ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးများ

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးများ

လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ခန့်ကတည်းက တရုတ်နိုင်ငံမှာ ခေါင်း‌လောင်းတွေကို စတင်အသုံးပြုခဲ့ကြပါတယ်။ အစောပိုင်းခေါင်းလောင်းတွေကို မြေနဲ့ဖန်တီးပြီး အလယ်မှာ ကြိုးနဲ့ချိတ်ဆွဲထားတဲ့ ခလောက်တစ်ခုပါရှိပါတယ်။

အဲဒီနောက်မှာတော့ သတ္တုခေါင်းလောင်းတွေကို ပုံစံအမျိုးမျိုးနဲ့ တိုးမြှင့်ဖန်တီးလာကြပြီး နေရာမျိုးစုံမှာ အသုံးပြုလာကြပါတယ်။ ခရစ်ယာန်ကျောင်းတွေမှာ ခေါင်းလောင်းတွေ ထားတတ်ကြသလို ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ဘုရား၊ ကျောင်းကန်၊ စေတီ၊ ပုထိုးတွေမှာလည်း ခေါင်းလောင်းတွေကို ချိတ်ဆွဲထားကာကို တွေ့ရှိရမှာဖြစ်ပါတယ်။

နိုင်ငံအသီးသီးတွေမှာ ခေါင်းလောင်းတွေကို အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုကြသလို သာသနာရေးကိစ္စများမှ နန်းတက်ပွဲ၊ လက်ထပ်ပွဲစသော မင်္ဂလာအခမ်းအနားများ၊ လွတ်လပ်ရေး အခမ်းအနား၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားတွေမှာ ခေါင်းလောင်းတွေကို ထိုးတတ်ကြပါတယ်။

စာဖတ်ပရိသတ်ကြီးအတွက် ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံး ခေါင်းလောင်းကြီးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၄။ ချီယွန်အင် ဘုရားကျောင်း ခေါင်းလောင်း (Chion-in Temple Bell)

Chion-in Temple Bellဟာ ဂျပန်နိုင်ငံ၊ ကျိုတိုမြို့ ဂျိုဒိုဗုဒ္ဓဘာသာဂိုဏ်းရဲ့နယ်မြေ Chion-in မှာတည်ရှိတဲ့ ခေါင်းလောင်းဖြစ်ပါတယ်။ ဂျပန်မှာတော့ ခေါင်းလောင်းတွေကို Bonsho လို့ ခေါ်ပြီး ဘုန်းကြီးတွေ စုရုံးတဲ့အခါမျိုးဒါမှမဟုတ် ဘုရား ဝတ်ပြုဖို့ ဆင့်ခေါ်တဲ့ အခါမျိုးမှာ အချက်ပေးဖို့ အနေနဲ့ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

Chion-in ဘုရားကျောင်း ခေါင်းလောင်းကတော့ ဂျပန်မှာ အကြီးဆုံးခေါင်းလောင်းဖြစ်ပြီး အလေးချိန် ၁၄၈၀၀၀ ပေါင်ရှိပါတယ်။ ဒီ ခေါင်းလောင်းကြီးကို ၁၆၃၃ ခုနှစ်မှာ သွန်းလောင်းခဲ့တာဖြစ်ပြီး ခေါင်းလောင်းထိုးဖို့ လူ ၁၇ ဦး လိုအပ်ပါတယ်။

၃။ မင်းကွန်း ခေါင်းလောင်း (Mingun Bell)

ကမ္ဘာ့တတိယအကြီးဆုံး ခေါင်းလောင်းဖြစ်တဲ့ မင်းကွန်းခေါင်းလောင်းတော်ကြီးကတော့ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ရှိပါတယ်။ ၁၈ဝ၈ ခုနှစ် ဘိုးတော်ဘုရားလက်ထက် ပန်းတဉ်းဝန် မဟာနန္ဒကျော်စွာ ဦးစီးသော ကြေးသွန်းလုပ်သားပညာရှင်များက သွန်းလောင်းခဲ့ကြရာ ၁၈၁၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ပါတယ်။

ခေါင်းလောင်းကြီးရဲ့ အချင်း ၁၆ ပေ ၈ လက်မ၊ လုံးပတ် ၅၀ ပေ ၉ လက်မ၊ အစောက် ၂၀ ပေ ၃ လက်မ၊ အလေးချိန် ၉၀ ဒသမ ၅၂ တန် (၁၉၅,၀၀၀ပေါင်)
ပိဿာချိန် ၅၅၅၅၅ ပိဿာရှိပြီး “မင်းဖြူမှန်မှန်ပြော” ဆိုသည်မှာ မင်းကွန်းခေါင်းလောင်းကြီး၏ အလေးချိန်ကို မှတ်သားဖော်ပြထားခြင်းဖြစ်ပါတယ်။

အေဒီ ၁၈၃၈ ခုနှစ်မှာ မြေငလျင်လှုပ်ခဲ့တာကြောင့် အနည်းငယ်နေရာရွှေ့ခဲ့ပြီး ၅ ပိဿာခန့် ပဲ့ဖူးပါတယ်။ ဧရာဝတီမီးသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုးအရာရှိတစ်ဦးက မူလသစ်သားရက်မပေါ်မှ ယခုရှိသော သံရက်မပေါ်သို့ ရွှေ့ပြောင်းတပ်ဆင်ပေးခဲ့ခြင်းဖြစ်ပါတယ်။

မင်းကွန်းခေါင်းလောင်းကြီးမှာ တိုင် ၁၆ တိုင်နဲ့ ဘုံပြာသာဒ် ၃ ဆင့်အမိုးတပ်ဆင်ထားပြီး ယနေ့ထိတိုင် ထိုး၍ အသံလွင်လွင်ပြည်ဆဲဖြစ်ပါတယ်။

၂။ Bell of Good Luck

ဒီခေါင်းလောင်းကြီးကတော့ တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ် Pingdingsham မြို့က Foquan ဘုရားကျောင်းမှာ တည်ရှိပါတယ်။ အမြင့် ၁၇ ပေနီးပါးခန့်ရှိတဲ့ ဒီခေါင်းလောင်းကြီးကို ၂၀၀၀ ပြည့်နှစ်မှာ Tianrui Group ကုမ္ပဏီက သွန်းလောင်းခဲ့တာဖြစ်ပါတယ်။

အလေးချိန် ၂၅၅၂၀၀ ပေါင်ရှိပါတယ်။ အမြင့် ၈ ဒသမ ၁၀၈ မီတာ၊ အချင်း ၅ ဒသမ ၁၁၈ မီတာရှိတဲ့ ဒီခေါင်းလောင်းကြီးဟာ ကမ္ဘာ ပေါ်က အသံမြည်နိုင်တဲ့ခေါင်းလောင်းတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။

၁။ ဆာ ခေါင်းလောင်း (Tsar Bell)

Tsar Bell ကတော့ ရုရှားနိုင်ငံ၊ ကရင်မလင် နန်းတော်အနီးမှာရှိပြီး ကမ္ဘာပေါ်မှာလူသိများတဲ့ အကြီးဆုံးခေါင်းလောင်းကြီးဖြစ်ပါတယ်။ခေါင်းလောင်းကြီးကို Tsrasky Kolokol၊ Royal Bell အစရှိသဖြင့် ခေါ်ကြပါသတယ်။

ထူးခြားနေတာတစ်ခုကတော့ ခေါင်းလောင်းကြီးမှာ ပဲ့ထွက်နေတဲ့အပိုင်းရှိပြီး အဲဒီအပဲ့ကြီးဟာ ၂၅၄၀၀ ပေါင် (၁၁ တန်) ခန့်အလေးချိန်ရှိပါတယ်။ ခေါင်းလောင်းကြီးရဲ့ စုစုပေါင်းအလေးချိန်ကတော့ ၂၀၁၉၂၄ ကီလိုဂရမ် (၄၄၅၁၆၆ပေါင်)၊ အမြင့် ၆ ဒသမ ၁၄ မီတာ (၂၀ ဒသမ ၁ ပေ) ၊ အချင်း ၆ ဒသမ ၆ မီတာ(၂၂ ပေ)နဲ့ အထူက တော့ ၂၄ လက်မရှိပါတယ်။

တည်ဆောက်သူတွေ ကတော့ သတ္တုရည်ကျိုပညာရှင်များဖြစ်တဲ့ Ivan Motorin နဲ့သားဖြစ်သူ Mikhail တို့ဖြစ် ပါတယ်။ခေါင်းလောင်း တည်ဆောက်မှုကို ၁၇၃၃ခုနှစ်မှာ စတင်ခဲ့ပြီး ၁၇၃၅ခုနှစ် နိုဝင်ဘာ၂၅ ရက်နေ့မှာတော့ သွန်းလောင်းမှု အောင်မြင်ခဲ့ပါတယ်။ ခေါင်းလောင်းပေါ်မှာတော့ နတ်သမီးရုပ်များ ၊ သူတော်စင်ရုပ်များ နဲ့ သခင်မ Anna ရဲ့ လူအရွယ်အစား အရုပ်တွေကို ပညာရှင်များက ရေးထွင်း အလှဆင်ထားပါတယ်။

ခေါင်းလောင်းကြီးရဲ့ အမြင့်ကတော့ ၂၀.၁ပေ ၊ အချင်းကတော့ ၂၂ပေ ရှိပြီး အလေးချိန်ကတော့ ၄၄၅၁၆၆ ပေါင်ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းဖြစ်ပေမယ့် သွန်းလောင်းမှု နည်းပညာ လိုအပ်ချက်ကြောင့် အသံမမြည်နိုင်တဲ့ ခေါင်းလောင်းကြီး ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

Credit_Author: ကောင်းစစ်ဟန်
Ref:Thutazone,wiki

Leave a Reply

Your email address will not be published. Required fields are marked *