အသိဉာဏ်တုထည့်သွင်းထားတဲ့ တာဝေးပစ်ဒုံးအသစ် Sea Breaker အကြောင်း

အသိဉာဏ်တုထည့်သွင်းထားတဲ့ တာဝေးပစ်ဒုံးအသစ် Sea Breaker အကြောင်း

အစ္စရေး လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီ Rafael Advanced Defense Systems ဟာ အသိဉာဏ်တု(Artificial Intelligence – AI) နဲ့ ဆုံးဖြတ်ချက်ချမှတ်ရေး အယ်လ်ဂိုရစ်သမ်စတွေကို ပေါင်းစပ်ထားတဲ့ ရေပြင်နဲ့ မြေပြင်အခြေပြု တာဝေးပစ်ဒုံးအသစ် တစ်မျိုးဖြစ်တဲ့ Sea Breaker ပဉ္စမမျိုးဆက် လက်နက်စနစ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ထုတ်ဖော်ပြသခဲ့ပါတယ်။

Sea Breaker ဟာ ကီလိုမီတာ ၃၀၀ ရှိတဲ့ မျက်ကွယ် အကွာအဝေးကနေ အသေးစိတ် အတိအကျ ပစ်ခတ်တိုက် ခိုက်နိုင်ပါတယ်။ ဒုံးမှာ တပ်ဆင်ထားတဲ့ နောက်ဆုံးပေါ် အနီအောက် ရောင်ခြည် ပုံရိပ်ဖော် (Imaing Infra-Red- IIR) အာရုံခံကိရိယာဟာ တည်ငြိမ်နေတဲ့၊ ဒါမှမဟုတ် လှုပ်ရှားနေတဲ့ ရေပြင်နဲ့မြေပြင်ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်ဖို့အတွက် စံပြုအနေအထားမှာ ရှိနေပါတယ်။

အထူး သဖြင့် မိမိရဲ့ရေပြင်၊ မြေပြင်နဲ့ ဝေဟင်ပိုင်နက်တွေကို ရန်သူ့ကျူးကျော်သိမ်းပိုက်မှုက ကာကွယ်ပေးမဲ့ Anti Access/Area Denial (A2/AD)လက်နက်မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်။

ကျွန်းစုတွေ အပါအဝင် ကမ်းခြေ ဒါမှမဟုတ် ကမ်းရိုးတန်းတစ်လျှောက်က ရေပြင်ထဲမှာ အသုံးပြုဖို့ သင့်လျော်သလို ရေဒီယိုလှိုင်းအာရုံခံ ကိရိယာတွေ အသုံးပြုတဲ့ အရင်မျိုးဆက် ဒုံးတွေအတွက် ထိရောက်မှု မရှိတဲ့အနေအထားတွေမှာ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းလဲရှိနေပါတယ်လို့ ပြီးခဲ့တဲ့နှစ် ဇွန်လ ၃၀ ရက်က Rafael ရဲ့ ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြထားခဲ့ပါတယ်။

Sea Breaker ကို ဖရီးဂိတ် စစ်သင်္ဘောတွေလိုမျိုး ရေတပ် စစ်သင်္ဘောသုံးအနေနဲ့ သာမက မြေပြင်အခြေစိုက် ဒုံးပစ်စင်တွေကပါ ပစ်ခတ်နိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Rafael ရဲ့ အဆိုအရ ဒီဒုံးတွေကို သူ့ရဲ့ Spyder ဒုံးပစ်စင်မှာ အလွယ်တကူတပ်ဆင်အသုံးပြုနိုင်တဲ့အတွက် Sea Breaker တွေကို လေကြောင်းရန် ကာကွယ်ရေးဒုံးတွေနဲ့ တပ်ခွဲတစ်ခုထဲမှာပဲ တွဲဖက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Sea Breaker ဒုံးအသစ်မှာ အလေးချိန် ၂၅၀ ပေါင် (၁၁၃ ကီလိုဂရမ်) ရှိတဲ့ ထိုးဖောက် ပေါက်ကွဲဖြာထွက်နိုင်တဲ့ ထိပ်ဖူးပါရှိပြီး ကျည်တစ်တောင့်ရဲ့ ထိရောက်မှုဟာ ဖရီးဂိတ်အရွယ်အစား သင်္ဘောတစ်စင်းကို ချေမှုန်းနိုင်စွမ်းရှိတယ်လို့ Rafael ရဲ့ အဆိုအရ သိရပါတယ်။

၂၅၀ ပေါင်အလေးချိန်ရှိတဲ့ ဒုံးကျည်ထိပ်ဖူးဟာ Mark 81 ဗုံးအမျိုးစားနဲ့ အလားတူဖြစ်ပါတယ်။ ဒုံးရဲ့ အချက် အလက်ချိတ်ဆက်မှုကလဲ ထိန်းချုပ်သူရဲ့ ဆုံးဖြတ်ချက်ချမှတ်မှုနဲ့ နည်းဗျူဟာဆိုင်ရာပြောင်းလဲမှုတွေကို အချိန်နဲ့တစ်ပြေးညီ ပြုလုပ်နိုင်စေပါတယ်။

ဒါ့အပြင် ပျံသန်းနေစဉ် ဖျက်သိမ်းမှုပြုလုပ်နိုင်တဲ့ စွမ်းဆောင်ရည်နဲ့ စစ်မြေပြင်ထိရောက်မှု အကဲဖြတ်ချက် (Battle Damage Assessment-BAD) ပြုလုပ်နိုင်စွမ်းတွေ ရှိတယ်လို့လဲ သိရပါတယ်။

အလေးချိန် ကီလိုဂရမ် ၄၀၀ အောက်သာရှိတဲ့ဒုံးမှာ ပေါက်ကွဲမှုအစိတ်အပိုင်း (ထိပ်ဖူး) က ၁၁၃ ကီလိုဂရမ်အထိရှိပေမဲ့ အတားအဆီးတွေကို ရှောင်ကွင်းပျံသန်းနိုင်စွမ်းလဲရှိနေပါတယ်။ ကျစ်လျစ်ပြီး လိုက်လျောညီထွေရှိတဲ့ ဒီလိုအချိုးအစားနဲ့တည်ဆောက်ပုံမျိုးကတော့ အတော်ထူးခြားတယ်လို့ဆိုနိုင်ပါတယ်။

ကွန်ပျူတာစနစ်၊ AIစနစ်၊ အလိုအလျောက်ပစ်မှတ် ခွဲခြားမှုစနစ် (Automatic Target Recognition-ATR) နဲ့ ကွန်ပျူတာမြင်ကွင်းတို့ကို ထိန်းချုပ်သူ ကိုယ်တိုင်ဆုံးဖြတ်ချက်ချမှတ်မှု၊ စစ်ဆင်ရေးစီမံချက်ရေးဆွဲမှုနဲ့ ညက်ညောတဲ့ ပျံသန်းမှုပုံစံတို့ရရှိအောင် ကုမ္ပဏီကပေါင်းစပ်ပေး ခဲ့တာဖြစ်ပါတယ်။ AI စွမ်းဆောင်ရည်ပေါင်းစပ်ထားတဲ့အတွက် Deep Learning ကိုလဲ လုပ်ဆောင်တယ်လို့ သိရပါတယ်။

Sea Breaker ဟာ အမြောက် တပ်ခွဲလိုနေရာမျိုးမှာ ဒုံးအရေအတွက် အမြောက်အမြား တပ်ဖြန့်ချထားနိုင်အောင် ဒီဇိုင်း ထုတ်ထားတဲ့ နည်းဗျူဟာမြောက် ဒုံးအမျိုးအစား ဖြစ်ပါတယ်။

လက်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအရ အရေးကြီး တန်ဖိုးမြင့်ပစ်မှတ်တွေကိုရှာဖွေနိုင်စွမ်းဟာ၊ အရေးပါတယ်ဆိုတာကို သက်သေပြနေပါတယ်။ ရေဒါအခြေခံတဲ့ အာရုံခံကိရိယာတွေက ရန်သူကို တပ်လှန့်သလိုဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ရန်သူ့ ရဲ့ အီလက်ထရွန်းနစ် စစ်ဆင်ရေးလုပ်ဆောင်ချက်တွေကိုရှောင်ရှား ပြီး GPS အလုပ်မလုပ်နိုင်တဲ့ ဝန်းကျင်မှာ အသုံးပြုနိုင်မဲ့ ဒုံးအမျိုးအစားရှိခြင်းဟာ အကောင်းဆုံးသော ဖြေရှင်းနည်းတစ်ရပ်ဖြစ်ပါတယ်၊။

ဆန့်ကျင်ဘက်တပ်ဖွဲ့နှစ်ခုအကြား နယ်မြေသိမ်းပိုက်တိုက်ခိုက်တဲ့ သမားရိုးကျ စစ်ပွဲမျိုးဟာ အရေးမပါတော့ဘူးဆိုတာကို လတ်တလောဖြစ်ပွားနေတဲ့ အရေးအခင်းတွေက ထုတ်ဖော်ညွှန်ပြ နေပါတယ်။

အဲဒီအစား စစ်ပွဲတွေဟာ အရပ်သားတွေရဲ့ အနီး အနားမှာဖြစ်ပွားနေပြီး သက်ဆိုင်သူတွေသေကျေပျက်စီးမှုမရှိရအောင် တိတိကျကျ ပစ်ခတ်တိုက်ခိုက်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီလိုစွမ်းဆောင်ရည်ရှိတဲ့ ဒုံးမျိုးကို နိုင်ငံအတော်များများက စိတ်ဝင်းနေကြတာလို့ Rafael ကဆိုပါတယ်။

အနာဂတ်စစ်မြေပြင်မှာ GPS အလုပ်မလုပ်နိုင်တဲ့ဝန်းကျင်တွေ ပိုများလာနိုင်ပြီး တန်ပြန်အီလက်ထရွန်းနစ်စစ်ဆင်ရေးတွေ မသက်ရောက်နိုင်ဘဲ ကီလိုမီတာ ၃၀၀ အကွာအဝေးကနေ ထရပ်ကား ဒါမှမဟုတ် သင်္ဘောတွေပေါ်မှာ ကျစ်ကျစ်လျစ်လျစ်တပ်ဆင်အသုံးပြုနိုင်မဲ့ ဒီလိုဒုံးစနစ်မျိုး ပိုမိုလိုအပ်လာလိမ့်မယ်လို့ ထုတ် လုပ်သူတွေဘက်က အ‌လေးပေး ပြောကြားခဲ့ပါတယ်။

AI စနစ်၊ ပုံဖော်စနစ်နဲ့ Electro-optics သုံး အလိုအလျောက်ပစ်မှတ်ခွဲခြားမှုစနစ်တွေဟာ ပဉ္စမမျိုးဆက် ဒုံးစနစ်ရဲ့ လက္ခဏာရပ်တွေဖြစ်တယ် လို့ Rafael ကပြောကြားခဲ့ကြောင်း တင်ပြလိုက်ရပါတယ်။

Source-Thuta Gabar

Leave a Reply

Your email address will not be published. Required fields are marked *