ ပန်းချီကားတွေ ဖြစ်ပါတယ်။

ပန်းချီကား ကျိန်စာ

ဒါကြောင့်လည်း ဈေးကြီးပေး ဝယ်ကြပြီး ဗြိတိန်မှာဆိုရင် ကော်ပီပေါင်း ၅ သောင်းကျော်မက ရောင်းချ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြဿနာက အဲဒီမှာ စတာ ဖြစ်ပါတယ်။

ပန်းချီကား မူရင်းပိုင်သူများရော၊ ပရင့်ထုတ်ထားတဲ့ ပန်းချီများရော ပိုင်ဆိုင်တဲ့ သူ တော်တော်များများရဲ့ အိမ်များ ဆက်တိုက် မီးလောင်ပါတော့တယ်။

အင်္ဂလန်မှာ အင်မတန် နာမည်ကြီးသွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဗြိတိန်အတွင်းရှိ မြို့ တစ်ခုပြီးတစ်ခု ပန်းချီကား ပိုင်ဆိုင်သူ အိမ်များ မီးလောင် ပါတော့တယ်။

ပိုပြီးတော့ ထူးဆန်းတာတစ်ခုက အိမ်က မီးလောင်သွားပေမယ့် ပန်းချီကားတွေ ကျတော့ မလောင်ပဲ ဒီတိုင်း ကျန်ရှိခဲ့ပါတယ်။မီးတောက်မီးလျှံတွေထဲမှာ ငိုနေတဲ့ ကလေးငယ် ရုပ်ပုံပန်ချီကားဟာ ဒီတိုင်းကျန်ရှိ နေခြင်းက ကြောက်စရာကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။

အချို့ဆို ဒီလိုထူးဆန်းတာကို သဘောကျလို့ မီးမ‌လောင်ပဲ ကျန်ခဲ့တဲ့ ပန်းချီကား ကို ဈေးကြီးပေးပြီးတောင် ဝယ်ကြ ပါသေးတယ်။အဲလို တစ်ဆင့် ဝယ်သူရဲ့ အိမ်လည်း မီးလောင်ရပါတယ်။

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတုန်းကလည်း အမေရိကန် ရောက်ခ်ရှိုင်းယား (Yorkshire) မှာ ပန်းချီကား ချိတ်ဆွဲတဲ့ အိမ်တစ်လုံး မီးလောင် ရပြန်ပါတယ်။ အတော်ကြာပြီ ဖြစ်တဲ့ သဘာဝလွန် အရာဖြစ်တယ်လို့ ယုံကြည်လို့ ချိတ်ဆွဲပြီး ယခုလို ဖြစ်ရပ်နဲ့ ထပ်ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ဗြိတိန်မှာကတော့ ၁၉၈၅ ခုနှစ်လောက် ကတည်းက ရှိသမျှ ပန်းချီကားအားလုံးက သက်ဆိုင်ရာက မီးရှို့ပေးခဲ့ပါတယ်။သေချာ ထားပြီး ရှို့ရင်တော့ လောင်ပါတယ်။

သို့ပေမယ့် ပန်းချီကားရှေ့မှာ မီးမွေးပြီး ကပ်လျက် ထောင်ထားတော့ မီးမလောင်ဘူးဆိုတာကိုလည်း သက်သေပြထားပါတယ်။ လောင်ပေမယ့် ဘေးက အနားလောက်သာလောင်ပြီး ငိုနေတဲ့ ကလေးကတော့ ဒီတိုင်းကျန်ပါတယ်။

ငိုနေသော ကလေးငယ် သမိုင်း

ပန်းချီကားထဲက ငိုနေတဲ့ကောင်လေးဟာ (၁၉၆၉)ခုက မက်ဒရစ်မြို့မှာ လမ်းတကာလျှောက်သွားနေတဲ့ အိမ်မဲ့ရာမဲ့ကလေးငယ်ကို ပန်ချီဆရာက ခေါ်ယူမွေးစားခဲ့တာဖြစ်ပါတယ်။ သူ့ပုံတူကို ဆွဲခဲ့တယ်လို့ဆိုပါတယ်။

ဒီကလေးဟာ မိဘတွေ မီးလောင်တဲ့အထဲမှာ သေဆုံးသွား တာကိုမြင်ရပြီးတဲ့နောက် ထွက်ပြေးလာသွားတဲ့ “ဒွန်ဗွန်နီလို’ဆိုတဲ့ ကောင်လေးဖြစ်ကြောင်းလည်း ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးက ပြောပြပါတယ်။

ကောင်လေးကိုခေါ်မထားသင့်ကြောင်းကောင်လေးရောက် ရာအရပ်တွေမှာ ထူးထူးဆန်းဆန်းမီးလောင်တတ်ကြောင်း ရွာသားတွေက သူ့ကို ‘ဒီယာဗလို’ လို့ခေါ်ကြောင်းကိုလည်း ပန်းချီဆရာကို ပြောပြလိုက်ပါတယ်။

ပန်းချီဆရာဟာ အယူသီးလှတဲ့ ဘုန်းတော်ကြီးပြောတာကို နားမထောင်ဘဲ ကောင်လေးကို ကောင်းကောင်းမွန်မွန်ပဲ ကျွေးမွေး စောင့်ရှောက်ထားခဲ့ပါတယ်။ကောင်လေးရဲ့ ပုံတွေကို အမျိုးမျိုးဆွဲပြီး အတော်များများ ရောင်းချခဲ့ရတာကြောင့် သူဟာငွေကြေးအတော်အသင့်တောင် စုဆောင်းလာနိုင်ခဲ့ပါတယ်။

ဒါပေမယ့် တနေ့တော့ ပန်းချီဆရာရဲ့ ပန်းချီစတူဒီယိုဟာ ထူးထူးဆန်းဆန်း မီးလောင်သွားပါ‌တော့တယ်။ သူဟာမွဲသွားတော့မှ ကောင်လေးရှို့တာလို့ စွပ်စွဲပါတော့တယ်။ ကောင်လေးဟာ ငိုယိုပြီး ထွက်ပြေး ပျောက်ကွယ်သွားပါတယ်။

(၁၉၇၆)ခုမှာ ကားတစ်စီးဟာ ဘာစီလိုနာမြို့ ရဲ့ ဆင်ခြေဖုံး နားက နံရံတစ်ခုကို ဝင်တိုက်မိပြီး မီးလောင်ပေါက်ကွဲသွားခဲ့ပါသတဲ့။ ကားသမားကတော့ ဆိုးဆိုးဝါးဝါး မီးလောင်ခံလိုက်ရလို့ ဘယ်သူ ဘယ်ဝါလို့တောင် မမှတ်မိနိုင်တော့ပါဘူး။

ဒါပေမဲ့ ယာဉ်မောင်း လိုင်စင်က မီးနည်းနည်းပဲ ကျွမ်းသွားပါတယ်။ လိုင်စင်ကနာမည်ကတော့ အသက်(၁၉)နှစ်ရှိတဲ့ ဒွန်ဗွန်နီလို ပါတဲ့ဗျာ။ဒီ ဒွန်ဗွန်နီလိုဟာ လွန်ခဲ့တဲ့(၈)နှစ်လောက်က ငိုယိုပြီးထွက် ပြေးသွားတဲ့ကောင်လေးများ ဖြစ်လေရော့မလားပဲ။

ကောင်လေးသေသွားတာကို ဘယ်သူငယ်ချင်း၊ ဘယ်ဆွေမျိုး မှ သတင်းမမေးကြတဲ့အတွက် ဘယ်သူမှလည်း တိတိကျကျမသိ နိုင်ခဲ့ပါဘူး။နောက်ပြီး ပန်းချီကားနဲ့ သူ့ရဲ့ ဆက်စပ်မှုက ဘယ်လိုရှိတယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။

သို့ပေမယ့် ယင်းပန်းချီကားကတော့ ယနေ့တိုင် Curse of the Crying Boy လို့ အမည်တွင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published.