စိုးရိမ်ဖွယ်ရာ အန္တရာယ်ကျရောက်နေသော အာရှဒေသရှိ တိရစ္ဆာန်များ
ကမ္ဘာ၏ အလျင်မြန်ဆုံးတိုးတက်နေသော မြို့တော်များ တည်ရှိနေသည့် အာရှဒေသသည် လျင်မြန်စွာဖွံ့ဖြိုးလျက်ရှိနေသည်။ သို့သော်လည်း ကျွန်ုပ်တို့ မေ့လျော့နေသည်မှာ ကမ္ဘာမြေသည် ကျွန်ုပ်တို့ မိတ်ဆွေ တိရစ္ဆာန်များ၏ နေအိမ်လည်းဖြစ်နေသည်ဆိုခြင်းပင်။
လူမှုအဖွဲ့အစည်း တိုးတက်မှုကြောင့် ကြီးမားသော အန္တရာယ်ကျရောက်လာနေသည့် တိရစ္ဆာန်အချို့ကို တင်ပြလိုက်ရပါသည်။
၁။ Amur Leopard (ရုရုား၊ တရုတ်၊ မြောက်ကိုရီးယား)
Amur ကျားသစ်သည် နယ်နိမိတ်ကန့်သတ်ချက်မရှိဘဲ တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့တွင် နေထိုင်လျက်ရှိသည်ကို တွေ့ရှိရသည်။ အများစုမှာ တစ်ကိုယ်တည်း ရှင်သန်နေထိုင်ကြပြီး မြင့်မားသော အမြန်နှုန်းဖြင့် ပြေးလွှားနိုင်သော စွမ်းရည်ရှိသည်။
သို့သော်လည်း အခြားကျားသစ်များ နှင့် ကွဲပြားပြားနားသည်မှာ Amur ကျားသစ်များသည် ၄င်းဒေသ၏ အေးခဲသောရာသီဥတုနှင့် အသားကျနေခြင်းဖြစ်သည်။
ယနေ့အချိန်တွင် တောရိုင်းများထဲ၌ Amur ကျားသစ် ၈၄ ကောင်သာ ကျန်ရစ်တော့သော်လည်း တစ်ချိန်က စိုးရိမ်ဖွယ်ရာဖြစ်ခဲ့သော Amur ကျားသစ်များသည်လည်း ဆက်လက်ကျန်ရှိ နေသေးခြင်းပင်ဖြစ်သည်။
၂။ Wild Bactrian Camel (တရုတ်၊မွန်ဂိုလီးယား)
တောရိုင်းကုလားအုတ်ဘတစ်မျိုးဖြစ်သည့် Wild Bactriam Camel များသည် တရုတ်နိုင်ငံမြောက်ပိုင်း နှင့် မွန်ဂိုလီးယားတောင်ပိုင်းရှိ ဂိုဘီသဲကန္တာရတွင် နေထိုင် ကြပြီး အခြားကုလားအုတ်တစ်မျိုးဖြစ်သည့် Camelus bactrianus ထက် မျိုးစိတ်ပိုမိုသေးငယ်သည်။
တောရိုင်းကုလားအုတ်သည် ယနေ့ခေတ်တည်ရှိနေသော မျိုးစိတ်များထဲတွင် တစ်ခုတည်းသော တောရိုင်းအမျိုးအစားဖြစ်ပြီး ကျန်မျိုးစိတ်အများစုမှာ ယဉ်ပါးသောအခြေအနေသို့ ရောက်ရှိသွားကြပြီဖြစ်သည်။
Wild Bactrian Camel အား ၄င်း၏ အသားကို ရယူလိုမှုအတွက် အမဲလိုက်ခဲ့ကြပြီး လက်ရှိတွင် ကမ္ဘာပေါ်မှာ ဆဋ္ဌမမြောက်စိုးရိမ်ဖွယ်ရာ အန္တရာယ်ရှိသော ကြီးမားသည့် နို့တိုက်သတ္တဝါဖြစ်နေသည်။
၄င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အစီအစဉ်များကို ဆွေးနွေးခဲ့ပြီးနောက်ပိုင်း တောရိုင်းကုလားအုတ်ကာကွယ်ရေး ဖောင်ဒေးရှင်းက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
၃။ South China Tiger (တရုတ်)
South China Tiger ဟုခေါ်သော ကျားမျိုးများကို အာရှဒေသရှိ တောနက်များထဲတွင် မတွေ့ရှိရသည်မှာ ၂၅ နှစ်ခန့်ရှိသွားပြီဖြစ်သည်။ ကနဦးအစာပိုင်းက စိုက်ခင်းသီးနှံများကို ဖျက်ဆီးသည့်အတွက်၊၄င်းတို့၏ သားရေကိုလည်း လိုအပ်သည့် အတွက် အမဲလိုက်ခဲ့ကြရာမှ ၁၉၆၇ ခုနှစ်တွင် ကျားကောင် ရေ ၄ဝ ခန့်သာရှိတော့သည်။ ယနေ့ ကာလတွင် အဆိုပါကျားမျိုးများသည် စီချွမ်၊ ဂွမ်ဒေါင်း၊ ဟူနန်း ကျန်ရှီနှင့် ဖူကျင့်ခရိုင်များထဲတွင် ဆက်လက်ရှိနေသည်မှာ မသေချာတော့ပေ။
၄။ Bornean Orangutan (မလေးရှား)
ဘော်နီယို မျောက်ဝံများတည်ရှိနေမှုကို သစ်တောများပြုန်းတီးလာမှုနှင့် ဆီအုန်းစိုက်ခင်းများ များပြားလာမှုကြောင့် အသက်ရှင်သန်မှု ခက်ခဲလာခဲ့ကာ ပြီးခဲ့သည့်ဆယ်စုနှစ် ၂ ခုအတွင်း ၄င်းတို့၏ အရေအတွက်ထက်ဝက်ကျော် ဆုံးရှုံး သွားခဲ့ရသည်။
ပြီးခဲ့သည့်အနှစ် ၆ဝ အတွင်းဘော်နီယို မျောက်ဝံအရေအတွက် တစ်ဝက်ခန့်မှာ လည်း မျိုးသုဉ်းပျောက်ကွယ်ခဲ့သည်။ သစ်တောများထဲတွင် မျောက်ကောင်ရေ ၁၀၄၇ဝဝ ခန့်ရှိ နေသော်လည်း ဘော်နီယိုအနောက်မြောက်ပိုင်းရှိ မျိုးစိတ်များမှာ ကြီးမားပြင်းထန်သော အန္တရာယ် ကျရောက်လျက်ရှိသည်။
ကောင်ရေ ၁၅ဝဝ သာ ကျန်ရှိတော့သည်ဟု ခန့်မှန်းကြပြီး နေထိုင်ရာ ပြောင်းရွှေ့သွားခြင်းကြောင့်သာ မဟုတ်ဘဲ အမဲလိုက်ခြင်းကြောင့်လည်း ဆုံးရှုံးပျောက် ကွယ်သွားခြင်းဖြစ်သည်ဟု သိရသည်။
၅။ ဆူမတြာဆင်(အင်ဒိုနီးရှား)
ဆူမတြာဆင်များသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်မှုတွင် ကောင်းမွန်စွာ ပြုမူဆောင်ရွက်နေခြင်းဖြင့် ဆူမတြာကျား၊ မျောက်ဝံနှင့်ကြံ့တို့ကဲ့သို့ မျိုးသုဉ်းမှု အန္တရာယ်ရှိနေသည့် တိရစ္ဆာန်မျိုးစိတ်များကို လည်းသွယ်ဝိုက်၍ အကာအကွယ်ပေးလျက်ရှိနေပါသည်။
သို့သော်လည်း ခန့်မှန်းခြေ ကောင်ရေ ၂၅၀၀ ခန့်သာ ယခုအချိန်တွင် တောထဲ၌ရှိနေပြီး လူသားများ၏ နယ်မြေတိုးချဲ့နေထိုင်လာမှုများကြောင့် ၇၀ ရာခိုင်နှုန်းပျောက်ကွယ်ခဲ့ရသည်။ လက်ရှိ ကောင်ရေအားလုံးမှာ ဆယ်စုနှစ်တစ်ခု အတွင်း မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည်ဟု ခန့်မှန်းထားကြသည်။
၆။ ဂျာဗားကြံ့(အင်ဒိုနီးရှား)
ဂျာဗားကြံ့များသည် တစ်ချိန်က အိန္ဒိယအရှေ့မြောက်ပိုင်းနှင့်တောင်အာရှဒေသများမှ ရွှေ့ပြောင်း ရောက်ရှိလာကြခြင်းဖြစ်ပြီး ၄င်းတို့၏ ဦးချို များအတွက် အမဲလိုက်ခြင်းကို ခံခဲ့ကြရသည်။
၄င်းဦးချိုများကို ရိုးရာတိုင်းရင်းဆေးများ ဖော်စပ်ရာတွင် အသုံးပြုခဲ့ကြခြင်းဖြစ်ပြီး ၄င်းတို့၏ အရေခွံများမှာလည်း အကာအကွယ်ပစ္စည်းများ ပြုလုပ်ရန် လုံလောက်သည့်မာကျောမှုရှိသည်။
ယနေ့အချိန်တွင် အဆိုပါကြံ့ကောင်ရေ ၆ ကောင်သာကျန်ရှိတော့ပြီး ဂျာဗားကျွန်းရှိ Ujung Kulon အမျိုးသား ဥယျာဉ်တွင်သာ တွေ့ရှိနိုင်တော့သည်။ ကြံ့များကိုအမဲလိုက်ခြင်းမှ တားမြစ်ထားသော်လည်း မျိုးပွားမွေးမြူရာတွင် မျိုးရိုးဗီဇဆိုင်ရာပြဿနာများကြောင့် ရေရှည်တွင် မျိုးသုဉ်းပျောက်ကွယ်တော့မည့် အခြေအနေကိုရင်ဆိုင်နေရသည်။
၇။ Saola (ဗီယက်နမ်၊လာအို)
Saola ဟုခေါ်ဝေါ်သည့် ဗီယက်နမ်တွင် ပေါက်ဖွားနေထိုင်သော သမင်နှင့် ဆင်တူသည့် တောဆိတ် မျိုးစိတ်များမှာလည်း မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသည်။
Saola မှာ အမှန် တကယ်အားဖြင့် နွားများ၊ ကျွဲများနှင့်နီးကပ်စွာတူညီဆက်စပ်မှုရှိသည်။ ၄င်းတို့၏ဦးချိုနှင့် ရှားပါးမှုတို့ကို အစွဲပြု၍ Asian Unicorns ဟု ခေါ်ဝေါ်ကြသည်။
၄င်းတိရစ္ဆာန်များသည် ဗီယက်နမ်နှင့် လာအိုနိုင်ငံများရှိ Annamite တောင်တန်းများတွင် နေထိုင်ကြပြီး မြစ်များ၊ တောင်ကြားများနှင့် နီးစပ်သောနေရာများတွင်နေထိုင်ကြသည်။
Saola များမှာ လက်ရှိအချိန်တွင် ပြင်းထန်သော မျိုးသုဉ်းပျောက်ကွယ်မှုနှင့်ရင်ဆိုင်နေရကာ အကြောင်းရင်းများမှာ ရာသီဥတုပြောင်းလဲမှု၊ လက်ရှိနေထိုင်သည့် ကောင်ရေ လျော့နည်းလာမှု၊ အမဲလိုက်မှု၊ သားရေနှင့် အသားများကို အသုံးပြုမှုတို့ကြောင့် အကောင်ရေ မည်မျှကျန်ရစ်သည်ကို မသိရှိနိုင်တော့ပေ။
၈။ မလေးရှားကျား(မလေးရှား၊ ထိုင်း)
ကနဦးကာလက အင်ဒိုချိုင်းနားကျားများဟု မှားယွင်းစွာသတ်မှတ်ခဲ့သော မလေးရှားကျားများမှာ ၄င်းတို့၏ သီးခြားကိုယ်ပိုင်လက္ခဏာသတ်မှတ်မှုကို ၂၀၁၄ ခုနှစ်တွင်မှ ရရှိခဲ့သည်။
အမျိုးသား တိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရသည့် မလေးရှားကျားများမှာ မလေးကျွန်းဆွယ်နှင့် ထိုင်းနိုင်ငံ တောင်ပိုင်းစွန်းဒေသများတွင်သာတွေ့ ရှိကြရပြီး သစ်ထုတ်လုပ်မှုနှင့် လမ်းများတိုးချဲ့ဖောက်လုပ်မှုများကြောင့် အမြဲတစေခြိမ်းခြောက်မှုခံနေကြရသည်။
မှောင်ခိုဈေးကွက်တွင် ရောင်းချရန် ဖမ်းဆီးခြင်းခံနေကြရပြီး တိုင်းရင်းဆေးပညာနှင့် ကြွယ်ဝချမ်းသာမှုများပြသရန်အတွက် ၄င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အသုံးချခံနေကြရသည်။
Author:ခေတ်ညီ