ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ရေချိုရေကန်ကြီး

ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ရေချိုရေကန်ကြီး

ဘိုင်ကယ်အိုင် (Lake Baikal)
ရုရှားနိုင်ငံအတွင်းရှိ ဆိုက်ဘေးရီးယားဒေသတောင်ပိုင်း၊အာကွတ်အိုဘလတ်စ်အုပ်ချုပ်ရေး ဒေသ (Irkutsk Oblast)နဲ့ ဘားရတ်ဒေသ အကြားမှာ တည်ရှိတဲ့ ဘိုင်ကယ်ရေချိုကန်ကြီးဟာ ကမ္ဘာ့သက်တမ်း အရင့်ဆုံး ရေချိုရေကန်ကြီး ဖြစ်ပါတယ်။

ရေအနက် ၁၆၄၂ မီတာ (၅၃၈၇ ပေ) ရှိတဲ့ ဘိုင်ကယ်အိုင်ဟာ ကမ္ဘာပေါ်မှာ ထုထည်အများဆုံး ရေချိုရေကန် လည်းဖြစ်သလို ရေအကြည်လင်ဆုံးနဲ့အနက်ဆုံး ရေအိုင်ကြီးလို့ဆိုရင် မှားမှာမဟုတ်ပါဘူး။

ဘိုင်ကယ်အိုင်ဟာ အင်ဒိုနီးရှားနိုင်ငံရှိ တန်ဂန်ရီ ကာအိုင်လိုပဲ ကျောက်လွှာတွေရွေ့လျားမှုကြောင့် ပေါ်ပေါက်လာတဲ့ရေအိုင်ဖြစ်ပြီး လခြမ်းပုံသဏ္ဌာန် ရှည်မျောမျောရှိပါတယ်။

ဘိုင်ကယ်အိုင်ရဲ့ရေမျက်နှာပြင်ဧရိယာမှာ ၁၂၂၄၈ စတုရန်းမိုင် (၃၁၇၂၂ စတုရန်းကီလိုမီတာ) မျှသာ ရှိတာကြောင့် ဆူပီးရီးယားအိုင်၊ ဝီတိုရိယအိုင်တို့နဲ့စာရင် ရေမျက်နှာပြင်ဧရိယာ သေးငယ်ပါတယ်။

အိုင်ကယ်အိုင်ရဲ့ထူးခြားချက်မှာ အပင်နဲ့သတ္တဝါမျိုးနွယ်စိတ်ပေါင်း ၁၇ဝဝမျှ မှီတင်း နေထိုင်လျက်ရှိပြီး အဲဒီအရေအတွက်က ကမ္ဘာပေါ်ရှိ အခြားဘယ်ရေအိုင်မှာမှ မရှိပါဘူး။ ဒါ့အပြင် အဲဒီဒေသဟာ ဘားရတ် လူမျိုးနွယ်စုတို့ နေထိုင်ရာဒေသဖြစ်ပြီး ရေအိုင်ရဲ့ အရှေ့ဘက်ခြမ်းမှာ နွား၊ သိုး၊ ဆိတ် ကုလား အုပ်တို့ကို မွေးမြူလျက်ရှိကြပါတယ်။

ဘိုင်ကယ်အိုင် ဒေသတစ်ဝိုက် အပူချိန်ဟာ ဆောင်းရာသီမှာ အနုတ် ၁၉ ဒီဂရီဆဲလ်စီးယပ် (အနုတ် ၂ ဒီဂရီဖာရင်ဟိုက်) ကနေ နွေရာသီမှာ ၁၄ ဒီဂရီဆဲလ် စီးယပ် (၅၇ ဒီဂရီဖာရင်ဟိုက်)အထိ ပြောင်းလဲမှု ရှိပါတယ်။ ဘိုင်ကယ်အိုင်ကို ကမ္ဘာတစ်ဝှမ်းရှိ ရေအိုင်ကြီးတွေရဲ့ အစ်မကြီးလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။

အဲဒီလို တင်စားရတာဟာလည်း အထောက်အထားတွေအရ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၃ဝ ခန့်က ဖြစ်တည်လာတဲ့ ရေအိုင်ကြီးဖြစ်တဲ့အတွက် ယူနက်စကိုက သဘာဝတရားရဲ့ ဖန်တီးဖြစ်စဉ်တွေကြောင့် ပေါ်ပေါက်လာတဲ့ရှေးဟောင်း သဘာဝနယ်မြေဒေသတစ်ခုအဖြစ် ၁၉၉၆ ခုနှစ်ကတည်းက တရားဝင်သတ်မှတ်ခဲ့ကာ သဘာဝပတ်ဝန်းကျင် လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

အချက်အလက်များ

ရုရှားနိုင်ငံဒေသအတွင်းတည်ရှိတဲ့ ရှေးဟောင်း သဘာဝရေအိုင်ကြီးဖြစ်ပါတယ်။ ရေအိုင်အမျိုးအစားမှာ တောင်စဉ်တောင်တန်းတွေအကြား ဖြစ်တည်လာတဲ့ ရေအိုင်ဖြစ်ပါတယ်။

ရေအိုင်အတွင်း ဆယ်လင်ဂါမြစ်၊ဘာဂူဇင်မြစ်၊အန်ဂါရာမြစ်တို့စီးဝင်ပြီး ၎င်းကတစ်ဆင့် ပင်မမြစ်တစ်ခုဖြစ်တဲ့ အပေါ်အန်ဂါရာမြစ်အတွင်း ရေထွက်စီးကြောင်းအဖြစ် စီးဝင်သွားပါသည်။

အိုင်ရဲ့ ရေစုဝေးရာပမာဏမှာ ၅၆၀၀၀၀ စတုရန်းကီလိုမီတာ (၂၁၆၀၀၀ စတုရန်းမိုင်) ရှိပါတယ်။ရေအိုင်ရဲ့ အကျယ်ဆုံးအလျားမှာ ၆၃၆ ကီလိုမီတာရှိပြီး အနံမှာ ၇၉ ကီလိုမီတာရှိပါတယ်။ ရေအိုင်ကြီးရဲ့အကျယ် ဆုံးမျက်နှာပြင်ဧရိယာမှာ ၃၁၇၂၂ စတုရန်းကီလိုမီတာခန့် ရှိပါတယ်။

ရေအိုင်ပျမ်းမျှအနက်မှာ ၇၄၄ ဒဿမ ၄ မီတာ (၂၄၄၂ ပေ) ခန့်ရှိပြီး အနက်ဆုံးမီတာမှာ ၁၆၄၂ မီတာ (၅၃၈၇ ပေ) ခန့် ရှိပါတယ်။ ရေထုထည် ပမာဏမှာ ၂၃၆၁၅ ဒသမ ၃၉ ကုဗမီတာရှိပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၄၅ ဒသမ ၅ မီတာ (၁၄၉၄ ပေ) မှာတည်ရှိတဲ့ ဘိုင်ကယ်အိုင်ရဲ့ ကမ်းခြေအလျားအရှည်မှာ ၂၁၀၀ ကီလိုမီတာခန့်ရှိပါ တယ်။ ကျွန်းပေါင်း ၂၇ ကျွန်းခန့်နဲ့ ဖွဲ့စည်းတည်ရှိတဲ့ ဘိုင်ကယ်အိုင်ဟာ နှစ်စဉ်ဇန်နဝါရီလကနေ မေလအတွင်း ပုံမှန်ရေခဲလေ့ရှိပါတယ်။ ဘိုင်ကယ်အိုင်နဲ့ အနီးဆုံးမြို့က အာကွတ်စ်မြို့ ဖြစ်ပါတယ်။

သုတေသန

ဘိုင်ကယ်အိုင်အတွင်းမှာသာ မြင်တွေ့ရတဲ့ ရေနေသတ္တဝါ မျိုးနွယ်စိတ်တွေအပြင် သဘာဝ သယံဇာတအရင်းအမြစ်တွေနဲ့ပတ်သက်လို့ သုတေသီတွေက လေ့လာစမ်းသပ်မှုတွေလုပ်ဆောင်လျက်ရှိ နေပါတယ်။

အထောက်အထားတွေအရ ဘိုင်ကယ်သုတေသနဌာနဟာ နိုင်ငံအတွက်နဲ့ ရေအိုင် ကြီးရေရှည်တည်တံ့ခိုင်မြဲရေး၊ ရေနေသတ္တဝါမျိုးနွယ်စိတ်တွေ မျိုးသုဉ်းမပျောက်ကွယ်‌စေရေး အတွက် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။

ဒါ့အပြင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း ရုရှားနိုင်ငံနဲ့ပူးပေါင်းပြီး ဘိုင်ကယ်အိုင်ရဲ့ သဘာဝ ဖြစ်စဉ်တွေကို သုတေသနပြုဆောင်ရွက်လျက်ရှိနေပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ရေအိုင်းအတွင်း ရေငုပ်သင်္ဘောတွေနဲ့ ရေအောက်ပိုင်းအထိ ဆင်းသက်ကာ သုတေသနပြုဆောင်ရွက်ခဲ့ကြပါတယ်။

ဘိုင်ကယ်အိုင်တည်တံ့ခိုင်မြဲရေးအတွက် သုတေသနလုပ်ငန်းစဉ်တွေ ဖော်ဆောင်လျက်ရှိတဲ့ အချိန်မှာပဲ ရုရှားအစိုးရဟာ ရေအိုင်ကြီးနဲ့ မလှမ်းမကမ်းမှာ စက္ကူနဲ့ ပျော့ဖက်စက်ရုံကို တည်ဆောက်ထားခဲ့ပါတယ်။ အဲဒီ စက်ရုံနဲ့ပတ်သက်လို့ စက်ရုံကနေစွန့်ထုတ်တဲ့ရေဆိုးတွေဟာ မြေအောက်ရေကနေတစ်ဆင့် ဘိုင်ကယ်အိုင် အတွင်း စိမ့်ဝင်မှုတွေကလည်း သဘာဝပတ်ဝန်းကျင် ရေးရာသုတေသီတွေအတွက် စိုးရိမ်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။

၎င်းစက်ရုံနဲ့ပတ်သက်ပြီး ရုရှားအစိုးရဟာ ဒေသခံတွေရဲ့ကန့်ကွက်ဆန္ဒပြမှုတွေလည်း ကြုံတွေ့နေရပါတယ်။ အထောက်အထားတွေအရ ရုရှားသမ္မတ ဗလာဒီမာပူတင် လက်ထက်အတွင်းမှာပဲ အဲဒီစက်ရုံနဲ့ ပတ်သက်လို့ လွှတ်တော်မှာ အခြေအတင် ဆွေးနွေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တည်ဆောက်ထားခဲ့ပြီးဖြစ်တဲ့ စက်ရုံကနေ စွန့်ထုတ်တဲ့ ရေဆိုးတွေကို ဘိုင်ကယ်အိုင် အတွင်း စိမ့်ဝင်မှုမရှိစေရေးအတွက် သဘာဝဘေးကာ ကွယ်တားဆီးမှုတွေကို စီစဉ်ဆောင်ရွက်လျက်ရှိနေပြီး သဘာဝရေအိုင်ကြီးကိုလည်း တိမ်ကောပပျောက်မှုမရှိစေရေးအတွက် ရုရှားအစိုးရက ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေ ဆောင်ရွက်လျက်ရှိနေပါကြောင်း တင်ပြလိုက်ရတယ်။

Credit-Author:ရဲမာန်ခ

Leave a Reply

Your email address will not be published.