ကမ္ဘာပေါ်က အားအပြင်းဆုံးဗုံး သို့မဟုတ် Tsar Bomba

Tsar bomba(အသံထွက်:ဇာဘုံဘာ) ရုရှားလို ဗုံးဘုရင်လို့ အဓိပ္ပာယ်ရတဲ့ ဒီဗုံးဟာ ကမ္ဘာ့သမိုင်းမှာ ပေါက်ကွဲမှု အားအပြင်းဆုံး ဗုံးတစ်လုံးအဖြစ် စံချိန်တင်ထားပါတယ်။

၄င်းကို Big Ivan လို့လည်း နာမည်ပြောင် ပေးထားပါသေးတယ်။ ပေါက်ကွဲအား ၅၇ မဂ္ဂါတန် (မဂ္ဂါတန် = ဗုံးပေါက်ကွဲအား၊ ဒိုင်းနမိုက် တန် ၁ သန်းနှင့်ညီမျှသော ပေါက်ကွဲအား။)ရှိပြီးတော့ ဆိုဗီယက်ရုရှားက တီထွင်နိုင်ခဲ့တဲ့ ဟိုက်ဒရိုဂျင်ဗုံး အမျိုးအစားဖြစ်ပါတယ်။

ဒီဗုံးရဲ့ ပြင်းအားကို နှိုင်းယှဉ်ပြရရင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံ၊ဟီရိုရှီးမားနဲ့ နာဂါစာကီ မြို့နှစ်မြို့မှာ ကြဲချခဲ့တဲ့ အဏုမြူဗုံး ၂ လုံးပေါင်းခြင်းရဲ့ အဆ ၁၄၀၀ ဆ ပိုအားပြင်းပါတယ်။ ဒီလောက်ဆို Tsar bomba အားပြင်းတယ်၊ မပြင်းဘူးဆိုတာ ငြင်းစရာ မလိုလောက်တော့ဘူး ထင်ပါတယ်။

၁၉၆၁ ခုနှစ်၊ဇူလိုင်လမှာ ဆိုဗီယက်ရုရှား ခေါင်းဆောင်ဖြစ်သူ နီခီတာ ခရူးချက်ဖ်က ၁၉၅၈ ခုနှစ်ကတည်းက စောင့်ထိန်းလိုက်နာခဲ့တဲ့ ရုရှား၊ ဗြိတိန်၊ အမေရိကန် သုံးနိုင်ငံ အဏုမြူလက်နက် စမ်းသပ်မှု မပြုလုပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ဖို့ စီစဉ်ခဲ့ပါတယ်။

၁၉၆၁ ခုနှစ် အောက်တိုဘာလမှာ ကျင်းပမယ့် ၂၂ ကြိမ်မြောက် ကွန်မြူနစ်ပါတီ ညီလာခံမှာ ရုရှားနိုင်ငံရဲ့ စစ်အင်အားပြသဖို့ ဆုံးဖြတ်လိုက်ပြီး ကမ္ဘာ့ပေါက်ကွဲမှု အားအပြင်းဆုံးဗုံးနဲ့ အနောက်နိုင်ငံတွေကို စွမ်းရည်ပြသဖို့ ပြင်ဆင်ပါတော့တယ်။

ပြဿနာက ခရူးချက်ဖ် စိတ်တိုင်းကျနိုင်မယ့် ဗုံးအရွယ်အစားမျိုး ရုရှားမှာ တီထွင်နိုင်ခြင်း မရှိသေးတာပါပဲ။ ထိုအချိန်ထိ ရုရှားနိုင်ငံက ဖောက်ခွဲနိုင်ခဲ့တဲ့ အားအပြင်းဆုံး ဗုံးကတော့ pury 3 MT RDS-37 လို့ အမည်ရတဲ့ ဗုံးဖြစ်ပြီး

ခရူးချက်ဖ်ကတော့ ဒီထက် အဆမတန် အားပြင်းတဲ့ ဗုံးမျိုးကို လိုလားနေခဲ့တာ ဖြစ်ပါတယ်။ ဒါမှသာ ၁၉၅၄ ခုနှစ်က အမေရိကန်နိုင်ငံက စမ်းသပ်အောင်မြင်ခဲ့တဲ့ 15 MT Castle Bravo ဗုံးရဲ့ စံချိန်ကို အလွယ်တကူ ချိုးဖျက်နိုင်မှာ ဖြစ်ပါတယ်။

ခရူးချက်ဖ်ဟာ သူမျှော်မှန်းထားတဲ့ ဗုံးကို ညီလာခံမတိုင်မီ အဆုံးသတ်နိုင်ဖို့အတွက် ပညာရှင် ၄ ဦးပါဝင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့ခဲ့ပါတယ်။ ထိုပညာရှင် ၄ ဦးကတော့ Victor Adamskii, Yuri Babaev, Yuri Smirnov နဲ့ Yuri Trutnuv တို့ ဖြစ်ပြီးတော့ သူတို့ဟာ ၂၄ ပေ ရှည်လျားသော အဆင့် ၃ ဆင့်နဲ့ ပေါက်ကွဲမယ့် အဏုမြူဗုံး တစ်လုံးကို ရက်သတ္တပတ် ၁၅ ပတ်အတွင်း အပြီးတည်ဆောက်နိုင်ခဲ့ပါတယ်။

တရားဝင်အမည် AN602 လို့ပေးထားတဲ့ Tsar bomba မှာ အဆင့်သုံးဆင့်ပါဝင်တဲ့ Teller-Ulam (Teller-Ulam = Stanislaw Ulan နဲ့ Edward Teller တို့တီထွင်ထားတဲ့ ပြင်ပဖိအားကြောင့် အဆင့်ဆင့် ပေါက်ကွဲစေသော ပုံစံ။) ဒီဇိုင်းကို အသုံးပြုထားပါတယ်။

ပထမအဆင့်အနေနဲ့ ပင်မဟိုက်ဒရိုဂျင်အက်တမ် ပြိုကွဲဓါတ်ပြုခြင်း ဖြစ်ပေါ်ပြီး ၄င်းက ဒုတိယအဆင့်မှာရှိတဲ့ လောင်စာ အရောအနှောကို ဖိအားပေးလိုက်ပါတယ်။ အဲဒီကနေ နောက်ဆုံးအဆင့် အနေနဲ့ အလွန်ကြီးမားတဲ့ အဏုမြူ၊ အပူစွမ်းအင်ကိုပါ ဖိအားပေးလိုက်ပါတယ်။

ဒီလို ဟိုက်ဒရိုဂျင် အဆင့်ဆင့် ပြိုကွဲဓါတ်ပြုခြင်း ဖြစ်စဉ်တွေကို ပေါင်းစပ်လိုက်တဲ့အခါ ယူရေနီယမ် ဓါတ်ပေါင်းဖိုထဲမှာ ဓါတ်ပေါင်းခြင်းဖြစ်ပေါ်ဖို့ လုံလောက်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။

အဲ့ဒီ ဟိုက်ဒရိုဂျင်ဗုံး စီမံကိန်းကို အလောတကြီးနဲ့ ခက်ခက်ခဲခဲ ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့် ဒီလိုဗုံးမျိုး တစ်လုံးတည်းသာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဗုံးရဲ့ အလေးချိန်ဟာ ၂၇ တန် ရှိပြီး ထိုအလေးချိန်ဟာ ၄င်းကို မြေပြင်ပေါ်ကြဲချဖို့ သယ်ဆောင်ခဲ့တဲ့ လေယာဉ်ရဲ့ အလေးချိန်နဲ့ တူညီလုနီးပါး ရှိခဲ့ပါတယ်။

ဒါ့အပြင် ဗုံးရဲ့ အရွယ်အစားဟာလည်း အလွန်ကြီးမားတဲ့အတွက် လေယာဉ်ရဲ့ ဗုံးသိုလှောင်ခန်း တံခါးကိုတောင် ဖျက်ပြီး သယ်ဆောင်ခဲ့ရပါတယ်။ အခက်အခဲများစွာနဲ့ တည်ဆောက်ခဲ့တဲ့ Tsar bomba ကို အောက်တိုဘာလ ၃၀ ရက်၊ ၁၉၆၁ ခုနှစ် မနက် ၁၁ နာရီ ၃၂ မိနစ် အချိန်မှာ လေယာဉ်မှူး အန်ဒရေ ဒါနော့ဗ်ဆက်ဗ်ရဲ့ လေယာဉ်ကနေ ကြဲချခဲ့ပါတယ်။

ဗုံးကို အမြင့်ပေ ၆.၅ မိုင်ကနေ နိုဗာရာ ဇမ်လျာဒေသရှိ မစ်ယူရှီခါ စမ်းသပ်နယ်မြေသို့ လေထီးနဲ့တကွ ဖြေးညှင်းစွာ ကြဲချခဲ့ပါတယ်။ ဗုံးမပေါက်ကွဲခင်ထိ လေယာဉ်မှူးမှာ ဗုံးစက်ကွင်းထဲက လွတ်အောင် ဆုတ်ခွာနိုင်ဖို့ အချိန် ၁၈၈ စက္ကန့်သာ ရရှိခဲ့ပါတယ်။

Big Ivanခေါ် Tsar Bomba ဗုံးဟာ အမြင့်ပေ ၂.၅ မိုင် အရောက်မှာတော့ ကြောက်မက်ဖွယ် ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့ပါတယ်။ ဗုံးပေါက်ကွဲရာမှ ဖြစ်ပေါ်လာတဲ့ မီးတောက်လုံးကြီးဟာ အချင်းဝက် ပေ ၁၀,၀၀၀ နီးပါးထိ ရောက်ရှိခဲ့ပြီး ပေ နှစ်သိန်းတစ်သောင်းအမြင့်ရှိတဲ့ မှိုပွင့်ပုံ မီးခိုးလုံးကြီးကတော့ စထရာတိုစဖီးယား လေထုအလွှာအထိ ရောက်ရှိခဲ့ပါတယ်။

ဗုံးပေါက်ကွဲရာကနေ ထွက်ပေါ်လာတဲ့အလင်းရောင်ကို ကီလိုမီတာ တစ်သောင်းကနေတောင် မြင်နိုင်ပြီး ဗုံးပေါက်ကွဲအားကို ငလျင်တိုင်းတာရေးစခန်းတွေကလည်း ၅ ရစ်ချက်တာစကေး ပြင်းအားရှိတယ် မှတ်တမ်းတင်ခဲ့ပါသေးတယ်။

ပေါက်ကွဲအားကြောင့် ဖြစ်ပေါ်လာတဲ့ shockwave လှိုင်းများက လေထုဖိအား ၃၀၀ PSI ထိ ဖြစ်ပေါ်စေခဲ့ပြီး အဆိုပါ shockwave လှိုင်းများဟာ တစ်ကမ္ဘာလုံးကို ၃ ပတ်တိတိ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။ ပေါက်ကွဲမှု နောက်ဆက်တွဲလှိုင်းရဲ့ သက်ရောက်မှုကြောင့် ကီလိုမီတာ ၉၀၀ အကွာအဝေးမှာရှိတဲ့ နော်ဝေနဲ့ ဖင်(န်)လန် နိုင်ငံတွေက အိမ်ပြတင်းပေါက်မှန်တွေပါ ကွဲထွက်ကုန်ပါတယ်။

၅၅ ကီလိုမီတာ အကွာမှာရှိတဲ့ ဆာဗာနီ စွန့်ပစ်မြို့ဟောင်းဆိုရင် ရှိခဲ့မှန်းတောင် မမှတ်မိလောက်အောင် မြေပြင်နဲ့ တသားတည်း ဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်း လေ့လာချက်တွေအရ ဗုံးပေါက်ကွဲခဲ့တဲ့ နေရာဟာ ချောမွတ်ပြီး ရေခဲပြင်စကိတ်စီးကွင်းသဏ္ဍန် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

မျက်မြင်သက်သေတစ်ဦးရဲ့ အဆိုအရဆိုရင် “ဗုံးမပေါက်ခင်မှာပဲ ဓါတ်ပြုမှုကြောင့် ဗုံးကြဲလေယာဉ်အောက်က တိမ်တိုက်တွေနဲ့ အကွာအဝေးတော်တော် ဝေးဝေးထိဟာ အလွန်အားပြင်းလွန်းတဲ့ အလင်းနဲ.လင်းထိန်သွားပါတယ်။

အဲ့ဒီ အလင်းရောင်ကြောင့် အိမ်မြေအောက်ခန်းတွေထိပါ လင်းထိန်သွားပြီး တိမ်တွေဟာလည်း အရောင်တောက်လွန်းလို့ ဖောက်ထွင်းပြီးတောင် မြင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဗုံးကြဲလေယာဉ်ကို တိမ်လွှာ ၂ ခု ကြားကနေ ပျံသန်းလာတာကို တွေ့မြင်ခဲ့ရပါတယ်။

တစ်ပြိုင်နက်ဆိုသလိုပဲ လေယာဉ်ရဲ့ အောက်ဘက်မြေပြင်မှာတော့ လင်းထိန်နေတဲ့လိမ္မော်ရောင် မီးဘောလုံးကြီးတစ်ခုကလည်း တဖြည်းဖြည်း ထွက်ပေါ်လာတာကို တွေ့ခဲ့ရပါတယ်။

မီးဘောလုံးကြီးဟာ အလွန်ကြီးမားလွန်းလို့ ဂျူပီတာဂြိုဟ်ကြီးလားလို့တောင် ထင်မှားစရာရှိပါတယ်။ တဖြည်းဖြည်းနဲ့ မီးလုံးကြီးဟာ အထက်ကောင်းကင်ကို မြင့်တက် ကြီးထွားလာခဲ့ပါတယ်။

တိမ်တိုက်ထူထူကြီးတွေကို ဖြတ်သန်းပြီးတာတောင် ကြီးထွားမှုမရပ်တန့်ခဲ့ပါဘူး။ မီးလုံးကြီးဟာ တစ်ကမ္ဘာလုံးကို စုပ်ယူမြိုသွင်းတော့မယ့်အသွင် ထွက်ပေါ်နေပြီး ဒီအဖြစ်အပျက်ကို ကြည့်နေရတာဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုကို ကြည့်နေရသလို အိပ်မက်တစ်ခုမက်နေသလိုပါပဲ။”

ဒီလို လုံးဝဥဿုံ ဖျက်စီးပစ်နိုင်စွမ်းဟာ Tsar Bomba ရဲ့ အမှန်တကယ် စွမ်းဆောင်ရည်အစစ် မဟုတ်သေးပါဘူး။ ဒါဟာ ဗုံးရဲ့ ပြင်းအား ၅၀ ရာခိုင်နှုန်းနဲ့ ဖောက်ခွဲခဲ့တာသာ ဖြစ်ပါတယ်။

ဒီဗုံးကို ဒီဇိုင်းပြုလုပ်တုန်းက ၁၀၀ မဂ္ဂါတန် ပြင်းအားနဲ့ ပေါက်ကွဲစေဖို့ ရည်ရွယ်ခဲ့တာပါ။ Tsar bombaဟာ ပြိုကွဲအားလျင်မြန်တဲ့ ဖိသိပ်ထားတဲ့ ယူရေနီယမ်ကို ဗုံးရဲ့ ဒုတိယနဲ့ တတိယအဆင့်တွေမှာ သုံးစွဲပစ်နိုင်စွမ်းရှိပြီး ၄င်းဟာ ပိုမိုကြီးမားတဲ့ ဓါတ်ပြုမှုနဲ့ နောက်ဆက်တွဲ စွမ်းအင်ထုတ်လုပ်မှုတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါပေမယ့် စမ်းသပ်မှု မပြုလုပ်ခင်မှာပဲ ဆိုဗီယက်ခေါင်းဆောင်က ဖိသိပ်ထားတဲ့ ယူရေနီယမ်တွေကို ခဲ (lead)နဲ့ လဲလှယ်စေခဲ့ပါတယ်။ အဲ့လို ပြုလုပ်လိုက်တာကြောင့် ဆိုဗီယက်ရုရှားမှာရှိတဲ့ လူနေထူထပ်တဲ့ဒေသတွေမှာ ရေဒီယိုသတ္တိကြွအမှုန်တွေ မရောက်ရှိအောင် တားဆီးနိုင်ခဲ့ပါတယ်။

ဖိသိပ်ထားတဲ့ ခဲတွေကို အသုံးပြုလိုက်တဲ့အတွက် ဗုံးရဲ့ပြင်းအားကို ၅၀ ရာခိုင်နှုန်း လျှော့ချလိုက်ရုံတင်မကဘဲ ရေဒီယိုသတ္တိကြွအမှုန် ပျံ့နှံ့ခြင်းကို ၉၇ ရာခိုင်နှုန်း လျော့နည်းစေခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံးနဲ့ အင်အားအပြင်းဆုံး ဗုံးဖြစ်တဲ့ Tsar Bomba ဟာ ကမ္ဘာပေါ်မှာ စမ်းသပ်ခဲ့သမျှ အဏုမြူလက်နက်တွေထဲမှာ အသန့်ရှင်းဆုံးသော၊ ဘေးထွက်ဆိုးကျိုးနည်းသော အဏုမြူလက်နက်တစ်ခု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ နောက်ထပ် ၂ နှစ်အကြာမှာ မြေပေါ်အဏုမြူလက်နက်စမ်းသပ်မှု မပြုလုပ်ရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး မြေပေါ်အဏုမြူလက်နက် စမ်းသပ်မှုတွေ လုံးဝကွယ်ပျောက်သွားပါတော့တယ်။

Author:ထူးဇော်လွင် ၊Curiosity Magazine

Leave a Reply

Your email address will not be published.