ဘိုလီးဗီးယားနိုင်ငံမှ စုန်းမများဈေး

ဘိုလီးဗီးယားနိုင်ငံမှ စုန်းမများဈေး

စပိန်ဘာသာဖြင့် စုန်းမများဈေး(El Mercado de las Brujas)နှင့် မှော်ဆရာဈေး(La Hechiceria)ဟုလူသိများသော စုန်းအတတ်ပညာပစ္စည်းများ ရောင်းချသည့် Withches Market ဈေးသည် ဘိုလီးဗီးယားနိုင်ငံမြို့တော် လာပက်ဇ် တောင်တန်းပေါ်ရှိ ဆာရိုကွန်ဘရီ(Cerro Cumbre) ရပ်ကွက်၏ သမိုင်းဝင်ဆန်ဖရန်စစ္စကို ဘုရားရှိခိုးကျောင်းမှ တစ်ပြခန့်အကွာ ဂျီမန်းနက်လမ်းနှင့် လီနာရက်လမ်းတို့ပေါ်ရှိ လာပက်ဇ်ခရီး သွားစင်တာအနီး၌ တည်ရှိသည်။

အဆိုပါ ဈေးသို့ အလည်အပတ်သွားရောက်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများကို ဝယ်ယူနိုင်ကာ အခြားရှုခင်းများကိုလည်းလှည့် လည်ကြည့်ရှုနိုင်သဖြင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကို အဓိကဆွဲဆောင်ရာနေရာ တစ်ခုလည်းဖြစ်သည်။

ဘိုလီးဗီးယားနိုင်ငံ၏ မြို့တော် လာပက်ဇ်၏ ဆာရိုကွန်ဘရီရပ်ကွက်ဟောင်း ရှိ ကျဉ်းမြောင်းသော ကျောက်တုံးလမ်း တစ်လျှောက်တွင် အင်းဒီးစ်ရိုးရာအဝတ် အစားဝတ်ဆင်ထားပြီး ရောင်စုံခြေချင်းဝတ် အရှည်များဖြင့် အနားကော့၍ ထိပ်လုံး အနက်ရောင်ရှိသည့် ဦးထုပ်လုံးများဆောင်း ထားသောသူများသည် ၎င်းတို့ရှေ့တွင် ဖြန့်ကြက်ထားသော ပစ္စည်းများနှင့်အတူ ထိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

၎င်းသည် ကျော်ကြားသောစုန်းအတတ်ပညာ ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာ ဈေးကွက်ဖြစ်သည်။ ရာတီရီ(yatiri)ဟု လူသိများသည့် ဒေသခံစုန်းဆရာမများက အဆိုပါဈေးကွက် ကိုဦးဆောင်ပြီး ဈေးကွက်ထဲတွင်ရောင်းချသောကုန်ပစ္စည်းများထဲ၌ စုန်းအတတ်ပညာ ဆိုင်ရာပစ္စည်းများဖြစ်သည့်

ဘိုလီးဗီးယား ရိုးရာဓလေ့များတွင်သုံးသော တစ်ခါသောက် ဆေးများ၊ အဆောင်လက်ဖွဲ့များ၊ကံကောင်း စေမည့်ဂါထာမန္တရားများ၊ သင်းခွေချပ်နှင့် ဖားခြောက်များ၊ ဝတ်လစ်စားလတ်စုံတွဲပုံ ကြွေရုပ်များ၊ ဆေးဖက်ဝင်ရီတာနာအပင်များ၊ ကာမအားတိုးဆေးအညွှန်းများ၊ ဇီးကွက် အမွေးအတောင်များ၊ လိပ်၊ ကြယ်ငါးနှင့် မြွေခြောက်များကို ရောင်းချနေသည်ကို တွေ့ရမည်ဖြစ်သည်။

စုန်းဆရာမများကို ၎င်းတို့ဆောင်းထားသော အနက်ရောင် ဦးထုပ်များ၊ အဆောင်လက်ဖွဲ့များ၊ ကံကောင်း စေသောဆေးမှုန့်များ၊ အလှအပနှင့်မျိုးပွား မှုကိုသေချာစေသော အဆောင်လက်ဖွဲ့များ ထည့်ထားသည့်ကိုကာအိတ်များကိုလွယ်လျက် ဈေးအတွင်း၌ တွေ့ရမည်ဖြစ်သည်။ အဆိုပါ ဈေးအတွင်း၌ ရောင်းချသော ပစ္စည်းများအနက်မှ အထူးခြားဆုံးနှင့် အကျော်ကြားဆုံးသောပစ္စည်းမှာ တောင် အမေရိကတိုက်ရှိ လားမားကုလားအုပ်များ ၏ သန္ဓေသားခြောက်များပင်ဖြစ်သည်။

အဆိုပါ လားမားကုလားအုပ်သန္ဓေ သားခြောက်များကို ဘိုလီးဗီးယားနိုင်ငံရှိ အိမ်အမြောက်အမြားအောက်တွင် အင်းဒီးစ် ဌာနေတိုင်းရင်းသားများက အစဉ်အလာ ယုံကြည်ချက်အရ ၎င်းတို့ လေးစားကြည်ညိုသော နတ်ဘုရားမတစ်ပါးဖြစ်သည့် ပါချာမာမာကို သန့်ရှင်းစွာပူဇော်သော အားဖြင့် မြှုပ်နှံထားလေ့ရှိသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် မိသားစုများ အတွက် ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် ကံကောင်းခြင်းတို့ကိုဆောင်ကြဉ်းပေးနိုင် သည်ဟု ယုံကြည်ကြသည်။ တစ်ခါတစ်ရံ တွင် နတ်ဘုရားမထံမှ ကောင်းမွန်သော အလိုဆန္ဒများရရှိရန် လားမားကုလားအုပ် သန္ဓေသားခြောက်များကို မီးရှို့ပူဇော်လေ့ ရှိကြသည်။

ဘိုလီးဗီးယားမိသားစုတိုင်းနီးပါး သည် ကံကောင်းခြင်းများရရှိရန်အတွက် ၎င်းတို့အိမ်များ၏ အုတ်မြစ်အောက်တွင် လားမားကုလားအုပ် သန္ဓေသားလောင်း ခြောက်များမြှုပ်နှံထားသည်ဟုဆိုကြသည်။

ထိုသို့ ပူဇော်ရန်အတွက် လားမား ကုလားအုပ်များ ကိုယ်ဝန်ပျက်ကျခြင်းမှရရှိ လာသော သဘာဝအလျောက် သန္ဓေသား ခြောက် အများအပြားရရှိနေခြင်းပင်ဖြစ် သည်။ အချို့သောသန္ဓေသားလောင်းများ ကို ကိုယ်ဝန်ရှိသောလားမားကုလားအုပ်များ ကိုသတ်ဖြတ်၍လည်း သန္ဓေသားခြောက် ကိုရယူတတ်ကြသည်။

အိမ်အောက်တွင် မြှုပ်နှံထားသော လားမားကုလားအုပ်သန္ဓေ သားခြောက်များသည် ဆောက်လုပ်ရေး လုပ်သားများကို အန္တရာယ်ကင်းအောင် စောင့်ရှောက်သည်ဟု ယုံကြည်ကြသော် လည်း ၎င်းကိုဆင်းရဲသော ဘိုလီးဗီးယား လူမျိုးများကသာ အသုံးပြုကြပြီး ချမ်းသာ ကြွယ်ဝသော ဘိုလီးဗီးယားလူမျိုးများသည် များသောအားဖြင့် နတ်ဘုရားမ ပါချာမာမာ အား အသက်ရှင်လျက်ရှိသော လားမား ကုလားအုပ်ကိုသတ်၍ ပူဇော်လေ့ရှိကြသည်။

လားမားကုလားအုပ်များကို ယဇ်ပူဇော် မှုသည် ဘိုလီးဗီးယား၏ ရိုးရာဓလေ့ထုံးတမ်း များစွာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ သာဓကအားဖြင့် မြေအောက် ကိုစိုးမိုးသော နတ်ဘုရား အဲလ်တီယိုကို ပူဇော်ပသရန်အတွက် အော်တီပလာနို တစ်လျှောက်ရှိသတ္တုတွင်းများသည် နှစ်ပေါင်း များစွာ လားမားကုလားအုပ်များဖြင့် ယဇ်ပူဇော်ခဲ့ကြသည်။

သတ္တဝါတို့၏ သွေးဖြင့် သတ္တုတွင်း၏ ဝင်ပေါက်၊ စက် ယန္တရားများနှင့် သတ္တုရိုင်းကြောများပေါ် တွင် ယဇ်ပူဇော်ပါက သတ္တုအထွက်နှုန်း ကောင်းမည်ဟု ယုံကြည်ကြသည်။

ဘိုလီးဗီးယားလူမျိုးအများစုသည် ကက်သလစ်ဘာသာဝင်များဖြစ်ကြပြီး လူ နည်းစုသည် အခြားခရစ်ယာန်ဘာသာကိုကိုးကွယ်ကြသော်လည်း ဒေသခံများသည် ရှေးရိုးရာဓလေ့ထုံးစံများကို လိုက်နာကြကာ ရာတီရီဟုခေါ်သည့် ဗေဒင်နှင့် စုန်းမှော် အတတ်ပညာဆရာမများဆီသို့ သွားကြ လေ့ရှိသည်။

အဆိုပါ စုန်းမှော်ဆရာမများကလာရောက်မေးမြန်းသူ၏ ဘေးရန်များကို ပပျောက်စေရန် ဂါထာမန္တရားများရွတ်ဖတ် ပေးခြင်း၊ ကံကောင်းခြင်း၊ ချစ်ခြင်း၊ မွေးဖွား ခြင်းနှင့် ငွေကြေးပြဿနာများကိုဖြေရှင်း ပေးခြင်း၊ ကျောင်းသားများကို စာမေးပွဲ အမှတ်ကောင်းစေရန် စီမံပေးခြင်းတို့ကို မှန်ကန်သောဈေးနှုန်းဖြင့် ပြုလုပ်ပေးမည် ဖြစ်သည်။

စုန်းမှော်ဆရာမများသည် အချို့သောပြဿနာများကို ကုသရန်အတွက် ကြိုတင်ထုပ်ပိုးထားသော အဆောင်လက်ဖွဲ့ များနှင့် ဆေးဖက်ဝင်အပင်များကိုလည်း ရောင်းချပေးကြသည်။ အဆိုပါပစ္စည်းများစွာကို အေမာရာ ဘာသာကိုဂုဏ်ပြုသည့် ဘာသာရေးထုံးတမ်းစဉ်လာများတွင်အသုံးပြုကြသည်။

အခြား သူများ၏ ကျန်းမာရေး၊ အချစ်ရေး၊ စွမ်းရည် တိုးတက်ကောင်းမွန်ရေး၊ ပျော်ရွှင်ရေး၊ စီးပွားရေးနှင့် အသက်ရှည်ရေးတို့အတွက် လည်း အသုံးပြုကြသည်။ အရောင်းရဆုံး ပစ္စည်းတစ်ခုမှာ ဘရာဇီးနှင့် ပီရူးနိုင်ငံ တို့မှရရှိသော ဆေးဖက်ဝင် ရီတာနာအပင် တစ်မျိုးဖြစ်ပြီး ၎င်းသည်လိင်ပိုင်းဆိုင်ရာကို အားပေးသည်ဟုဆိုသည်။

ထို့ပြင် အရွယ်အစားနှင့်အရောင်အမျိုးမျိုးရှိသောဂါထာမန်းမှုတ်ထားသောသေတ္တာများကို တွေ့ရ မည်ဖြစ်သည်။ ကွဲပြားခြားနားသောအရာများကို ပုံဖော် ထားသည့် ရုပ်ပုံများပါသော အဆောင် လက်ဖွဲ့ကဲ့သို့ ဂန္ထဝင်အရာဝတ္ထုပစ္စည်းများကိုလည်းတွေ့နိုင်သည်။ထိုအထဲတွင် နေထဲ ၌ အင်ကာဒဏ္ဍာရီပါတိရစ္ဆာန် သုံးကောင် ပါသည့်ရုပ်တုသည် လူကြိုက်အများဆုံး ဖြစ်သည်။

အဆိုပါ တိရစ္ဆာန်သုံးကောင် တွင် အမေရိကန်ကျားသစ်တစ်မျိုးဖြစ်သော ပူးမားသည် စွမ်းအားကိုပေးပြီး မြွေသည် ဉာဏ်ပညာနှင့်လိမ္မာပါးနပ်မှုကိုပေးကာ ကွန်ဒါ ခေါ်လင်းယုန်ငှက်တစ်မျိုးသည် ခရီးသွားခြင်း နှင့်ပြောင်းလဲခြင်းကို အထောက်အကူဖြစ်စေ သည်ဟု ယုံကြည်ကြသည်။

လွန်ခဲ့သောနှစ်အနည်းငယ်မှစ၍ စုန်း ပစ္စည်းဈေးကွက်တွင် အကြီးမားဆုံးဖောက် သည်များမှာ ကျန်းမာရေးနှင့်ဝိညာဉ်ရေးရာ ပြဿနာများကိုကုသရန်အတွက် လာရောက် ကြသည့်ဒေသခံများမဟုတ်တော့ဘဲ နိုင်ငံခြား သားခရီးသွားဧည့်သည်များ ဖြစ်လာကြသည်။

ထို့ပြင် ၎င်းတို့အတွက်ထူးခြားသောအမှတ်တရအိမ်ပြန်လက်ဆောင်များအဖြစ် သို့ပြောင်းလဲရောင်းချလာကြသည်။ထူးခြား သော ဦးထုပ်များကိုဆောင်းထားသည့် စုန်းဆရာမများသည် သဘာဝလွန်များနှင့် ဆက်နွှယ်ပြီး ဗေဒင်လာမေးသူ၏အခြေအနေ ကိုပြောပြနိုင်သည်။

၎င်းတို့သည် ဈေး အတွင်း၌ ဖောက်သည်များကိုလှည့်ပတ် ရှာဖွေလေ့ရှိပြီး စောင့်နေတတ်ကြသည်။အကယ်၍ သင်သည်ဝိညာဉ်ရေးရာ လမ်းညွှန်မှုကိုခံယူလိုပြီး ရောဂါတစ်ခုကို ကုသရန်အတွက် စိတ်ဝင်စားပါက ၎င်းတို့ထံတွင် အကူအညီတောင်းနိုင်သည်။

သို့သော်၎င်း မှော်အစွမ်း ရှိ၊မရှိမှာ မသေချာသော်လည်း သင့်အပေါ်၌ ခွန်အားဖြစ်စေနိုင်မည်မှာမူ သေချာနေသည်။

ထက်ဝန်း ဘာသာပြန်သည်။

 

Leave a Reply

Your email address will not be published.