အမေရိကန်ရဲ့ USS Zumwalt Class ကိုယ်ပျောက် ဖျက်သင်္ဘော

အမေရိကန်ရဲ့ USS Zumwalt Class ကိုယ်ပျောက် ဖျက်သင်္ဘော

အမေရိကန်နိုင်ငံသည် USS Zumwalt (ယာဉ်အမှတ် DDG-1000) ဟုခေါ်တွင်သည့် နောက်ဆုံးပေါ် နည်းပညာသုံး ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်သော ဖျက်သင်္ဘော အမျိုးအစားကို ထုတ်လုပ်ခဲ့သည်။

အဆိုပါ သင်္ဘောသည် ဇမ်ဝေါ့အမျိုးအစား သင်္ဘောများအနက် ပထမဆုံးသင်္ဘောလည်းဖြစ်သည်။ ရေဒါပျောက် သင်္ဘောဖြစ်သော်လည်း လေယာဉ်များကဲ့သို့ ရေဒါမှ လုံးဝပျောက်သွားခြင်းမဟုတ်ဘဲ အရွယ်အစားကြီးမားသော သင်္ဘောတစ်စင်းလုံးကို သင်္ဘောငယ်လေးတစ်ခု ပမာထင်ရအောင် Stealth နည်းပညာကို အသုံးပြုထားသည်။

သင်္ဘောအမည် ဇမ်ဝေါ့ (Zurnwalt)မှာ အမေရိကန် ရေတပ်အကြီးအကဲတာဝန်ကို ထမ်းဆောင်ခဲ့သည့် ရေတပ်ဗိုလ်ချုပ်ကြီး Elmo Russell Zumwalt, Jr ကို ဂုဏ်ပြုသည့်အနေဖြင့် ပေးထားခြင်းဖြစ်သည်။

၎င်းသည် အမေရိကန်စစ်ရေးသမိုင်းတွင် အဓိက ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး အထူးသဖြင့် ဗီယက်နမ် စစ်ပွဲကာလအတွင်း ထင်ရှားခဲ့သူဖြစ်သည်။ အမေရိကန် ရေတပ်၏ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ချမှတ်ခဲ့သူလည်း ဖြစ်သည်။

မူလဖျက်သင်္ဘောများထက် သာလွန်သည့် ဇမ်ဝေါ့ ဖျက်သင်္ဘော၏ စွမ်းဆောင်ရည်များမှာ ရေတိမ်ကမ်းနီးဒေသများတွင် လျင်မြန်စွာမောင်းနှင်နိုင်ခြင်း၊ မြေပြင်စစ်ဆင်ရေးတွင် တိုက်ခိုက်ရေးတပ်များအား အမြောက်ကူပစ်ပေးနိုင်ခြင်း၊

လေယာဉ်နှင့် ရေငုပ် သင်္ဘောများကို တန်ပြန် တိုက်ခိုက်ဖျက်ဆီးနိုင်ခြင်း၊ ရာသီဥတု၊ အချိန်အခါမရွေး တာဝေးပစ်ဒုံးပျံများ ပစ်လွှတ်တိုက်ခိုက်နိုင်ခြင်း၊ ရန်သူ့ထောက်လှမ်းရေး ကိရိယာများမှ ဖမ်းယူရန် မလွယ်ကူသည့် ကိုယ်ထည် ဒီဇိုင်းရှိခြင်းတို့ဖြစ်သည်။

USS Zumwalt သင်္ဘောသည် ၁၉၉၄ ခုနှစ် ကတည်းက စတင်ခဲ့သည့် DD 21 program ဟု ခေါ်သော ၂၁ ရာစုဖျက်သင်္ဘော (21″ Century Destroyer) အစီအစဉ်ကိုအခြေခံကာ ဖြစ်ပေါ်လာသည့် သင်္ဘောတစ်စင်းဖြစ်သည်။

အဆိုပါ ပရိုဂရမ်အရ စစ်သင်္ဘောများသည် ကမ်းဝေးသာမက ကမ်းနီး ရေတိမ်ပိုင်းမှာပါ လိုက်လံတိုက်ခိုက်နိုင်ရန်၊ ရေပေါ် ရေအောက် ရန်သူ့ရေယာဉ်များကို တန်ပြန်ပစ်ခတ် ဖျက်ဆီးနိုင်ရန်၊ လျှို့ဝှက်စစ်ဆင်ရေးများ ဆင်နွှဲနိုင်ရန် စသည့်စွမ်းရည်များပါဝင်လာရန် စီမံထားသည်။

၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမေရိကန် နိုင်ငံ Maine ပြည်နယ်၊ Bath မြို့မှာ အခြေစိုက်သည့် Bath Iron Works (BIW) အမည်ရှိ သင်္ဘောတည် ဆောက်ရေးကုမ္ပဏီနှင့် USS Zimwalt သင်္ဘောတည်ဆောက်ရေးအတွက် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ တန်စာချုပ်ကို ချုပ်ဆိုခဲ့ကာ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများကို ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့သည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် သင်္ဘောတည်ဆောက်ပြီးစီးကာ ရေချနိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် တပ်တော်ဝင်ခဲ့ပြီး လက်ရှိတွင် အသင့်အနေအထားဖြင့် တာဝန် ထမ်းဆောင်လျက်ရှိသည်။ ၎င်းသင်္ဘော၏ ပင်မအခြေ စိုက်စခန်းမှာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဒီရေဂိုစခန်းဖြစ်သည်။

USS Zumwalt စစ်သင်္ဘော၏ အလျားမှာ ပေ ၆ဝဝ ရှိပြီး အနံ ၈ဝ ဒသမ ၇ ပေရှိကာ ထုထည်အား ဖြင့် ၁၄၅၆၄ တန်ရှိသည်။ လျှပ်စစ်ဓာတ်အားအတွက် Integrated Power System (IPS) ကို တပ်ဆင်ထား ပြီး အဆိုပါစနစ်သည် ပုံမှန်စစ်သင်္ဘောအများစုတွင် အသုံးပြုထားသည့်စနစ်ထက် သာလွန်သည်။

ပုံမှန် သင်္ဘောများသည် မောင်းနှင်ရန် အင်ဂျင်နှင့် သင်္ဘောကို လျှပ်စစ်ဓာတ်အားပေးရန် အင်ဂျင်ဟူ၍ နှစ်မျိုးရှိသည်။ အားနည်းချက်အနေဖြင့် တိုက်ပွဲဝင်နေစဉ် အတွင်း လျှပ်စစ်ဓာတ်အား ပိုလိုအပ်သည့်အခါ မောင်းနှင်သည့် အင်ဂျင်က ထုတ်မပေးနိုင်ပေ။

USS Zumwalt သင်္ဘောတွင် သုံးထားသည့် IPS စနစ်မှာ နည်းပညာအမြင့်ဆုံးဟုဆိုရမည့် Rolls Royce ဂက်စ်တာဘိုင်အင်ဂျင် ၄ လုံး (MT 30 နှစ်လုံး နှင့် RR 4500 နှစ်လုံး) ဖြင့် သင်္ဘော၏ လျှပ်စစ် ဓာတ်အားကို ပေးထားပြီး သင်္ဘောမောင်းနှင်ရန် ပန်ကာ အတွက်လိုအပ်သောစွမ်းအင်ကို မော်တာများက တစ်ဆင့်ပြန်ပေးထားသည်။

လျှပ်စစ်ဓာတ်အားလိုအပ်သည့် သင်္ဘော၏ အစိတ်အပိုင်းအားလုံးကို ဒစ်ဂျစ်တယ် စနစ်ဖြင့်ထိန်းချုပ်ပြီး တိုးပေးခြင်း၊ လျှော့ပေးခြင်းများကို ပြုလုပ်နိုင်သည်။ ၎င်း၏ လျှပ်စစ်ဓာတ်အားပေး စနစ်မှ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၇၈ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနိုင်သဖြင့် အင်အားအကောင်းဆုံး လျှပ်စစ်ဓာတ်အားကိုအသုံးပြုကာ မောင်းနှင်နေသည့် သင်္ဘောတစ်စင်းဟု ဆိုနိုင်သည်။ USS Zumwalt သင်္ဘောသည် တစ်နာရီ ရေမိုင် ၃၃ ဒသမ ၅ မိုင်အမြန်နှုန်းဖြင့် ခုတ်မောင်း နိုင်သည့်သင်္ဘောဖြစ်သည်။

USS Zumwalt တွင် ရေဒါစနစ်အနေဖြင့် MFR(X-band) 48 VSR(S-band) တို့ကို အသုံးပြုထားသည်။ လှိုင်းအလျားတိုသည့် AN/SPY.3 Multi-Function Radar (X-band) ရေဒါမှာ သေးငယ်သော အရာဝတ္ထုများနှင့် ရန်သူ့သင်္ဘောဖျက် ဒုံးများကို ထောက်လှမ်းနိုင်ပြီး လှိုင်းအလျားရှည်သည့် Volume Search Radar (S-bund) ရေဒါမှာ အဝေး ရှိသင်္ဘော၊ ဒုံးပျံ၊ လေယာဉ်နှင့် အမြောက်တပ်စသည် တို့ကို ထောက်လှမ်းပေးနိုင်စွမ်းရှိသည်။

USS Zumwilt သင်္ဘောတွင် Advanced Gun System အမည်ရ 150mm ပင်မအမြောက်ကြီး ၂ လက်ကိုတပ်ဆင်ထားသည်။ ၎င်းအမြောက်ကြီးများသည် ပစ်မှတ်ကို အမြန်ဆုံးနှင့် တိကျစွာထိမှန်အောင် ပစ်ခတ်နိုင်စွမ်းရှိသည်။

၁ မိနစ်အတွင်း ၁ဝ ချက် ပစ်နိုင်စွမ်းရှိသော အဆိုပါအမြောက်ကြီးများသည် ရေမိုင် ၈၃ မိုင်အကွာအဝေးအထိ ပစ်ခတ်နိုင်သည်။ အမြောက်တစ်ခုစီအတွက် ကျည် ၇၅ဝ တောင့်စီကို အော်တိုကျည်ဖြည့်စနစ်ဖြင့် တပ်ဆင်ထားသည်။

တစ်ခုစီတွင် လောင်ချာငယ် အခု ၂ဝ စီပါဝင်သည့် ဒုံးပျံလောင်ချာလက်နက် ၄ ခုကိုမူ သင်္ဘော၏ အရှေ့နှင့်အနောက်ဘယ်ညာခွဲပြီး တပ်ဆင်ထား သည်။ ထိုသို့တပ်ဆင်ထားရခြင်းမှာ လက်နက်စနစ် တစ်ခုသည် ရန်သူ့တိုက်ခိုက်မှုကြောင့်ပျက်စီးသွား သည့်အခါ ကျန်ရှိသောလက်နက်စနစ်များကိုဆက် လက်အသုံးပြုနိုင်စေရန်အတွက်ဖြစ်သည်။

အဆိုပါ ဒုံးပျံစနစ်သည် လက်ရှိ ရှိနေသည့် ဒုံးပျံများသာမက ထပ်မံထွက်ရှိလာမည့်နည်းပညာမြင့် သင်္ဘောဖျက်ဒုံးပျံ၊ ရေငုပ်သင်္ဘောဖျက်ဒုံးပျံများကိုပါ ထည့်သွင်းပစ်ခတ်နိုင်အောင် ဖန်တီးထားခြင်းဖြစ်သည်။

အနီးကပ်အတွက် တစ်မိနစ်လျှင် ကျည် ၂၂ဝ ချက်ပစ်နိုင်မည့် Mk 46.30 mm အမြောက်နှစ်လက်ကိုလည်း တပ်ဆင်ထားသည်။ ယင်းအမြောက်နှစ်လက်၏ အဝေးဆုံးပစ် နိုင်သောအကွာအဝေးမှာ ၂ ဒသမ ၅ မိုင်ဖြစ်သည်။

USS Zumwalt သင်္ဘောသည် သင်္ဘောတစ်စင်း လုံးကို IT နည်းပညာအသုံးပြုထိန်းချုပ်ထားသဖြင့် အသုံးပြုသည့်အခါ လျင်မြန်လွယ်ကူစွာအသုံးပြုနိုင်ခြင်းက ၎င်း၏ အားသာချက်ပင်ဖြစ်သည်။

ထိုကဲ့သို့ နည်းပညာများဖြင့် တည်ဆောက်ထားသောကြောင့် ပုံမှန်အားဖြင့် စစ်သင်္ဘောတစ်စင်းကို ထိန်းချုပ်ရန် သင်္ဘောသား ၂၅ဝ မှ ၃၀၀ ခန့် လိုအပ်သည့်အချိန်တွင် Zumwalt အတွက်မူ သင်္ဘောသား ၁၄၀ ဦးသာ လိုအပ်သည်။ အဆိုပါ ဖျက်သင်္ဘောပေါ်တွင် ရဟတ်ယာဉ်များ ဆင်းသက်နိုင်ပြီး အကြီးစားရဟတ်ယာဉ် ၁ စင်းမှ အသေးစားရဟတ်ယာဉ် ၃ စင်းအထိဆင်းသက် နိုင်သည်။

နောက်ဆုံးပေါ် နည်းပညာများအသုံးပြုထားသည့် ယင်းသင်္ဘော၏ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံမှ ၄ ဒသမ ၄ ဘီလီယံအတွင်းဖြစ်သည်ဟု ခန့်မှန်းထားသည်။

လက်ရှိအချိန်အထိ ယင်းသင်္ဘောနှင့် အမျိုးအစားတူ Zumwalt သင်္ဘော ၃ စင်းသာရှိပြီး ကျန် ၂ စင်းမှာ USS Michael Monsoor(DDG-1001) နှင့် USS Lyndon B. Johnson(DDG-1002) တို့ဖြစ်ကြသည်။ Zunwalt သင်္ဘောများသည် အမေရိကန်နိုင်ငံ၏တန်ဖိုးအကြီး ဆုံး နည်းပညာအမြင့်ဆုံး သင်္ဘောများဟုဆိုလျှင် မမှားနိုင်ပေ။

အမေရိကန်ရေတပ်ဟာ Common Hypersonic Glide Body (C-HGB) လို့ခေါ်တဲ့ သာမန် မစ်ဇိုင်း ဒုံးကျည်တွေနဲ့ ပုံစံကွဲတဲ့ ဟိုက်ပါဆောနစ် လက်နက် (Dark Eagle)များကိုပါ ယင်း‌သင်္ဘောများတွင် တပ်ဆင်သွားမယ်လို့ သိရပါသည်။ဒါ့ကြောင့် ဒီဖျက်သင်္ဘောတွေဟာ မိုင်ထောင် ပေါင်းများစွာ ဝေးကွာတဲ့ အကွာအဝေးကနေ ပစ်မှတ်တွေကို မိနစ်ပိုင်းအတွင်း ပစ်ခတ်နိုင်မှာ ဖြစ်ပါသည်။။

Credit_Author:စစ်ဦး
Source:Thutazonenet

Leave a Reply

Your email address will not be published.