တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ အိမ်ပြာတော် အကြောင်း

တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ အိမ်ပြာတော် အကြောင်း

စာဖတ်ပရိသတ်ကြီးအနေနဲ့ အိမ်ဖြူတော်လို့ ဆိုလိုက်တာနဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ အမေရိကန်သမ္မတတွေ နေထိုင်တဲ့ အဆောက်အအုံဆိုတာကို အားလုံးသိကြပြီးဖြစ်မှာပါ။

ဒီတစ်ခါမှာတော့ အမေရိကန်လိုပဲ တောင်ကိုရီးယားရဲ့ သမ္မတနေထိုင်တဲ့အိမ်ကိုလည်း အိမ်ပြာတော်(Blue House)လို့ခေါ်ပြီး ဗဟုသုတအနေနဲ့ သိရှိစေရန်ဖော်ပြ ပေးလိုက်ပါတယ်။

တောင်ကိုရီးယားသမ္မတနေထိုင်ရာအိမ်တော်ကို အိမ်ပြာတော် (Blue House)လို့ အမည်တွင်ပြီး ကိုရီးယားနိုင်ငံသားတွေကတော့ Cheong Wa Dae (ချောင်ဝါခဲ) လို့ခေါ်ဆိုကြကာ တောင်ကိုရီးယားရိုးရာဒီဇိုင်း ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ထားပါတယ်။

အာရှရဲ့ အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အိမ်ပြာတော်ဟာ တည်ဆောက်မှုလက်ရာပုံစံဒီဇိုင်းနဲ့ နောက်ခံ သမိုင်းတွေကြောင့် ထင်ရှားတဲ့သမ္မတနေအိမ်တစ်ခု ဖြစ်ပါတယ်။

Blue House ဟာ တောင်ကိုရီးယားနိုင်ငံ၊ မြို့တော်ဆိုးလ်ရဲ့ Jongno ခရိုင်အတွင်းက Joseon မင်းဆက်ရဲ့တော်ဝင်ဥယျာဉ်မှာ တည်ဆောက်ထားရှိ ပါတယ်။Joseon မင်းဆက်ဟာ ၁၃၉၂ ခုနှစ်ကနေ ၁၉၁ဝ ပြည့်နှစ်အထိ တောင်ကိုရီးယားနိုင်ငံကို ရာစုနှစ် ၅ စုလောက် အုပ်စိုးသွားခဲ့ပြီး ကိုရီးယားသမိုင်းရဲ့ နာမည်ကျော် မင်းဆက်တွေထဲက တစ်ခုဖြစ်ပါတယ်။ .

အိမ်ပြာတော်ဟာ အဆောက်အအုံတစ်ခုတည်း မဟုတ်ဘဲ အခြားအဆောက်အအုံများစွာစုပေါင်း တည်ဆောက်ထားတဲ့ Complex တစ်ခုဖြစ်ပြီး အစည်းအဝေးရုံးခန်းတွေ အခမ်းအနားကျင်းပရာ ခန်းမတွေနဲ့ သမ္မတက နိုင်ငံပိုင်ရုပ်သံတွေကနေ ပြည်သူကိုတိုက် ရိုက်မိန့်ခွန်းပြောကြားတဲ့ သီးသန့်အခန်းတွေအပြင် လုံခြုံရေးသတင်းအချက်အလက်ဆိုင်ရာ အဆောက် အအုံများစွာလည်း ပါဝင်လို့နေပါတယ်။

Blue House ဟာ အာရှရဲ့လုံခြုံရေး ထူထပ်မှုအများဆုံးသော အဆောက်အအုံစာရင်းမှာ ထိပ်တန်းနေရာက ပါဝင်နေပြီး အကျယ်အဝန်းအားဖြင့် ၂၅၀၀၀၀ စတုရန်း မီတာ (၆၂ ဧက) လောက်ရှိပါတယ်။

အိမ်ပြာတော်သမိုင်းကြောင်း

Blue House တည်ရှိတဲ့ နေရာဟာ မူလက Goryeo မင်းဆက်တွေရဲ့ တောင်ပိုင်းမြို့တော် Hanyang (ဆိုးလ်မြို့ရဲ့ မူလအမည်)မှာ တည်ထားတဲ့ တော်ဝင်အဆောက် အအုံ မြေနေရာ ဖြစ်ပါတယ်။ ၁ဝ၉၅ ခုနှစ်မှ ၁၁ဝ၅ ခုနှစ်အထိ နန်းတက်လာခဲ့တဲ့ ဘုရင် Sukjong က တော်ဝင်အဆောက်အအုံကို ၁၁ဝ၄ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပါတယ်။

Goryeo မင်းဆက်တွေ အစဉ်တစိုက်မြို့တော်အဖြစ် Kaesong ကို သတ်မှတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ကိုရီးယားရဲ့ အရှေ့ဘက်မြို့တော် Gyeongju အနောက်ဘက်မြို့တော် Pyongyang တွေကို တည်ထားခဲ့ကြပါတယ်။

Joseon မင်းဆက်လက်ထက် (၁၃၉၂-၁၈၉၇) ရောက်ချိန်မှာတော့ မူလကနိုင်ငံမြို့တော် Kaesong ကနေ တောင်ဘက်ပိုင်းရဲ့ မြို့တော် Hanyang (ယခု ဆိုးလ်မြို့) ကို ပြောင်းရွှေ့စိုးစံခဲ့ပါတယ်။

မြို့တော်ကို ပြောင်းရွှေ့ပြီးချိန်မှာတော့ ဘုရင် Joseon မင်းဆက်ရဲ့ ပထမဆုံးဘုရင် Taejo ဟာ Gyeongbok နန်းတော်ကို ၁၃၉၅ ခုနှစ်က ယခု Blue House ရဲ့ မြေနေရာမှာ တည်ဆောက်ခဲ့ပါတယ်။

ဥယျာဉ်ကြီးကို နောက်ခံ ပြုတည်ဆောက်ထားတဲ့ Gyeongbok နန်းတော် ကြီးဟာ ယင်းခေတ်ကာလက စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးနယ်မြေ ဖြစ်ခဲ့တဲ့အပြင် နန်းတွင်းမှူးမတ် အရာရှိများ ရွေးချယ်ခန့်အပ်တဲ့ စာမေးပွဲတွေ ကျင်းပရာ ရင်ပြင်ကြီးလည်း ဖြစ်ခဲ့ပါ တယ်။

၁၉၁ဝ ပြည့်နှစ်ရောက်ချိန်မှာတော့ ကိုရီးယားနိုင်ငံဟာ ဂျပန်တွေရဲ့ လက်အောက်ကို ရောက်ရှိခဲ့ပြီး Gyeongbok နန်းတော်ကလည်း ဂျပန်အစိုးရရဲ့ အဓိက ရုံးစိုက်ရာ အဆောက်အအုံဖြစ်သွားခဲ့ပါတယ်။ ယင်းနေရာမှာပဲ ဂျပန်ဘုရင်ခံရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ အုပ်ချုပ်ရေးရုံးကို ၁၉၃၉ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့ပါတယ်။

ဂျပန်တွေဟာ ကိုရီးယားနိုင်ငံကို ၁၉၁ဝ ပြည့်နှစ်ကနေ ၁၉၄၅ ခုနှစ်အထိ သိမ်းပိုက်အုပ်ချုပ်ခဲ့တာဖြစ်ပြီး များစွာသော လူမျိုးရေးအရှုပ်အထွေးတွေကြောင့် ယနေ့ အချိန်ထိ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ တည်ငြိမ်မှု ရှိမနေသေးတာတွေ့ရမှာ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်မှာတော့ ကိုရီးယားသမ္မတနိုင်ငံ (Republic of Korea) ရယ်လို့ ဖြစ် ပေါ်လာခဲ့ပြီး ပထမဆုံးသမ္မတ Syngman Rhee လက်ထက်မှာတော့ ယင်း BluenHouse နေရာမှာပဲ ရုံးစိုက်ခဲ့ပြီး Gyeongmudae ဆိုတဲ့ အမည်ကို ပေးခဲ့ပါတယ်။

၁၉၆ဝ ပြည့်နှစ် သမ္မတ Yun Boseon လက်ထက်မှာတော့ ၎င်းအဆောက်အအုံရဲ့ နာမည်ကို Gyeong-mudae ကနေ ယခုတိုင် တောင်ကိုရီးယားသားတွေခေါ်ဆိုတဲ့ Cheong Wa Dae ဆိုတဲ့အမည်ကို ပြောင်းလဲပေးခဲ့ပါတယ်။

၁၉၆၈ ခုနှစ် ကာလကတော့ မြောက်ကိုရီးယား အေးဂျင့်(North Korean infiltrators) တွေဟာ တောင်ကိုရီးယားသမ္မတ Park Chung-hee ကို လုပ်ကြံဖို့ Blue House အတွင်းထိ ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် မြောက်ကိုရီးယား ၂၈ ယောက်၊ တောင်ကိုရီးယား ၂၆ ယောက်နဲ့ အမေရိကန်နိုင်ငံသား ၄ ယောက်အထိ ဆုံးပါးခဲ့ရပါတယ်။

တောင်ကိုရီးယား သမ္မတတွေဖြစ်တဲ့ Park Chung-hee၊ Choi Kyu-hah နဲ့ Chun Doo-hwan တို့ လက်ထက်မှာလည်း Blue House ကိုပဲ လုံခြုံရေး အဆင့်မြှင့်တင်ပြီး ၎င်းတို့နေထိုင်ရာနေရာနဲ့ ရုံးခန်း အဖြစ်ဆက်လက်ထားရှိခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာ တောင်ကိုရီးယားသမ္မတ Roh Tae -woo လက်ထက်မှာတော့ ရုံးခန်းသစ်၊အဆောက်အအုံသစ်တွေ Blue House အတွင်း ထပ်မံတိုးချဲ့တည်ဆောက်ခဲ့ပြီး ၁၉၉၁ခုနှစ်၊ ဧပြီလမှာ သမ္မတရုံးခန်းအသစ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

၎င်းရုံးခန်းသစ်ဟာ ဂျပန်တွေ တည်ဆောက်ထားတဲ့ ရုံးခန်းနေရာကို ဖြိုဖျက်လိုက်ပြီး ယင်းနေရာမှာပဲ အသစ်ထပ်မံတည်ဆောက်ထားခဲ့တဲ့ ရုံးခန်းဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတနဲ့ အိမ်ပြာတော်ကို အဓိက အနီးကပ်ကာကွယ်စောင့်ရှောက်နေတဲ့ အဖွဲ့ကတော့ PSS (Presidential Security Service) အဖွဲ့ဖြစ်ပါတယ်။ ဒီလုံခြုံရေးအေဂျင်စီကို ၁၉၆၃ ခုနှစ် ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ ဌာနချုပ်ကိုလည်း အိမ်ပြာတော်ရဲ့ အနီးမှာပဲထားရှိထားပါတယ်။

ပညာရှင်တွေကတော့ Blue House တည်ရှိရာ နေရာဟာ အတိတ်နိမိတ်ကောင်းများစွာ တည်ရှိရာအရပ်ဖြစ်တယ်လို့ယူဆကြပါတယ်။ အိမ်ပြာတော်ရဲ့ မြောက်ဘက်မှာ Bukhan တောင်တန်းကြီးရှိနေပြီး ယင်းတောင်ကြီးဟာ Mangyeongdae၊ Insubong နဲ့ Baegundae အမည်ရတဲ့ တောင်ထိပ် ၃ ခုကို ပိုင်ဆိုင် ထားပါတယ်။

Blue House ရဲ့ ဘယ်ဘက်ကနေ ရံပြီး တည်ရှိတဲ့ Naksan တောင်ကြောင့် Blue House ဟာ အပြာရောင်နဂါးတစ်ကောင် ပုံသဏ္ဌာန်ရှိနေပြီး ညာဘက်ကကြည့်မယ်ဆိုရင်လည်း အဆောက်အအုံနံဘေးကနေ သွယ်တန်းနေတဲ့ Inwangsam တောင်ကြောင့် အဖြူရောင် ကျားတစ်ကောင် သဏ္ဌာန်တည်ရှိနေတာ ဖြစ်ပါတယ်။

Blue House ရဲ့ တောင်ဘက်မှာ Namsan တောင်နဲ့ အရှေ့ဘက်မှာဆိုရင် လှပစွာစီးဆင်းနေတဲ့ Cheong gyecheon စမ်းချောင်းနဲ့ ဟန်မြစ်တို့တည်ရှိတယ် ဆိုတာကို တင်ပြလိုက်ရပါတယ်။ ။

Author: ကောင်းစစ်ဟန်
Source: Thutazone and Blue House by Wikipedia

Leave a Reply

Your email address will not be published.