ရှပ်ရှင်ဇာတ်ကားမဟုတ်သည့် အပြင်လောကမှ စွမ်းအားရှင်များ

ရှပ်ရှင်ဇာတ်ကားမဟုတ်သည့် အပြင်လောကမှ စွမ်းအားရှင်များ

ရုပ်ရှင်ဇာတ်ကားများတွင်ပါဝင်သည့် နည်းပညာ အသစ်အဆန်းများနှင့် စွမ်းအားရှင်များကို ကြည့်ရှုကြရသည့်အခါ ကျွန်ုပ်တို့ကိုယ်တိုင် ထိုသို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်လိုချင်စိတ်များပင် ဖြစ်ပေါ်မိခဲ့ကြပါသည်။

၎င်းရုပ်ရှင်ဇာတ်ကားများထဲကကဲ့သို့သော ထူးခြားသည့် စွမ်းအားရှင်များ လက်တွေ့ အပြင်လောကတွင် ရှိနေခဲ့ပါသည်။မည်သူများက မည်သို့သော စွမ်းအားများကို ပိုင်ဆိုင်ထားကြောင်း ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။

(၁) ကိုယ်ဖော့ပညာရှင်

ရှီလီလျန်(Shi Liliang)သည် ငယ်စဉ်အခါ ၁၉၈ဝ ပြည့်နှစ်တွင် ရှောင်လင်ဝူရှူးသိုင်းပညာ၏ ဆွဲဆောင်မှုများကို ပြသပြီး ‘ရေပေါ်တွင် ပျံသန်းခြင်း”ကဲ့သို့သောအရာကို လုပ်ဆောင်ပြသချင်ခဲ့သည်။

၎င်းသည် ၂၀၀၀ ပြည့်နှစ်တွင် ရှောင်လင်ဘုန်းကြီးကျောင်းကို ဝင်ရောက်ခဲ့ပြီး သိုင်းပညာများကို သင်ယူခဲ့သည်။ ထို့နောက်တွင် အိပ်မက်များကို အကောင်အထည် ဖော်နိုင်ခဲ့သည်။

ရေပေါ်တွင် ပြေးခြင်းက မြေပြင်ပေါ်တွင် ပြေးရခြင်းနှင့်မတူဘဲ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းရပြီး တစ်ချိန်တည်းတွင် ရှေ့ဆက်ရန်အတွက်လည်း စွမ်းအင်အားလုံးကို အသုံးပြုရန်လိုအပ်သည်ဟု ၎င်းက ဆိုသည်။

မည်သည့် အထောက်အကူမှမပါဘဲ ရေပေါ်တွင်ပြေးရန်၊ သို့မဟုတ် ရပ်တည်ရန်မဖြစ်နိုင်သောကြောင့် တစ်စက္ကန့်မျှ ရေပေါ်တွင် ရပ်နိုင်အောင် ဘုတ်ပြားများကို သုံးခဲ့သည်။ ရှောင်လင်ဘုန်းကြီးတစ်ပါးဖြစ်သည့် ရှီလီလျန်သည် ရေမျက်နှာပြင်ပေါ် မီတာ ၁၂၅ အထိ ပြေးနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့သည်။

(၂) သံလိုက်လူသား

သံလိုက်ဓာတ် စွမ်းအားရှိသူများစွာရှိသည့် အနက်မှ လီသော်လင်း(Liew Thow Lin) ဆိုသူမှာ လူသိအများဆုံး စွမ်းအားရှင်တစ်ဦးဖြစ်သည်။ လီသော်လင်းကို ၁၉၃ဝ ပြည့်နှစ်၊ မတ်လ ၃၁ ရက်တွင်မွေးဖွားပြီး တရုတ်နွယ်ဖွား မလေးလူမျိုးတစ်ဦးဖြစ်သည်။

ထူးခြားသည့် သံလိုက်ဓာတ်စွမ်းအား ရှိသောကြောင့် လူအများက စိတ်ဝင်စားလျက်ရှိကြသည်။ ၎င်း၏ ခန္ဓာကိုယ်တွင် အလေးချိန် ၂ ကီလိုဂရမ် (၄ ဒသမ ၄ ပေါင်)၊ သတ္တုပစ္စည်းများဆိုပါက ၃၆ ကီလိုဂရမ်အထိ ကပ်၍ထားနိုင်သည်။

၎င်း၏ စွမ်းရည်များကိုအသုံးပြု၍ ကားတစ်စီးကို ဆွဲပြခဲ့ပြီး ပရဟိတပွဲများစွာတွင်လည်း ဖျော်ဖြေခဲ့သည်။ မလေးရှားနိုင်ငံ၏ နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင်များက ၎င်း၏အရေပြားက ကပ်နိုင်စွမ်းအားကို ထောက်ပံ့ပေးသည့်အတွက် ပွတ်တိုက်အားအမြင့်ဆုံးရှိသည်ဟု ဖော်ထုတ်ခဲ့ကြပါသည်။

လီသော်လင်း၏ မျိုးရိုးဗီဇ စရိုက်လက္ခဏာများက ၎င်း၏ မြေး ၃ ဦးထံတွင် ပါလာခဲ့သည်။ လီသည် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် ကွယ်လွန်ခဲ့သည်။

(၃) ရော်ဘာလူသား

ဒန်နီရယ် ဘရောင်းနင်း စမစ်(Daniel Browning Smith)သည် အမေရိကန်ရုပ်သံအစီအစဉ်တွင် သရုပ်ဆောင်ခဲ့ပြီး ၁၉၇၉ ခုနှစ်၊ မေလ ၈ ရက်တွင် Meridian ၊ မစ္စစ္စပီပြည်နယ်တွင် မွေးဖွားခဲ့သည်။

သမိုင်းတွင် ပြောင်းလွယ် ပြင်လွယ် အလုပ်နိုင်ဆုံး ပုဂ္ဂိုလ်ဟူသောဘွဲ့ကို ရရှိခဲ့ပြီး စုစုပေါင်း ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်း ၇ ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ၎င်းသည် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲဖြစ်သည့် Stan Lee’s Super ဇာတ်ကားတွင် အဓိကသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး အသက်ဆယ့်ရှစ်နှစ် အရွယ်တွင် Contortionist လှည့်ကွက်များစွာကို ပိုင်ဆိုင်ခဲ့ပြီး ဆပ်ကပ်အဖွဲ့သို့ဝင်ရန် အိမ်ကထွက်ပြေးခဲ့သည်။

၎င်း၏ အရပ်အမြင့်မှာ ၅ ပေ ၈ လက်မ (၁ ဒသမ ၇၃ မီတာ) ရှိသည်။ ခန္ဓာကိုယ် ပျော့ပျောင်းပြီး လိုသလိုကွေးကောက်နိုင်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ရော်ဘာလူသား တစ်ဦးဖြစ်သည်။

၎င်းက တီဗီအစီအစဉ်တင်ဆက်သူ၊ ဟာသပညာရှင်၊ အားကစားသတင်း ကြေညာသူ ဖြစ်သည့်အပြင် ကမ္ဘာပေါ်မှာ ခန္ဓာကိုယ်အပျော့ဆုံး လူသားတစ်ဦးဖြစ်သည့်အတွက် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခြင်းခံရသဖြင့် လူတိုင်းက ၎င်း၏နာမည်ကို ရင်းနှီးပြီးသား ဖြစ်သွားခဲ့ပါသည်။

(၄) နှစ်ပေါင်းများစွာ မအိပ်ဘဲနေနိုင်သူ

ထိုင်းနော့(Thái Ngọc) ကို ၁၉၄၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ခေးစမ်းဒေသတွင် မွေးဖွားခဲ့ပြီး ငုရင်တင်ဘေးဆိုသူ အမျိုးသမီးနှင့် အိမ်ထောင်ကျကာ သားသမီးတစ်ဦးထွန်းကားခဲ့သည်။

ဗီယက်နမ် သတင်းအဖွဲ့အစည်းတစ်ခု၏အဆိုအရ ထိုင်းနော့သည် ၄၆ နှစ် မအိပ်ဘဲနေခဲ့သည်ဆိုသောကြောင့် လူသိများခဲ့ခြင်းဖြစ်သည်။ ၎င်းက လယ်သမား တစ်ဦးလည်း ဖြစ်သည်။

၁၉၇၃ ခုနှစ်တွင် အဖျားကြီးပြီးနောက် မျက်စိတစ်မှိတ်မျှအိပ်၍ မရခဲ့ခြင်းဖြစ်သည်။ ထိုသူသည် ဆေးဝါးများ၊ ရိုးရာကုထုံးများနှင့် ဒာရက်များကို အလွန် အကျွံ သောက်ခြင်းများကို ပြုလုပ်ခဲ့သော်လည်း မည်သို့မျှ အကျိုးသက်ရောက်မှုမရှိခဲ့ချေ။

၎င်းက အိပ်ရေးမဝသည့်အခါ အတွင်းပိုင်းချို့ယွင်းမှု အမျိုးမျိုးကို အရှုံးပေးနိုင်သည့် သာမန်လူသားများနှင့်မတူဘဲ ပြီးပြည့်စုံသည့် ကျန်းမာရေးကို ပိုင်ဆိုင်ထားသည်။ သို့သော် ထိုသူက မအိပ်ဘဲ နေခဲ့သည့်တိုင်အောင် စိတ်အခြေအနေ ကောင်းမွန်လျက်ရှိပြီး နေ့တိုင်းအလုပ်လုပ်နိုင်ပေသည်။

(၅) မှတ်ဉာဏ်အားကောင်းသူ

စတီဖန် ဝစ်တ်ရှိုင်းယား (Stephen Wiltshire )ကို ၁၉၇၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် လန်ဒန်မြို့၊ ယူနိုက်တက်ကင်းဒမ်း၌ မွေးဖွားခဲ့သည်။ စတီဗင်သည် MBE၊ Hon.FSAI၊Hon.FSSAA စသည့်ဘွဲ့များကို ရရှိထားသူတစ်ဦးလည်း ဖြစ်သည်။

ထို့ပြင် ၎င်းက ဗြိတိန်လူမျိုး ဗိသုကာပညာရှင် တစ်ဦးဖြစ်သည့်အပြင် ဆေးဝါးဖော်စပ်ရာ၌ ကျွမ်းကျင်သူပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် မည်သည့်အရာမျိုးကိုမဆို တစ်ခါမြင်လိုက်ရုံမျှဖြင့် မှတ်ဉာဏ်ထဲက ရှုခင်းများကို ပြန်လည်ဖန်တီးရေးဆွဲနိုင်သောကြောင့် လူသိများခြင်းဖြစ်သည်။ ၎င်း၏လက်ရာ များသည် ကမ္ဘာတစ်ဝန်းတွင် ကျော်ကြားမှုကို ရရှိခဲ့သည်။

Author: ဟန်မင်းဆက်

Leave a Reply

Your email address will not be published.