ပယင်းအကြောင်း သိကောင်းစရာ

ပယင်း(Amber)အကြောင်း သိကောင်းစရာ

ပယင်းသည် လူသားတို့၏ အဆင်တန်ဆာအဖြစ် အသုံးပြုခဲ့ကြသော ကျောက်မျက်ရတနာတန်းဝင်ထဲမှ ရှေးအကျဆုံး ရတနာထဲတွင် ပါဝင်သည်။ ပယင်းပတီး၊ဆွဲပြား၊ဆွဲသီးများကို ဥရောပမြောက်ပိုင်းတွင် ဘီစီ(၈၀၀၀) လောက်ကတည်းက အသုံးပြုခဲ့ကြကြောင်း တွေရှိခဲ့ရသည်။

ပယင်းသည် စင်စစ်အားဖြင့် ကျောက်မဟုတ်ပါ။ အဆီထွက်သော အပင်တစ်မျိုး (ထင်းရူးပင် တစ်မျိုးဟုဆို)၏ အဆီမှ ခဲ၍ ကျောက်သားသဖွယ် ဖြစ်လာခြင်းဖြစ်သည်။

ရံဖန်ရံခါ ပယင်းထဲ၌ အင်းဆက်ပိုးမွှားများကို ပုံစံမပျက် တွေ့ရှိရတတ်ပါသည်။ နှစ်သန်းပေါင်း အနည်းဆုံး ၂၅ သန်းမှ သန်း ၅၀ အတွင်း ကြာခဲ့ပြီး ကျောက်ဖြစ်လာခဲ့သော သစ်စေးမျိုးဖြစ်သည်။

ရှားပါးအနေဖြင့် နှစ်သန်း ၃၂၀ ရှိသော ပယင်းကိုလည်း မှတ်တမ်း တင်ထားကြသည်။ ပယင်းဟာ ကျောက်မျက်ရတနာ ၉ ပါးထဲမှာ အပေါ့ပါးဆုံး ဖြစ်ပြီး မာခြင်းအဆင့်(၂.၅)သာ ရှိကာ သိပ်သည်းဆလည်း ၁.၀၇ သာ ရှိသောကြောင့် အပူချိန်ကို ခံနိုင်ရည်မရှိပဲ ကြွေကွဲပျက်ဆီးလွယ်ပါသည်။မီးရှိုလျှင် အလွယ်တကူ လောင်ကျွမ်း နိုင်ပါသည်။

ပယင်းအစစ်ဟာ အလင်းပေါက်ပြီး ပေ့ါပါးတာကြောင့် ဆားငံရည်မှာ ရေပေါ် ပေါ်နေနိုင်ပါသည်။ အခြားသော ကျောက်မျက်ရတနာတွေဖြစ်တဲ့ ကျောက်စိမ်း၊ တာကွိုက်ဇ်တို့လို ကျောက်မျက်တွေဟာ အခန်းတွင်း အပူချိန်ထက် အနည်းငယ်အေးသော ဂုဏ်သတ္တိကို ရှိသော်လည်း ပယင်းမှာ လူ့အရေပြားနှင့် ထိတွေ့ပါက အနည်းငယ် ပူနွေးနေပါသည်။

ဒာရက်ရဲ့ အရောင်ဖြစ်တဲ့ ဝါရွှေရွှေ အကြည်ရောင်ကို ပယင်းရောင်ရယ်လို့ တင်စားကြတာ ကြားဖူးကြပေမယ့် ပယင်းမှာ နီညိုရောင် ၊ လိမ္မော်ရောင် ၊ အစိမ်း ၊ နှင်းဆီရောင် ၊ အဝါရောင် ၊ ခရမ်းရောင် ၊ အဖြူရောင်အထိ ရှိပြီး ရှားရှားပါးပါး ခရမ်းပြာရောင်အထိ တွေ့ရတတ်ပါသည်။

ဘောလ်တစ် ပင်လယ် ကမ်းခြေတစ်လျှောက်မှာ ပေ့ါပါးသော ပယင်းတွေကို ပင်လယ်ရေလှိုင်းများနှင့် ကမ်းခြေကို ရောက်ရှိလာတတ်ကာ ကမ်းစပ်တစ်လျောက်မှာလည်းကောင်း၊ ရေတိမ်းပိုင်းမှာ ရေငုတ်ပြီးသောလည်းကောင်း အလွယ်ရှာတွေ့နိုင်သည်။

ကမ်းခြေတစ်လျှောက် ပုံစံအမျိုးစုံ အရောင်မျိုးစုံနှင့် ပယင်းများကို အများအပြားတွေရတတ်ပြီး အပြာရောင် ပယင်းကို အထူးအရောင်းအဝယ် လုပ်ကြသော်လည်း ၎င်းအပြာရောင်မှာ ဘောလ်တစ်ဒေသထွက် မဟုတ်ဘဲ ဒိုမီနီကန်က ထွက်သော ပယင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကချင်ပြည်နယ် ဟူးကောင်း တောင်ကြား တနိုင်းနယ် နှင့် စစ်ကိုင်းတိုင်း ခန္တီးနယ်တို့တွင် ထွက်ရှိသည်။ မြန်မာအပြင် ပယင်းထွက်ရှိသော အခြားနိုင်ငံများမှာ ပိုလန် ၊ရိုမေးနီးယား ၊ကနေဒါနှင့် အမေရိကန်တို့ ဖြစ်သည်။

မြန်မာပြည်တွင် ထွက်ရှိသော ပယင်းမှာ အရည်အသွေးကောင်းပါက ဈေးကောင်းရနိုင်ပြီး အထက်တွင် ဖော်ပြသကဲ့သို့ သစ်ကိုင်းများ အကောင်ပလောင်များ ပါဝင်ပါက ဈေးပိုရကြောင်း သိရသည်။ တစ်ချို့ကို ကျပ်သိန်း ၅၀ အထိ ပေးကြောင်းသိရသည်။

ရွှေရောင်ပယင်းမှာ ဈေးကွက်အတွင်း လူကြိုက်များပြီး တိုင်းရင်းသား အချို့မှာ ပယင်းကို ဝတ်ဆင်လေ့ရှိကြပါသည်။ တရုတ်လူမျိူးများဟာ သွေးလည်ပတ်မှု ကောင်းစေရန်လည်ကောင်း၊ ကံကောင်းစေရန်လည်‌ကောင်း ပယင်းကို အဆောင်ကျောက်အဖြစ် ဝတ်ဆင်ကြသည်။

ပွဲလမ်းသဘင်များတွင် ချမ်းသာကြွယ်ဝသူများက ဂုဏ်သိက္ခာတစ်ရပ်အဖြစ် ပယင်းကို မီးရှိုတတ်ကြသည်။မြန်မာနိုင်ငံ၏ အဓိက ဝယ်လက်မှာ တရုတ်၊ ထိုင်းနှင့် တိဘက် နိုင်ငံတို့ဖြစ်သည်။

သစ်ပင်ရဲ့ အစေးကနေ ဖြစ်လာတဲ့ ပယင်းထဲမှာ ပယင်းမဖြစ်ခင် သစ်စေး အခြေအနေမှာ မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင်ရဲ့အစအနများ သစ်ရွက်၊ပျား၊လိပ်ပြာ၊ပုရွက်ဆိတ်၊ပိတုန်းစသော အကောင်းငယ်များမှာ ရုန်းထွက်မရတော့ပဲ သစ်စေးများနှင့်အတူ နှစ်သန်းပေါင်းများစွာ ကြာသောအခါ ပယင်းထဲတွင် ရုပ်ကြွင်း အဖြစ် ပါဝင်နေတတ်ပါသည်။

ရှေးရောမ ကျွန်ခေတ်တွင် ပယင်းလည်ဆွဲ ခပ်သေးသေးကို ကျန်းမာ သန်စွမ်းတဲ့ ကျွန်တစ်ယောက်ထက် ဈေးပိုပေးပြီး အဆောင်အဖြစ် ဝတ်ဆင်အသုံးပြုကြသည်။ ပယင်းကို ရေမွှေးများ ဖော်စပ်ရာ၊ဆေးဖော်စပ်ရာတွင် အသုံးပြုကြသည်။

ပယင်းသည် ကျောက်မျက်ရတနာကဲ့သို့ မဟုတ်ဘဲ ဝတ်ဆင်သူအတွက် အသက်ဓာတ်ကို ပိုင်ဆိုင်စေသည်ဟု ယူဆကြသည်။ ရှေးခေတ် တရုတ်လူမျိုးတို့သည် ကျားများသေဆုံးပြီးနောက် ကျားဝိညာဉ်ကို ပယင်းသို့ ရွှေပြောင်းစေ၍ အသွင်ပြောင်းခဲ့သည်ဟု ယုံကြည်ကြသည်။ ရှေးခေတ်က မိခင်နတ်ဘုရားများကို ပူဇော်ပသရာတွင် ပယင်းကို အသုံးပြုကြသည်။

ပယင်းသည် ကျောက်ဖြစ် ရုပ်ကြွင်းသဖွယ်ဖြစ်ပြီး ခေတ်ကာလတစ်ရပ်နှင့် ဆက်စပ် နေပေရာ အသက်ရှည်ခြင်းကို ပေးဆောင်ကြောင်း မှတ်ယူကြသည်။
အလားတူပင် သက်ရှိသတ္တဝါဖြစ်သော ပိုးမွှားများ၏ ရုပ်ကြွင်းကိန်းအောင်းနေပြီး အာကာသဓာတ်နှင့် ဆက်စပ်နေကြောင်း လက်ခံထားကြသည်။

ယင်းကို ပဉ္စမမြောက် ဓာတ်သဘာဝဟု ခေါ်ပြီး မြေ၊ ရေ၊ လေ၊ မီးဟူသော ဓာတ်ကြီးလေးပါ၏ အပေါင်းအစုအဖြစ် သတ်မှတ်ကြသည်။ အာကာသဓာတ်သည် အသက် ၊ ဘဝ(အပင်၊သတ္တဝါ၊လူ)တို့နှင့် ပတ်သတ်ကြောင်း လက်သင့်ခံထားကြသည်။

အချို့မှော်ပညာရှင်များသည် အထူးသဖြင့် အမျိုးသမီးများတွင် ပယင်းကို လည်ဆွဲ (ဝါ) ပတီးအဖြစ် ဝတ်ဆင်ကာ ရုပ်ဒြပ်သဏ္ဍာန်ကို ပြောင်းလဲအောင် ဖန်တီးပြုပြင်တည်ဆောက် စေခဲ့ကြသည်။

ထိုကြောင့် ပယင်းသည် နတ်ဘုရားနှင့် နတ်ဘုရားမများ၏ ထုတ်လွှတ်မှု ခံယူမှု စွမ်းအင် နှစ်ရပ်လုံးနှင့် ပတ်သတ်ကြောင်း ၎င်းတွင် ဂမ္ဘီရစွမ်အင်၏ ထိရောက်မှုအား မြင့်မားလှကြောင်း ရောမခေတ်က ယုံကြည်ကြသည်။

ပယင်းကို သိုးမွှေးစ(ဝါ) ပိုးစဖြင့် ပွတ်တိုက်ပေးပါက လျှပ်စစ်ဓာတ်ထွက်လာပြီး သေးငယ်သော အရာဝတ္ထုများကိုပင် စွဲငင်အားကြီးကြောင်း သတ်မှတ်ကြသည်။ ရှေးဂရိတို့၏ အီလက်(ခ်)ထရွန်(Electron)ဟူသော စကားလုံမှ ခေတ် အီလက်ထရစ်စီးတီး (electricity) ဟူသော ဝေါဟာရမှ ဆင်းသက်ပေါက်ဖွားလာခြင်း ဖြစ်သည်ဟု သတ်မှတ်ကြသည်။

ပယင်းသည် ဆန်းပြား လျှိုဝှက်သော သဘာဝရှိပြီး ဂမ္ဘီရတန်ဖိုး မြင့်မားသော အရာဝတ္ထုဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဂမ္ဘီရတန်းဝင် ပစ္စည်းများ အားလုံးထဲ၌ ကျယ်ပြန့်စွာ အသုံပြုနိုင်သည့် အရာအဖြစ် သုံးကြသည်။

ပယင်းအတု အစစ် ခွဲခြားနည်း

ဦးစွာ ပယင်းအစစ်နှင့်အတု နှစ်ခုလုံးကို ရိုးရိုးရေထည့်ထားသော ဖလားခွက်(သို့)ငကြင်းခွက်ထဲသို့ နှစ်ချလိုက်ပါ ပယင်းအတုနှင့်အစစ် နှစ်ခုစလုံးသည် ရိုးရိုးရေထဲတွင် နှစ်ဝင်သွားသည်ကိုတွေ့ရမည်။

ထိုနောက်ရှိပြီးသား ရိုးရိုးရေထဲသို့ ဆား စတီးဇွန်းတစ်ဇွန်းခန့်ထည့်ကာ ဆားဖျော်ရည်အဖြစ်ပြုလုပ်လိုက်ပါ။ ၎င်းနောက် ပယင်းအစစ်နှင့်အတု နှစ်ခုလုံးကို ၎င်းဆားဖျော်ရည်အတွင်းသို့ နှစ်ချလိုက်ပါ။

ပယင်းအတုမှာ ဆားဖျော်ရည်ထဲတွင် နှစ်မြုပ်သွားပြီး အစစ်မှာ ပေါလောပေါ်နေမည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ၎င်းနည်းမှာ ပယင်း အစစ်နှင့်အတုကို လျင်မြန်စွာ ခွဲခြားနိုင်သော နည်းကောင်းဖြစ်ပါသည်။

ဂမ္ဘီရ ဓလေ့ထုံးတမ်း (Magical Lore)

ပယင်းကို ကျောက်မျက်ရတနာအချိုနှင့် တွဲ၍ တွေ့ရတတ်ပြီး ဂမ္ဘီရကိစ္စအားလုံးနီးပါးတွင် အသုံးပြုကြသည်။ မရေမတွက်နိုင်သော ဂမ္ဘီရအစီအရင်များတွင် အသုံးပြုနိုင်သည်။

ပယင်းကို ဖန်စ ပလပ်စတစ်စများဖြင့် အတုပြုလုပ်ပြီး ရောင်းချတတ်ခြင်းကြောင့် သတိပြု၍ ရွေးချယ်ရပါသည်။ ပုံမှန် ကျောက်သားတို့ထက်ပေါ့ပါးပြီး အထူးသဖြင့် ဆားငံရည်တွင် ရေပေါ်ပေါ်သည်။

ပယင်းပုတီး လည်ဆွဲတို့ကို ဝတ်ဆင်သူအား ကောင်းစွာ အကာအကွယ်ပေးတတ်သည်။မကောင်းသော လောကီပညာ(အဆိုးပြု မှော်ပညာ)မျိုး၏ တိုက်ခိုက်မှုဒဏ်မှ အကာကွယ်ပေးနိုင်သည်။ အထူးသဖြင့် ကလေးများတွင် ပိုမိုထိရောက်သော ကာကွယ်မှုကို ဖြစ်စေနိုင်သည်။

ပယင်းပုတီး လည်ဆွဲတစ်မျိုး ဝတ်ဆင်ထားသော ကလေးများ၏ ကျန်းမာရေးကို ကောင်းစွာထိန်းသိမ်းပေးထားနိုင်ပြီး ကလေးများ၏ အိပ်ခန်းတွင်း၌ အကာအကွယ်အဖြစ် ထားပေးနိုင်ပါသည်။

သင့်တွင် မကောင်းသော ခံစားရမှုများ လွှမ်းမိုးလွန်ပြီး မိမိကိုယ်ကို မကောင်းသော လောကီပညာဖြင့် တိုက်ခိုက်မှုခံရသည်ဟု ယူဆမိပါက အဖြူရောင် အလင်းတိုင်(ဖယောင်းတိုင်)ကို ကြမ်းပြင် (သို့) မြေပြင်တွင် ထွန်းညှိစိုက်ထူးပေးပါ။

ထိုနောက် ပယင်းတစ်ခုကို ကိုင်၍ ၎င်းအလင်းတိုင် အနီးတွင်ထိုင်ကာ သင့်ခန္ဓာကို စက်ဝိုင်းသဏ္ဍာန် စည်းချနေသည်ဟု စိတ်ကခံစားပေါရမည်။ လိုအပ်သည်ထင်တိုင်း ထိုကဲ့သို့ ထပ်တလဲလဲ လုပ်ဆောင်ပေးပါ။

အခြားကာကွယ်ခြင်း အစီအရင်တစ်ရပ်တွင် ပယင်းပုတီးစေ့(၉)စေ့ကို အလွန်နွေးသော ရေ၌စိမ်၍ ရေချိုးပေးရခြင်း ဖြစ်သည်။ ရေချိုးကန်(ဝါ)စည်ပိုင်း(ဝါ)စဥ့်အင်တုံကြီးအတွင်း ဆင်း၍ နွေးသောရေ အေးသွားသည့်တိုင် စိမ်နေပါ ထို့နောက် ပယင်းပုတီးစေ့များကို ထုတ်ယူပြီး ကိုယ်လက်သုတ်သင်ကာ ခြောက်သွေ့အောင်ပြုပါ။

ရှေးက မှော်ပညာရှင်များ ရှာမင်လောကီ ပညာရှင်ကြီးများသည် ပယင်းပုတီးကို လောကီအစီအရင် ပြုလုပ်ရာတွင် ဝတ်ဆင်ထားလေ့ရှိသည်။ ပယင်းအရွယ် ခပ်ကြီးကြီးကို သင်၏ လောကီ အစီအရင် ပြုရာတွင် အသုံးပြု၍ စွမ်းအားထက်မြက် ထိရောက်စေနိုင်ပါသည်။

ပယင်းနှင့်ကျန်းမာရေး

ပယင်းကို အလှကျက်သရေတိုးအောင် ဝတ်ဆင်နိုင်ပြီး ယေဘုယျအားဖြင့် ဆွဲဆောင်မှု ညှို့ဓာတ်ကို ဖြစ်စေနိုင်ပါသည်။ ပယင်းဝတ်ဆင်သူများမှာ အချစ်ရေးတွင် ဆွဲငင်အားကောင်းခြင်း စိတ်ချမ်းသာ ပျော်ရွှင်မှု ခံစားရခြင်းတို့ကို ပေးစွမ်းသည်။

အမျိုးသမီးများအတွက် ငါး၊ဖား၊ယုန်ရုပ်များထုလုပ်၍လည်းကောင်း၊အမျိုးသားများအတွက ခြေ‌င်္သေ့ ၊ခွေး၊နဂါးရုပ်များ ထုလုပ်ပြီး ဝတ်ဆင်ခြင်းအားဖြင့်ကာမ စွမ်းအား ကောင်းစေပြီး သားသမီး ထွန်းကာစေသည်ဟု ယုံကြည်ခဲ့ကြပါသည်။ မြုံသူများအတွက် အသုံးပြုပေးနိုင်သည်။

ပယင်းကို ဝတ်ဆင်ခြင်းအားဖြင့် လူသား၏ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။ နားထိုင်းခြင်း ၊ မြုံခြင်း ၊ လည်မျိုနာ ၊နားကိုက်ခြင်း ၊ လေးဘက်နာ ၊အစာမကြေခြင်း နှင့် ကိုယ်ခန္ဓာတွင်း၌ ဖြစ်သော ရောဂါများကို သက်သာစေပြီး အကာကွယ်ဖြစ်စေသည်။

ပယင်းလုံးကို လက်ထဲတွင် ဆုတ်ကိုင်ကစား ပေးခြင်းဖြင့် ဖျားနာသူများအား သက်သာပျောက်ကင်းစေသည်ဟု ဆိုကြသည်။ ထိုပြင် ပယင်းသည် ဝတ်ဆင်သူ၏ မျက်စိအမြင်အားကို တိုးတက်ကောင်းမွန် စေနိုင်ပါသည်။

ပယင်းမှုန့်ကို သားဖွားသူ မိခင်လောင်၏ အနီးတွင် မီးရှို့ပေးခြင်း (သို့) မီးခဲပေါ်တွင် အမှုန့်ဖြူးပေးခြင်းဖြင့် သားဖွားရလွယ်ကူသည်ဟု ရှေးကယုံကြည် ဆောင်ရွက်ခဲ့ကြသည်။

ပယင်း၏ ဂမ္ဘီရ လောကီပညာ အသုံးဝင်မှုမှာ အထက်က ဖော်ပြခဲ့သည့်ထက် များစွာ ကျယ်ပြန့်ပါသည်။ ဝတ်ဆင်သူအား အင်အားတိုးတက်စေပြီး စီးပွားရေး အောင်မြင်စေခြင်း စန်းပွင့်စေသည့် အချစ်ရေး အဆောင်ကောင်းဖြစ်ခြင်း စသည်ဖြင့် များစွာ အသုံးပြုနိုင်သေးသည်။ ပယင်းမှုန့်ကို မည်သည့် အမွှေးတိုင်တွင်မဆို ထည့်သွင်း ပြုလုပ်ခြင်းဖြင့် ပိုမိုထိရောက်သော စွမ်းအားကို ဖြစ်စေပါသည်။

ထိုကြောင့် အချုပ်အားဖြင့် အာနိသင် စွမ်းပကားကြီးမားသော တန်းဝင်ရတနာတပါး ဖြစ်သည်။ ပယင်းကို လက်ဝတ်ရတနာအဖြစ် အလှဆင်အသုံးပြုသော ဖန်စီပစ္စည်းသက်သက်ထက် အဆပေါင်းများစွာ သာလွန်သော လောကီအကျိုး ကျေးဇူးများကို ရရှိခံစားရမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ခရက်ဒစ်
မှီငြမ်း – ဟိန်း(ဘူမိ)၏ ပယင်းအကြောင်း

Leave a Reply

Your email address will not be published. Required fields are marked *