သခင်မဲ့ ဆာမူရိုင်း(သို့မဟုတ်)လေလွင့်ဓါးသမားလို့ လူတွေသိကြတဲ့ ရိုနင်တွေရဲ့ အကြောင်း

သခင်မဲ့ ဆာမူရိုင်း(သို့မဟုတ်)လေလွင့်ဓါးသမားလို့ လူတွေသိကြတဲ့ ရိုနင်တွေရဲ့ အကြောင်း

ဆာမူရိုင်းလို့ ဆိုလိုက်တာနဲ့ အားလုံး ဘာကိုဆိုလိုသလဲ ဆိုတာ သိကြမှာပါ။ ရုပ်ရှင် ဇာတ်လမ်း တွေ၊ ရုပ်ပြ ကာတွန်းတွေနဲ့ ဝတ္ထုစာအုပ်တွေ ကနေတဆင့် တွေ့မြင် ရင်းနှီးခဲ့ကြတဲ့ သိပ်ကို ရဲရင့်ပြီး သစ္စာတရားနဲ့ သိက္ခာတရားကို အလေးအနက်ထားကြတဲ့ ဂျပန်ပြည်က စစ်သူရဲကောင်းတွေပေါ့။

ဒါပေမယ့် ဆာမူရိုင်းတွေ အားလုံးကတော့ သိက္ခာတရားနဲ့ နေကြသူတွေတော့ မဟုတ်ပါဘူး။ တစ်ချို့သော ဆာမူရိုင်းတွေကတော့ ဆာမူရိုင်းဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်ပြီး လုပ်ကြံသူလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်တဲ့ ရိုနင် (Ronin) ဘဝ ကို ရွေးချယ်ကြပါတယ်။

အဲဒီတော့ ရိုနင် ဆိုတာကို အတိအကျပြောရမယ်ဆိုရင် လေလွင့်နေတဲ့ ဆာမူရိုင်းဟောင်း တွေလို့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ တကယ်တမ်း အကျယ်ဖြန့်ပြီး အနက်ဖွင့်ဆိုရမယ်ဆိုရင်တော့ ရိုနင်ဆိုတာဟာ သခင်မရှိတဲ့ ဆာမူရိုင်းကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။

ဂျပန် ပဒေသရာဇ်ခေတ် ဖြစ်တဲ့ ၁၁၈၅ ခုနှစ် ကနေ ၁၈၆၉ ခုနှစ် အထိ ဆာမူရိုင်း တွေမှာ ဘူရှီဒို ရှိုရှင်ရှူ (Bushido Shoshinshu) လို့ခေါ်တဲ့ စည်းမျဉ်းတစ်ခု ရှိပါတယ်။ အဲဒီ စည်းမျဉ်းကတော့ ဆာမူရိုင်း တစ်ယောက်ဟာ သူခစားရာ အထက်က သခင် သေဆုံးသွားခဲ့ရင် ဟာရာကီရီ ( Hara Kiri) လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းကို လုပ်ဆောင်ရပါတယ်။

ဒါပေမယ့် တကယ်တမ်း သခင်မဲ့သွားတဲ့ အချိန်မှာ ဆာမူရိုင်း တစ်ယောက်ဟာ အဲဒီစည်းမျဉ်းကို မလိုက်နာဘူး ဆိုရင်တော့ အထက်ကပြောသလို လေလွင့် ဆာမူရိုင်းဟောင်း ရိုနင် တွေ ဖြစ်လာကြ ပါတယ် ။

တစ်ခေတ်တစ်ခါတုန်းကတော့ တစ်ချို့သော ဆာမူရိုင်း တွေဟာ တိုခုဂါဝါ ရှိုဂန်နိတ် (Tokugawa Shogunate) လို့ခေါ်တဲ့ အစိုးရကို ဆန့်ကျင့်ဖို့အတွက် ရိုနင် အဖြစ်ကို ရည်ရွယ်ချက်ရှိစွာ ခံယူတက်ကြပါတယ်။

ချမှတ်ထားတဲ့ စည်းမျဉ်းတွေမရှိ၊ လိုက်နာ ရမယ့် ကျင့်ဝတ်တွေနဲ့ စောင့်ထိန်းရမယ့် သိက္ခာနဲ့ သစ္စာတရားတွေ မရှိတာကြောင့် ရိုနင် တွေဟာ လွတ်လပ်စွာပဲ အစိုးရကို ဆန့်ကျင်ကြပါတယ် ။

အဲဒီလို နိုင်ငံရေးနဲ့ စစ်ရေးစစ်ရာတွေ ရှုပ်ထွေးနေချိန်မှာ တစ်ချို့သခင်တွေဟာ သူတို့ရဲ့ လက်အောက်ခံ ဆာမူရိုင်း တွေကို ရိုနင် အဖြစ် ခံယူခိုင်းကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလို လုပ်လိုက်တဲ့အခါ သူတို့ရဲ့နာမည်နဲ့ ဂုဏ်သိက္ခာကို မထိခိုက်ဘဲ လက်ရှိအုပ်စိုးနေတဲ့ စနစ်ကို ဆန့်ကျင်နိုင်မှာ ဖြစ်ပါတယ် ။

တိုခုဂါဝါ အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလမှာ ပြောင်းလဲလာတဲ့ စနစ်အသစ်တွေကို ပြည်နယ်အသီးသီးက ဒိုင်မျို တွေနဲ့ အရှင်သခင်တွေဟာ မနှစ်မြို့တာကြောင့် ရိုနင် အရေအတွက်ဟာ ဂျပန်နိုင်ငံမှာ မြင့်တက်လာခဲ့ပါတယ်။

ဆာမူရိုင်းဆိုတဲ့ စစ်သူရဲကောင်းတွေဆီမှာ ရှိတဲ့ ကန့်သတ်ချက် အတိုင်း ဆာမူရိုင်း တစ်ယောက်ဟာ သူ့အထက်က သခင်ရဲ့ ခွင့်ပြုချက်မရပဲ အခြား သခင်တစ်ယောက်ထံမှာ အမှုထမ်းခွင့်မရှိဆိုတဲ့ ဥပဒေကြောင့် ဆာမူရိုင်း အများစုဟာ လက်ရှိ သခင်တွေဆီက ထွက်ခွာပြီး ရိုနင်အဖြစ်နဲ့ အစိုးရကို အတိအလင်း ဆန့်ကျင်လာကြ ပါတယ်။

အကြောင်း တစ်ခုခုကြောင့် သခင်သေဆုံးတာဖြစ်စေ၊ သခင်ရဲ့ စွန့်ပစ်ခြင်းကို ခံရတာမျိုးဖြစ်စေ၊ အစရှိတဲ့ ကိစ္စမျိုးဖြစ်လာတဲ့ အချိန်မှာ ဆာမူရိုင်း တွေဟာ ပြဠာန်းထားတဲ့ ဥပဒေအရ အခြား သခင် တစ်ယောက်အောက်မှာ အမှုထမ်းခွင့် မရှိတာကြောင့် အသက်မွေးဝမ်းကြောင်းပြုဖို့ လုပ်ငန်းရှာရပါတယ်။

ဒါပေမယ့် စစ်ပညာရပ်နဲ့ ဓားရေးကျွမ်းကျင်မှုက လွဲပြီး အခြား ဘယ်လို ပညာရပ်မှ မတက်ကျွမ်းတာကြောင့် သခင်မဲ့တဲ့ ဆာမူရိုင်း တွေဟာ နောက်ဆုံးမှာ ရိုနင်တွေ အဖြစ်နဲ့ အခကြေးငွေယူတဲ့ လုပ်ကြံတိုက်ခိုက်သူ ( Assassin ) တွေ ဖြစ်လာကြပါတယ်။

ရိုနင် အများစုကတော့ ဓားနှစ်လက်ကို ခါးမှာ ချိတ်ဆွဲပြီး လက်နက် အဖြစ်အသုံးပြုကြပါတယ် ။ ဒါတင်မက တစ်ခြား လက်နက်ပုန်းများစွာ ကိုလည်း အသုံးပြုကြပါ သေးတယ်။ ငွေကြေး ချို့တဲ့သူတွေ ကတော့ ဓားရေး လေ့ကျင့်ရာမှာ သုံးတဲ့ ဝါးစိမ်းတုတ် အရှည်ကို လက်နက်အဖြစ် ကိုင်ဆောင်တတ်ကြ ပါတယ် ။

သမိုင်းကြောင်းတစ်လျှောက်မှာမှ နာမည်ကြီးတဲ့ ရိုနင် အဖွဲ့ကတော့ 47 Ronins ဆိုတဲ့ ရိုနင် လေးဆယ့်ခုနှစ်ဦး အဖွဲ့ပဲ ဖြစ်ပါတယ်။သူတို့ရဲ့သခင်ဖြစ်သူ အဆနို နာဂနိုရိ (Asano Naganori)ဟာ ကီရာ ရိုရှီနာခါ ( Kira Yoshinaka ) လို့အမည်ရတဲ့ အစိုးရအရာရှိ တစ်ယောက်ကို ကိုယ်ထိလက်ရောက် စော်ကားမှုကြောင့် ကိုယ့်ကိုယ်ကိုယ် ( Hara Kiri ) လုပ်ပြီး အဆုံးစီရင်ဖို့ တွန်းအားပေးခံရတဲ့ အခါမှာ သခင်မဲ့သွားတဲ့ ဆာမူရိုင်း ၄၇ ဦး ရိုနင်တွေ ဖြစ်လာကြပြီး ကွယ်လွန်သွားတဲ့ သခင်အတွက် အမှန်တရားကို ပြန်လည်ယူဆောင်ပြီး လက်စားချေဖို့ သစ္စာဆိုခဲ့ကြပါတယ် ။

ဒီလိုနဲ့ တစ်နှစ်ကျော် နှစ်နှစ်နီးပါး ပြင်ဆင်မှုတွေ အပြီး ၁၇၀၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ နှင်းမုန်တိုင်းတွေ တိုက်ခတ်နေတဲ့ ည တစ်ညမှာတော့ အဲဒီ ရိုနင် ၄၇ ယောက်ဟာ ကီရာရဲ့နေအိမ်ကို အုပ်စု နှစ်စုခွဲပြီး အိမ်အရှေ့ဖက်က တစ်ဖွဲ့၊ အိမ် အနောက်ကတစ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြ ပါတယ်။

ဒါပေမယ့် အိမ်ထဲက လူအားလုံးကို မသုတ်သင်ပဲ ကီရာနဲ့ သူ့နောက်လိုက် ၁၄ ဦးကိုသာ ကလဲ့စား ချေတဲ့ အနေနဲ့ သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ ဒီလုပ်ကြံတိုက်ခိုက်မှုဟာ တရားမဝင်ပေမယ့် ဂျပန်ပြည် အစိုးရဟာ အဲဒီ ရိုနင် ၄၇ ဦးရဲ့ ရဲရင့်မှု၊ သတ္တိနဲ့ တည်တံ့လှတဲ့ သစ္စာတရားကို လေးစားတဲ့ အနေနဲ့ ဆာမူရိုင်း တွေရဲ့ထုံးတမ်း အစဉ်အလာဖြစ်တဲ့ ဟာရာကီရီ နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေစေဖို့ ခွင့်ပြုခဲ့ပြီး တိုကျိုမြို့ ဆန်ဂါခုဂျီ ( Sengakuji ) ဘုရားကျောင်းမှာ ရုပ်အလောင်းတွေကို မြှုပ်နှံစေခဲ့ပါတယ် ။

ဆာမူရိုင်း ဒါမှမဟုတ် ရိုနင်တွေရဲ့အခုလို သမိုင်းဝင်ဖြစ်ရပ်ကို ပြန်လည် အသက်သွင်းတဲ့ အနေနဲ့ ၂၀၁၃ ခုနှစ် မှာ နာမည်ကျော် မင်းသား Keanu Reeves ဦးဆောင် ပါဝင်တဲ့ 47 Roninsဆိုတဲ့ ရုပ်ရှင် ထွက်ခဲ့တာကြောင့် ရိုနင် ဆိုတဲ့ စကားလုံးဟာ လူတော်တော်များများနဲ့လည်း မစိမ်းတဲ့ စကားလုံးဖြစ်ခဲ့ ပါတယ်။ဒီဖြစ်ရပ်အပြင် သမိုင်းတစ်လျှောက်မှာ နာမည်ကြီးတဲ့ နောက်ထပ် ရိုနင် တစ်ယောက်ကတော့ မီရာမိုတို မူဆာရှီ (Miyamoto Musashi ) ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ မသိတဲ့သူ ရှားပါးပါတယ်။

ဘာကြောင့်လည်းဆိုတော့ မီရာမိုတိုဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အတော်ဆုံးဓားသမားလို့ သတ်မှတ်ခံထားရတဲ့သူ တစ်ယောက်ဖြစ်လို့ပါပဲ။ အသက် ၁၃ နှစ်သား အရွယ်ကစလို့ တတ်ပေ့၊ ကျွမ်းပေ့ဆိုတဲ့ ဓားပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက်နဲ့ စိန်ခေါ် စီးချင်းထိုးခဲ့ပြီး နောက်ဆုံး အနားယူတဲ့ အချိန်အထိ ရှုံးပွဲမရှိခဲ့လို့ပါပဲ။

သူ့ရဲ့အတွေးအခေါ်တွေ၊ သင်ကြားမှုတွေဟာ သိပ်ကိုကောင်းမွန်သလို ဓားပညာမှာ ပြိုင်ဘက်မရှိဘွဲ့ကို ရခဲ့တာကြောင့် ဂျပန် သာမက ကမ္ဘာ့သမိုင်းမှာပါ အားလုံး အမှတ်ရနေကြတဲ့ ရိုနင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ရိုနင်ဆိုတာ ဘာလဲ။လေလွင့်နေတဲ့ ဆာမူရိုင်းတွေနဲ့ သူတို့ရဲ့သမိုင်းဝင် ဖြစ်ရပ်တွေကို သိရှိသွားလောက်ပြီ ထင်ပါတယ်။

Ref: Historycollections
ခရက်ဒစ်: Wine & Yan

Leave a Reply

Your email address will not be published.