ဘီလူးစီးခြင်းနှင့်ဖြစ်ရတဲ့အကြောင်းအရင်း

ဘီလူးစီးခြင်းနှင့်ဖြစ်ရတဲ့အကြောင်းအရင်း

တစ်ခါတလေ ညလယ်ကောင်မှာ အိပ်မောကျနေရာက ရုတ်တရက်လန့်နိုးလာပြီး မျက်လုံးလဲ ဖွင့်လို့မရ၊ ခန္ဓာကိုယ်ကလဲ လှုပ်ရှားလိုမရ၊ ရင်ဘတ်ပေါ် တစ်စုံတစ်ခုတက်ဖိထားသလို လေးလံပြီး အသက်ရှူကြပ်၊ ချွေးစေးတွေပြန်ကာ ကူကယ်ရာမဲ့ အဖြစ်မျိုး လူအတော်များများကြုံဖူးကြပါမည်။

ဤကဲ့သို့ဖြစ်စဉ်ကို အများက ရင်ဘတ်ပေါ်ကို ဘီလူး သို့မဟုတ် မကောင်းဆိုးဝါးတစ်ကောင်တက်ဖိထားတယ်၊ ခွစီးထားတယ်လို့ တင်စားကြပြီး ဘီလူးစီးတယ်လို့ အလွယ်ခေါ်လေ့ရှိပါသည်။ ဒါကို သိပ္ပံ နည်းအရတော့ Sleep Paralysis လို့ခေါ်ပါသည်။

အိပ်မက်ဆိုးမက်ခြင်းနှင့် ဘီလူးစီးခြင်း (Sleep Paralysis) တို့ဟာ မတူကွဲပြားသော ဖြစ်ရပ် ၂ ခုပင်ဖြစ်ပါသည်။လူတိုင်းမက်နေကျ အိပ်မက်ဆိုးတွေဟာ အသိစိတ်ဝင်လာပြီး မျက်စိဖွင့်လိုက်တာနဲ့ ချက်ချင်းနိုးထလာပြီး ရုန်းထွက်နိုင်ပေမဲ့

Sleep Paralysis ဖြစ်စဉ်မှာတော့ လူက မျက်လုံးဖွင့်ဖို့ကြိုးစားပေမယ့် ဖွင့်မရဘဲ အကြောတွေဆိုင်းကာ ခန္ဓာကိုယ်လေးလံနေပြီး စိတ်ကပဲ နိုးနေသလို ခံစားရတာမျိုးဖြစ်ပါသည်။ ဒီလို ဖြစ်စဉ်တွေကို ကြုံဖူးကြသူတွေကတော့ အိပ်မက်ဆိုးမက်ခြင်း နှင့် Seep Paralysis ဖြစ်ခြင်းကို ကောင်းစွာ ခွဲခြားနိုင်ပါလိမ့်မည်။

Sleep Paralysis ရဲ့ သိသာထင်ရှားတဲ့ လက္ခဏာတွေဟာ အသက်ရှူမဝခြင်း၊မွန်းကြပ်မောဟိုက်ပြီး ဇော‌ချွေးပြန်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်ဘတ်ပေါ်တွင် တစ်စုံတစ်ယောက် လာဖိထားသကဲ့သို့ လေးလံကာ လှုပ်မရခြင်း၊ ပြင်ပတွင် တကယ်မရှိသည်များကို မြင်ယောင်လာခြင်း၊

ကြောက်မက်ဖွယ်ရာကောင်းဆိုးဝါး သို့မဟုတ် သဘာဝလွန်တစ်စုံတစ်ခုချဉ်းကပ်လာသည်ဟု ခံစားရခြင်း၊ စိုးရိမ် ထိက်လန့်မှုနှင့်အတူ အားငယ်ခြင်း၊ အကြောက်လွန်ခြင်း စသည် တို့ဖြစ်ပါသည်။ ဒီလိုဖြစ်ရပ်ကို လူတိုင်း အနည်းနဲ့အများကြုံဖူးကြမှာဖြစ်ပြီး တစ်ခါဆို ဆိုသလောက် မှတ်သွားလောက်အောင် ရင်ထိတ်စရာကောင်းတာပဲ ဖြစ်ပါသည်

ယခုလို Sleep Paralysis ဖြစ်စဉ်နှင့်ပတ်သက်ပြီးတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ နေရာဒေသအလိုက် ရိုးရာယုံကြည်မှုတွေအရလည်းကောင်း၊ ပါးစပ်ရာဇဝင်တွေအရလည်းကောင်း အမျိုးမျိုး ယုံကြည်လေ့ရှိပါသည်။

ဥပမာ- တရုတ်တွင် Ghost Oppression (တစ္ဆေသရဲတက်ဖိထားခြင်း)၊ အလားတူ ဂျပန်တွင်လည်း ဤဖြစ်စဉ်ကို Kanashibari ဟုခေါ်ပြီး မကောင်းဆိုးဝါး ဝိညာဉ် တို့ကြောင့် ဖြစ်သည်ဟု ယူဆကြသည်။

ထိုင်း၊ ကမ္ဘောဒီးယား လာအိုတို့တွင် အိပ်စက်နေစဉ် တစ္ဆေသရဲတို့က လာနောင့် ယှက်သည်ဟု ယုံကြည်ကြပြီး အမေရိကတွင်မူ ဂြိုဟ်သားတို့၏ လုပ်ရပ်ဟု ယူဆကာ ရာဇဝင်အမျိုးမျိုးရှိကြပါသည်။ မည်သို့ပင် အမည်အမျိုးမျိုး၊ ထင်မြင်ချက်အမျိုးမျိုးဖြင့် ယူဆကြကာပူ ခံစားရသည့်လက္ခဏာများမှာ တစ်ထပ်တည်းပင်ဖြစ်သည်။

Sleep Paralysis ဖြစ်စဉ်ကို သိပ္ပံနည်းကျ ဆေးဘက်ဆိုင်ရာ အမြင်အရ ပြောရမည်ဆိုလျှင် လူတစ်ယောက်အိပ်နေချိန် REM (Rapid Eye Movement) နှင့် NREM(Non Rapid Eye Movement) ဆိုတဲ့ အဆင့် ၂ ဆင့်ဟာ တစ်လှည့်စီဖြစ်ပွားပါသည်။

ဤသို့တစ်လှည့်စီဖြစ်စဉ်ဟာ ပျမ်းမျှအားဖြင့် တစ်ညလျှင် ၃ ကြိမ် မှ ၅ ကြိမ်အထိဖြစ်ပွားပြီး အိပ်မက်တွေကို REM အဆင့်မှာ မက်ကြတာဖြစ်ပါသည်။ ထိုကြောင့် REM အဆင့်မှာ အိပ်မက်ထဲကကဲ့သို့ လက်တွေ့တွင် လိုက်၍မလှုပ်ရှားမိစေရန် ဦးနှောက်က ခန္ဓာကိုယ်ရှိ ကြွက်သားတွေကို ထိန်းချုပ်ထားပါသည်။

NREM အဆင့်သို့ ပြန်ပြောင်းချိန်မှသာ ကြွက်သားတွေကို ဖြေလျှော့ပေးတာဖြစ်သည်။ ဒါကြောင့် REM အဆင့်ကနေ NREM အဆင့်ကို မပြောင်းခင်မှာ နိုးလာမယ်ဆိုရင် ဦးနှောက်က ကြွက်သားတွေကို ထိန်းချုပ်ထားဆဲ ဖြစ်တာကြောင့် လှုပ်ရှားမရ၊ မျက်စိဖွင့်လို့မရ၊ အော်လို့ရတာပဲဖြစ်ပါသည်။

ဦးနှောက်ဆီကို အောက်ဆီဂျင် ရောက်တာနည်းတဲ့အခါမှာလဲ လူကနိုးပေမဲ့ ဦးနောက်က မနိုးသေးဘူးဟု မှတ်ယူကာ ကြွက်သားတွေကို ဖြေလျှော့မပေးတာပဲဖြစ်ပါသည်။

ထိုအချိန်တွင် Sleep Paralysis စတင်ဖြစ်တာ ဖြစ်ပါသည်။ Sleep Paralysis ဖြစ်စဉ်မှာ မျက်စိက ဖွင့်မရမဲ့ မိမိပတ်ဝန်းကျင်က တွေ့မြင်နေကျအရာတွေကို ၊ ဦးနှောက်က မှတ်ထားတာကြောင့် အမြင်အာရုံရှိနေသလို ခံစားရ တာပဲဖြစ်ပါသည်။

ခန္ဓာကိုယ်ကတော့ လုံးဝရွေ့မရဘဲ လေးလံမြဲ လေးလံနေပါသည်။ အများစုကတော့ ထိုကဲ့သို့အခြေအနေတွင် ထိတ်လန့်စိတ်ဖြစ်ပေါ်လာပြီး နိုးတစ်ဝက် အိပ်တစ်ဝက် ကယောင်ခြောက်ခြားဖြင့် ကိုယ်ပေါ်ကို မကောင်းဆိုးဝါးတစ်ကောင်ကောင် လာတက်ဖိထားပြီး အသက်ရှူမရ၊ လှုပ်မရအောင် လုပ်ထားတယ်လို့ အတွေရောက်ကြပါတယ်။

ထိုကဲ့သို့ အတွေးတွေကနေ ကိုယ့်ဆီကို ကြောက်မက်ဖွယ် တစ်ခုခုချဉ်းကပ်လာတယ်လို့ ခံစားရတာမျိုး၊ အရိပ်မည်းကြီး ကိုယ့်ဆီရွေ့လာတာမျိုး၊ ခြေသံတွေကြားရခြင်း၊ ခြောက်ခြားရာ အသံတွေကြားရခြင်းနှင့် ပုံမှန်မဟုတ်တဲ့ သတ္တဝါဆိုးတွေကို မြင်ရခြင်း စသည်ဖြင့် အပြင်မှာ တကယ်မရှိသည်များကို မြင်ယောင် ကြားယောင်စေပါသည်။

ဒီအချက်တွေဟာ တကယ်တော့ ထိတ်လန့်နေချိန်မှာ မသိစိတ်ကနေ အလိုလိုဖြစ်လာတဲ့ ပုံရိပ်တွေအတွေးတွေကို ပုံဖော်ပေးလိုက်ခြင်းဖြစ်ပါသည်။ ကိုယ့်စိတ်ကပဲ ကိုယ့်ကို ပြန်ခြောက်လှန့်နေတာဖြစ်ပြီး နောက်ထပ်မကြုံချင်လောက်အောင် ခံရခက်လှပါသည်။

Sleep Paralysis ဘာကြောင့်ဖြစ်ရသလဲ ဘယ်လိုလူတွေမှာဖြစ်တတ်သလဲဆိုရင် အိပ်ချိန်မမှန်ခြင်း၊ အိပ်ချိန် ကမောက်ကမဖြစ်ခြင်း၊ အိပ်ရေးပျက်လွန်းခြင်း၊ဒာရက်နှင့်မူးယစ် ဆေးအလွန်အကျွံသုံးခြင်း၊ ပင်ပန်းလွန်းခြင်း၊ စိတ်ဖိစီးမှုများခြင်း တို့ကြောင့် ဖြစ်တတ်ပါသည်။

အိပ်ခန်းထဲတွင် အပင်များ စုပြုံထားခြင်း၊ အောက်ဆီဂျင်ကောင်းစွာမရခြင်းတို့ကြောင့် လည်း ဖြစ်ပေါ်တတ်ပါသည်။ အားကစားသမားများ၊ အိပ်နေစဉ် ကြွက်တက်လေ့ရှိသူများ၊ဒာရက်နှင့်မူးယစ်ဆေးသုံးသူများ၊ အိပ်မပျော်ခြင်းရောဂါ (Insomnia)ရှိသူ၊ PTSD, Bipolar Disorder အစရှိသည့် စိတ်နှင့်ဆက်နွှယ်သည့် ပြဿနာ ရှိသူများ၊

Narcolepsy, Apnea ကဲ့သို့ အိပ်စက်ခြင်းနှင့်သက်ဆိုင်သည့်ရောဂါ သို့မဟုတ် ပြဿနာရှိသူတွေမှာ အဖြစ်များပါသည်။ တစ်ခါတစ်ရံ မိမိသောက်သုံးနေတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်တတ်ကြောင်း တွေ့ရှိရပါသည်။

Sleep Paralysis ဖြစ်စဉ်ကို ကာကွယ်လို့ရသည့် နည်းလမ်းတွေရှိပါသည်။ အဲဒါတွေကတော့ အိပ်ချိန်မှန်အောင် ဂရုစိုက်ပြီး အိပ်ရေးဝအောင်အိပ်ခြင်း၊ မအိပ်ခင် ပြင်းထန်သော လေ့ကျင့်ခန်းများပြုလုပ်ခြင်းကို ရှောင်ကြဉ်ခြင်း၊မူးယစ်ဆေး၊ဒာရက် အလွန်အကျွံသောက်ပါက လျှော့ခြင်း၊ ဖြတ်ခြင်း၊ ပက်လက် သို့မဟုတ် အိပ်ရာပုံစံမပြောင်းဘဲ တစ်သမတ်တည်း အိပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အိပ်မပျော်သောရောဂါ၊အခြားစိတ်နှင့်ဆိုင်သော ပြဿနာရောဂါများရှိပါက သက်ဆိုင်ရာကျွမ်းကျင် ဆရာဝန်များနှင့် ကုထုံးများခံယူခြင်း စသည်တို့ဖြင့် ကာကွယ်ကုသနိုင်ပါသည်။

Sleep Paralysis ဖြစ်စဉ်ဟာ အသက်အန္တရာယ် မရှိတာဖြစ်လို့ တအားစိုးရိမ်ပူပန်နေစရာမလိုပါ။ သို့သော်လည်း ထိတ်လန့်စရာ အတွေ့အကြုံတို့ကြောင့် သတိထားကြိုတင်ကာကွယ်လိုသူတို့အတွက် မှတ်သားဖွယ်ရာအဖြစ် ရေးသားလိုက်ရပါသည်။

Credit- Author:ရွှေယုန်

Leave a Reply

Your email address will not be published.