ကျောက်တောင်ကို ထွင်းထုဖန်တီးထားသော အံ့ဩစရာနေရာ

ကျောက်တောင်ကို ထွင်းထုဖန်တီးထားသော အံ့ဩစရာနေရာ

အိန္ဒိယနိုင်ငံ၊ မဟာရဋ္ဌ ပြည်နယ်၊ အောရန်ဂဘတ်မြို့ရဲ့ အနောက်မြောက်ဘက် ၁၈ မိုင် အကွာမှာတည်ရှိတဲ့ ကျောက်တောင်ကို ထွင်းထု ဖန်တီးထားတဲ့ အံ့ဩစရာနေရာ Ellora Caves အကြောင်းကို ဗဟုသုတ ရရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Ellora လိုဏ်ဂူဟာ ကျောက်တောင်ကို ထွင်းထုထားတဲ့ အလွန်လက်စွာမြောက်သော၊ ရှုပ်ထွေးသော ဘုရားကျောင်းများရှိရာ ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခုအဖြစ် နာမည်ကျော်ပါတယ်။

အပြင်ဘက် အဆောက်အအုံဒီဇိုင်းတွေသာမက အတွင်းဘက်က အံ့မခန်းတဲ့ ဗိသုကာလက်ရာတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင် လျက်ရှိပါတယ်။

Ellora လိုဏ်ဂူစု တည်ရှိနေတဲ့နေရာဟာ Sahyadri ဆိုတဲ့တောင်ပါ။ ဒီတောင်ရဲ့သက်တမ်းကတော့ နှစ်ပေါင်း ၆၅ သန်းရှိပြီ ဖြစ်ပါတယ်။ Ellora လိုဏ်ဂူစုဟာ ဒီကျောက်တောင်ကို ထွင်းထု ပုံဖော်ထားတာပဲဖြစ်ပါတယ်။

ဒီလိုဏ်ဂူအများစုကို Rashtrakuta မင်းဆက်လက်ထက် အေဒီ ၆ ရာစုနဲ့ ၁ဝ ရာစုအကြားမှာ ဖန်တီးခဲ့တာဖြစ်ပြီး ပညာရှင်အချို့ကတော့ ဘီစီ ၂၅၀ ခန့်ကတည်းက ဒီနေရာ ဖန်တီးရေးလုပ်ငန်းတွေ တင်နေပြီလို့ဆိုပါတယ်။

Ellora လိုဏ်ဂူစုနေရာဟာ ယနေ့ သုတေသနပညာရှင်တွေကို ဦးနှောက်ခြောက်စေတဲ့နေရာ ဆိုလည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုဏ်ဂူ အဆောက် အအုံတွေအားလုံးကို ကွန်ကရစ်နဲ့ ဆောက်လုပ်ထားခြင်းမဟုတ်ဘဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လိုသလိုထွင်းထု ဒီဇိုင်းထုတ်ကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

Ellora လိုဏ်ဂူစုကို မည်သည့်ပညာရှင်တွေက ဒီလောက်များပြားပြီး ဗိသုကာလက်ရာမြောက်လှတဲ့ လိုဏ်ဂူအဆောက်အအုံတွေကို ဘယ်လိုပုံဖော်ဖန်တီးခဲ့သလဲဆိုတာ အဖြေရှာလို့ မရသေးပါဘူး။

Ellora လိုဏ်ဂူစုမှာ ဂူပေါင်း ၃၄ ခုပါဝင်ပြီး ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ ဂျိန်းဘာသာဆိုင်ရာ ဂူတွေ ဖြစ်ပါတယ်။ လိုဏ်ဂူ ၃၄ ခုထဲက ၁၇ ခုက ဟိန္ဒူဘာသာဆိုင်ရာ လိုဏ်ဂူတွေဖြစ်ပြီး ၁၂ ခုက ဗုဒ္ဓဘာသာ ဆိုင်ရာလိုဏ်ဂူတွေဖြစ်ပါတယ်။

ကျန် ၅ ခုကတော့ ဂျိန်းဘာသာဆိုင်ရာ လိုဏ်ဂူတွေပဲဖြစ်ပါတယ်။ ဂျိန်းဘာသာဆိုင်ရာလိုဏ်ဂူတွေကိုတော့ Yadava မင်းဆက်လက်ထက်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။

Kailasa ဘုရားကျောင်း

Kailasa ဘုရားကျောင်းဟာ ဧရာမကျောက်တုံးကြီးတစ်တုံးကို ဖြတ်တောက်ထွင်းထုထားတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး ဟိန္ဒူဘုရားကျောင်းတစ်ခု ဖြစ်ပါတယ်။ Ellora လိုဏ်ဂူစုမှာ အကြီးဆုံး ဘုရားကျောင်းလည်းဖြစ်ပြီး လိုဏ်ဂူအမှတ်ကတော့ (၁၆) ဖြစ်ပါတယ်။

နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ဟိန္ဒူနတ် ဘုရားသျှီဝကို ကိုးကွယ်ဖို့ဆောက်လုပ်ထားတာ လို့ဆိုပါတယ်။ အပြင်ဘက်ရော အတွင်းဘက်မှာပါ လက်ရာမြောက်လွန်းတဲ့ ဟိန္ဒူဘာသာဆိုင်ရာ ဗိသုကာလက်ရာတွေကိုတွေ့ရမှာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဆိုင်ရာလိုဏ်ဂူများ (Buddhist Caves in Ellora)

လိုဏ်ဂူအမှတ် (၁) ကနေ (၁၂) အထိဟာ ဗုဒ္ဓဘာသာဆိုင်ရာ လိုဏ်ဂူတွေဖြစ်ပါတယ်။ ဒီအထဲက အစောဆုံးလိုက်ဂူကတော့ လိုဏ်ဂူအမှတ် (၆) ဖြစ်ပါတယ်။ လိုဏ်ဂူ ၁၂ ခုမှာ ၁၁ ခုက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဖြစ်ပါတယ်။

လိုဏ်ဂူအသီးသီးတွေမှာ နံရံဗိသုကာ လက်ရာတွေအပြင် ခန်းမဆောင်များ အိပ်ခန်းများ၊ မီးဖိုခန်းများ ပါဝင်ပါတယ်။ လက်ရာမြောက်လှတဲ့ ရုပ်ပွားတော်တွေနဲ့ မဟာယာနဆိုင်ရာ ရုပ်တုတွေကိုလည်း ဒီလိုဏ်ဂူတွေထဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။

ဟိန္ဒူဘာသာဆိုင်ရာလိုဏ်ဂူများ (Hindu Caves in Ellora)

လိုဏ်ဂူအမှတ် (၁၃) ကနေ (၂၉) အထိသည် ဟိန္ဒူဘာသာဆိုင်ရာလိုဏ်ဂူတွေပဲဖြစ်ပါတယ်။ ဒီအထဲမှာ အစောဆုံးဖန်တီးခဲ့တဲ့ လိုဏ်ဂူကတော့ အမှတ် (၂၈) လိုဏ်ဂူဖြစ်ပါတယ်။

ဟိန္ဒူလိုဏ်ဂူတွေထဲမှာ လူသိများတဲ့ လိုဏ်ဂူကတော့ ဟိန္ဒူနတ်ဘုရားသီးကို ရည်စူး တည်ဆောက်ထားတဲ့ Dhumar Lena ဘုရားကျောင်း အမှတ် (၂၉) လိုဏ်ဂူဖြစ်ပါတယ်။

Dhumar Lena ဘုရားကျောင်းဟာ ပေ ၂၀၀ ဝန်းကျင်အကျယ် ရှိပြီး အမြင့် ၁၈ ပေခန့် ရှိပါတယ်။ ကြီးမားတဲ့ ခြင်္သေ့ရုပ်ကြီး ၂ ရုပ်နဲ့ ဆင်ရုပ်ငယ်ပေါင်းများစွာရှိပြီး တိုင်လုံးကြီးပေါင်း ၂၆ တိုင်ကို အောက်ခံအဖြစ်ထားရှိပါတယ်။

ဂျိန်းဘာသာဆိုင်ရာလိုဏ်ဂူများ (Jain Caves in Ellora)

Ellora လိုဏ်ဂူစုရဲ့ မြောက်ဘက်အဆုံးမှာ တည်ရှိနေတဲ့ လိုဏ်ဂူအမှတ် (၃၀) ကနေ (၃၄) အသိဟာ ဂျိန်းဘာသာဆိုင်ရာလိုဏ်ဂူတွေ ဖြစ်ပါတယ်။ နောက်အကျဆုံးတည်ဆောက်ခဲ့တဲ့ လိုဏ်ဂူတွေဖြစ်ပြီး အေဒီ ၉ ရာစုနဲ့ ၁၀ ရာစု ကြားမှာဆောက်ခဲ့တဲ့ လိုဏ်ဂူတွေဖြစ်ပါတယ်။ ဒီလိုဏ်ဂူတွေဟာ ဗုဒ္ဓလိုဏ်ဂူနဲ့ ဟိန္ဒူလိုဏ်ဂူ အဆောက်အအုံတွေထက် သေးငယ်ပေမဲ့ ပိုပြီး လက်ရာမြောက်စွာ ထွင်းထုထားပါတယ်။

ဂျိန်းလိုဏ်ဂူတွေမှာ လက်ရာအမြောက်ဆုံး ကတော့ အမှတ် (၃၂) Indra Sabha လိုဏ်ဂူ ဖြစ်ပါတယ်။ Kailasha ဘုရားကျောင်းနဲ့ကြမ်းပြင်ချင်း ဆင်တူပေမဲ့ အတက်အဆင်းလှေကား ဖန်တီးမှုမှာတော့ ဒီလိုဏ်ဂူက လက်ရာပိုမြောက် ပါတယ်။

လိုဏ်ဂူထဲမှာတော့ ဂျိန်းဘာသာဆိုင်ရာ အကြီးအကဲတွေဖြစ်တဲ့ Parasnath နဲ့ Gomateshwara ရုပ်ပုံတွေကို တွေ့ရမှာဖြစ်ပြီး အတွင်းဘက်ဆုံးမှာတော့ ဂျိန်းဘာသာတည်ထောင်သူ မဟာဝီရရဲ့ ရုပ်တုရှိနေပါတယ်။

လိုဏ်ဂူတည်ဆောက်သူတွေဟာ လိုဏ်ဂူတွေအထဲကို နေရဲ့အလင်းရောင် ရောက်ရှိစေဖို့ Multi-mirror နည်းပညာကို အသုံးပြု တည်ဆောက်ထားခဲ့ပေမဲ့ တချို့နေရာတွေကို အလင်းရောင်က ရောက်ခြင်းမရှိခဲ့ပါဘူး။

ထူးခြားတာ တစ်ခုကတော့ အလင်းရောင်အနည်းငယ်၊ သို့မဟုတ် ဘာအလင်းရောင်မှမရတဲ့နေရာမျိုးမှာ လက်ရာမြောက်တဲ့ ဒီဇိုင်းဗိသုကာတွေကို ဘယ်လို ဖန်တီးခဲ့သလဲဆိုတာပါ။

Elloora လိုဏ်ဂူစုဟာ သူနဲ့ဆင်တူဖြစ်တဲ့ အာဂျန်တာလိုဏ်ဂူစုနဲ့အတူ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် ၁၉၈၃ ခုနှစ်မှာ ယူနက်စကိုရဲ့ အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။ ဒီလိုဏ်ဂူတွေကို အင်္ဂါနေ့ကလွဲရင် နေထွက်မှ နေဝင်ချိန်အထိ လာ ရောက် လေ့လာကြည့်ရှုလိုသူများအတွက် ဖွင့်ပေးထားကြောင်း တင်ပြလိုက်ရပါတယ်။

Author:ကောင်စစ်ဟန်
Source:Thutazone , Wikipedia

Leave a Reply

Your email address will not be published. Required fields are marked *