ကျောက်လိုဏ်ဂူအတွင်းက ဗုဒ္ဓရုပ်ပွားတော်များ

ကျောက်လိုဏ်ဂူအတွင်းက ဗုဒ္ဓရုပ်ပွားတော်များ (Longmen Grottoes)

Longmen Grottoes ကျောက်လိုဏ်ဂူအတွင်းက ဗုဒ္ဓရုပ်ပွားတော်များဟာ တရုတ်နိုင်ငံရဲ့ Henan ပြည်နယ်၊ Luoyang မြို့ရဲ့ ၁၂ ကီလိုမီတာ (၇ ဒသမ ၅ မိုင်) အကွာမှာတည်ရှိတဲ့ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များပဲဖြစ်ပါတယ်။

တရုတ်ဘာသာစကားအရ Longmen ဆိုတာက နဂါးပြည်ရဲ့ အဝင်ဂိတ်ဟု အဓိပ္ပာယ်ရပြီး Grottoes ကတော့ ဗုဒ္ဓရုပ်ပွားတော်များလို့ ခေါ်ဆိုကြပါတယ်။

Luoyang မြို့တောင်ဘက်မှာရှိတဲ့ Yi မြစ်ရဲ့ကမ်းစပ်မှာတည်ရှိတဲ့ ကျောက်တောင်နံရံတွေအတွင်းမှာတော့ ကျောက်လိုဏ်ဂူပေါင်း ၂၃၄၅ ခု တည်ရှိနေပြီး ဂူအတွင်းပိုင်းနှင့် ဂူနံရံများတွင် ၁ လက်မအရွယ်ကနေ ၅၇ ပေအမြင့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်များကို ရှေးမင်းအဆက်ဆက်တို့က တည်ထားကိုးကွယ်ခဲ့ကြတာကိုလည်း တွေ့ရှိရပါတယ်။

တည်ထား ကိုးကွယ်တဲ့ ဆင်းတုတော်အရေအတွက်ဟာ ၁ဝဝ,ဝဝဝ ခန့် တည်ရှိနေပါတယ်။ ရုပ်ပွားတော်များဟာ Yi မြစ် ကမ်းနဖူးနှင့်အပြိုင် ၁ ကီလိုမီတာခန့်အထိ ရှည်လျားပါတယ်။

Yi မြစ်အတွင်းကနေ လှမ်းကြည့်လိုက်ရင် မြင့်မား မတ်စောက်တဲ့ တောင်ကုန်းနှစ်ခုအကြားရှိ တောင်ကြားပမာ ဖြစ်တည်နေတဲ့နေရာများတွင် ဗုဒ္ဓဆင်းတုတော်များကို ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ကြပါတယ်။

ထိုဒေသအတွင်း ဗုဒ္ဓဆင်းတုတော်အများအပြားကို ထုဆစ်နိုင်ခဲ့ခြင်းဟာလည်း ကျောက်တောင်အများစုဟာ ထုံးကျောက်တောင်များအဖြစ် တည်နေမှုကြောင့် တရုတ်ရှေးဟောင်းလက်မှုပညာရှင်များဟာ ဗုဒ္ဓဆင်းတုတော်များကို အရွယ်အစားအမျိုးမျိုးဖြင့် ထုဆစ်ပူဇော်နိုင်ခဲ့ကြတာကိုလည်း တွေ့ရှိရပါတယ်။

ဒါ့ကြောင့်လည်း ယူနက်စကိုက Longmen Grottoes ဗုဒ္ဓရုပ်ပွားတော်များတည်ရှိရာဒေသကို ကမ္ဘာ့ရှေး ဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခုအဖြစ် ၂၀၀၀ ပြည့်နှစ်မှာ သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပါတယ်။

သမိုင်းအကျဉ်း

Longmen Grottoes ကျောက်လိုဏ်ဂူအတွင်းက ဗုဒ္ဓရုပ်ပွားတော်များကို အေဒီ ၄၉၃ ခုနှစ်မှ အေဒီ ၁၁၂၇ ကာလအတွင်း ခေတ်အဆက်ဆက်မင်းများက ထုဆစ်ပုံဖော် ပူဇော်ခဲ့ကြပါတယ်။

အေဒီ ၄၉၃ ခုနှစ်မှာ တော့ Xiaowen မင်းဆက်လက်ထက်မှစတင်ကာ ဗုဒ္ဓရုပ်ပွားတော်များကို ထုဆစ်ပူဇော်ခဲ့ပြီး ယင်းနောက် ပိုင်း Xiaowen မင်းဆက် ၆ ဆက်တို့က နှစ်ပေါင်း ၄၀၀ ခန့်အတွင်း အချိန်ယူတည်ဆောက်ခဲ့တဲ့ ဗုဒ္ဓဆင်းတုတော်ကြီးများလည်း ဖြစ်ပါတယ်။

မှတ်တမ်းများအရ ဆင်းတုတော်အပါအဝင် ဗုဒ္ဓရုပ်ပွားတော်များရဲ့ သုံးပုံတစ်ပုံခန့်ကို Wei မင်းဆက်ကတည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး ကျန်သုံးပုံနှစ်ပုံကိုတော့ Tang မင်းဆက်များက ဆက်လက်တည်ဆောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ထိုခေတ်အခါကတည်းကပင် တရုတ်ယဉ်ကျေးမှု အမွေအနှစ်လက်ရာ၊ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ကိုးကွယ်ယုံကြည်မှုနှင့် ကျောက်ဆစ်လက်ရာများကို မြင်တွေ့ရခြင်းက ယနေ့ခေတ်လူသားများအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များပင် ဖြစ်ပါတယ်။

ဗုဒ္ဓရုပ်ပွားတော်များ

ကျောက်တောင်နံရံများတွင် ထုဆစ်ပုံဖော်ခဲ့ကြတဲ့ ဗုဒ္ဓရုပ်ပွားတော်များထဲမှ ရှေးကျလွန်းသည့် ဗုဒ္ဓဆင်းတုတော်အချို့ကို ဖော်ပြရလျှင် အေဒီ ၄၉၃ ခုနှစ်တွင် တည်ထားခဲ့တဲ့ Guyang-Dong ၊ အေဒီ ၅ဝ၅ ခုနှစ်တွင် တည်ထားခဲ့တဲ့ Binyung-Dong၊

အေဒီ ၅၂၀ ပြည့်နှစ်တွင်တည်ထားခဲ့တဲ့ Lianhea-Dong၊ အေဒီ ၅၇ဝ ပြည့်နှစ်တွင်တည်ထားခဲ့တဲ့ Yaofang-Dong ၊

အေဒီ ၆၃ဝ ပြည့်နှစ်တွင် တည်ထားခဲ့တဲ့ Huigian Dong၊ အေဒီ ၆၅ဝ ပြည့်နှစ်တွင်တည်ထားခဲ့တဲ့ Fahua-Dong၊ အေဒီ ၆၈၄ ခုနှစ်တွင်တည်ထားခဲ့တဲ့ Jinan-Dong စတဲ့စေတီများမှာ တရုတ်ယဉ်ကျေးမှုရဲ့ ကျောက်ဆစ်လက်မှုပညာများကို အံ့ဩဖွယ်တွေ့ရှိရမှာ ဖြစ်ပါတယ်။

ရှေးအကျဆုံးဗုဒ္ဓဆင်းတုတော်

အထက်တွင်ဖော်ပြထားခဲ့တဲ့အတိုင်း အေဒီ ၄၉၃ ခုနှစ်မှာတည်ထားကိုးကွယ်ခဲ့တဲ့ Guyang-Dong အမည်ရတဲ့ ဗုဒ္ဓဆင်းတုတော်ပဲဖြစ်ပါတယ်။

အဆိုပါ ဗုဒ္ဓဆင်းတုတော်တည်ရှိရာဂူမှာလည်း အကြီးမားဆုံးဂူ ကြီးလည်းဖြစ်ပါတယ်။ ၎င်းဂူတွင် ဗုဒ္ဓရုပ်ပွားတော်ကြီး ကို Xiaowen မင်းလက်ထက်မှာ တည်ထားကိုးကွယ်နိုင်ခဲ့ခြင်းလည် းဖြစ်ပါတယ်။

ယနေ့ထက်တိုင် အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ ပျက်စီးယိုယွင်းခြင်းမရှိဘဲ တည်ရှိနေတာက အံ့ဩဖွယ် ဖြစ်နေပါတယ်။

ထိန်းသိမ်းစောင့်ရှောက်မှု

နှစ်ပေါင်း ၁၅ဝဝ ကျော်ခန့် သက်တမ်းရှိလာပြီ ဖြစ်တဲ့ Longmen Grottoes ကျောက်ဂူအတွင်းက ဗုဒ္ဓရုပ်ပွားတော်များဟာ ခေတ်ကာလအဆက်ဆက် အတွင်း မသမာသူတို့ရဲ့လက်ချက်ကြောင့် ယိုယွင်း ပျက်စီးမှုများလည်းရှိခဲ့ရပါတယ်။

အထူးသဖြင့် ကျောက်လိုဏ်ဂူစေတီတော်အတွင်း တည်ထားပူဇော် ထားကြတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို ခိုးယူမှုများရှိခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံအစိုးရဟာ Henan ပြည်နယ်၊ Luoyang မြို့အနီး၊ Yi မြစ်ကမ်းနံဘေးမှာတည်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်များကို ယိုယွင်းပျက်စီးမှု မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးလျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

Source-Knowledge Light

Leave a Reply

Your email address will not be published. Required fields are marked *