မြန်မာနိုင်ငံမှ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး

မြန်မာနိုင်ငံမှ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး

မန္တလေးမြို့သည် မြန်မာဘုရင်တို့၏ နောက်ဆုံးမြို့တော်ဖြစ်သည်။လှပသာယာ‌သော မြို့တော်ဖြစ်သည့်အပြင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည့်စုံနေသည် သာမက မြန်မာလူမျိုးတို့၏ တော်ဝင်ကျက်သရေကို ဖော်ကျူးရာမြို့လည်း ဖြစ်ပေသည်။

အဆိုပါ ထူးခြားဂုဏ်ယူဖွယ်ရာ အင်္ဂါရပ်များဖြင့် ပြည့်စုံနေသည့် မန္တလေးမြို့၌ မ္ဘာ့အကြီးဆုံးစာအုပ်ကြီးလည်း ရှိနေသည်မှာ ပို၍ပင် ဂုဏ်ယူဖွယ်ရာကောင်းပေသည်။အဆိုပါအုပ်ကြီးမှာ လွန်စွာကြုံတောင့်ကြုံခဲ မြင်ရခဲပြီး တန်ဖိုးကြီးမားလှပေသည်။

အဘယ်ကြောင့်ဆိုသော် တစ်နေရာထဲ၌ တစုတစည်းတည်း တွေ့မြင်ရသည့် အ‌နေအထားမျိုးဖြစ်ပြီး ဂရုတစိုက်ဖတ်သူများနှင့် သာမန်ကာလျှံကာ ဖတ်သူများအတွက်ပါ အလွယ်တကူ ဖတ်ရှု့ရန် အဆင်ပြေလှပေသည်။

စာအုပ်ကြီးမှာ ကြီးမားလွန်းလှသည့် အတွက် စာကြည့်တိုက်တစ်ခုအတွင်း ထားသလိုမျိုး အနေအထားမျိုးတော့ မဟုတ်ပါချေ။မန္တလေးတောင်ခြေရှိ ကုသိုလ်တော် ဘုရားဝင်းအတွင်း ထားရှိသည့် စာအုပ်ကြီးဖြစ်ပါသည်။

စာအုပ်ကြီးဟု တင်စားခေါ်ဝေါ်ရမည့် ထိုအရာမှာ စာကျင်ကျောက်သားမျက်နှာ နှစ်ဖက်ပေါ်တွင် ရေးသွင်းထားသည့် မြတ်စွာဘုရား၏ နှုတ်ထွက်စကား ကျောက်စာချပ်ကြီးများသာ ဖြစ်ပါသည်။

အဆိုပါ စကျင်ကျောက်ချပ်ကြီးများမှာ အဖြူရောင် ကျောက်တုံးကြီးများဖြစ်ပြီး မန္တလေးမြို့၏ မြောက်ဘက် မိုင်အနည်းငယ်ဝေးသော စကျင်အောင် ကျောက်တွင်းမှ ယူဆောင်ထားခြင်းဖြစ်သည်။

ပိဋကတ်စာ ရေးထွင်းထားသည့် ကျောက်စာတစ်ချပ်စီးကို မြေအဝင် တစ်တောင်ကျ စိုက်သွင်းထားပြီး ကျောင်းဆောင် အဖိုးတစ်ခုစီဖြင့် သီးခြားထားရှိပါသည်။ ကျောက်ထက် အက္ခရာတင်ထားသည့်အရာများမှာ မြတ်စွာဘုရား၏ပါဠိပိဋကတ်တော်များ ဖြစ်ပြီး ဝိနယပိဋကတ်တော်များကို ကျောက်စာ ၁၁၁ ချုပ် ဖြင့်လည်းကောင်း ၊သုတ္တန်ပိဋကတ်တော်များကို ကျောက်စာ ၂၀၈ ချပ်ဖြင့်လည်းကောင်း ရေးထွင်းထားသည်။

ကုန်းဘောင်မင်းဆက်၏ ၁၀ ဆက်မြောက် ဘုရင်ဖြစ်တော်မူသော မင်းတုန်းမင်း(အေဒီ ၁၈၅၂-၁၈၇၈) လက်ထက်တွင်မူ ပိဋကတ်သုံးပုံကို ကျောက်ထက် အက္ခရာတင်ရန် စိတ်ကူးအကြံဖြစ်ပေါ်ခဲ့သည်။

မင်းတုန်းမင်းကြီးသည် မြန်မာနိုင်ငံ၌ ဗုဒ္ဓသာသနာနှင့်ပတ်သက်၍ ထူးထူးခြားခြား စွမ်းဆောင်အားပေးခဲ့သည့် ဘုရင်တစ်ပါးဖြစ်လေသည်။မင်းကြီး၏ နန်းစံသက် ၂၆ နှစ်အတွင်း ရတနာသုံးပါးနှင့်စပ်လျဉ်းသည့် ကုသိုလ်တော် အရပ်ရပ်အတွက် စုစုပေါင်း ကုန်ကျငွေမှာ ၂၂ ကု‌ဋေနှင့် ၆ သန်းကျော်မျှ ရက်ရောစွာပေးလှူ ကုန်ကျမှုရှိခဲ့သည်။

အတုမရှိကျောင်းတော်ကြီး (အတုလမဟာဝိဟာရ) ဆောက်လုပ် လှူဒါန်းရန်အတွက် ငွေ ၃၀ သုံးစွဲခဲ့သည်။ ပိဋကတ်သုံးပုံကို ပဉ္စမသင်္ဂါယနာတင်ပြီး နောက် စကျင်ကျောက် ချပ်ကြီး ပေါင်း ၇၂၉ ချပ်ပေါ်တွင် ပိဋကတ်စာပေ ကမ္ဗည်းအက္ခရာတင်လျက် မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရားဝင်းအတွင်း စိုက်ထူကိုးကွယ်မှုအတွက် ငွေသန်း ၁၅၀ အသုံးပြုခဲ့ကြောင်း ဆရာကြီး ပါရဂူရေးသား သည့် “မြန်မာ-သီရိလင်္ကာ သာသနာဆက် သွယ်ရေး”စာအုပ်၌ ရေးသားဖော်ပြထားသည်။

မင်းတုန်းမင်းကြီး၏ကျောက်ထက်အက္ခရာတင်သည့် ကုသိုလ်တော်လုပ်ငန်းကို နန်းတက်ပြီး ရှစ်နှစ်အကြာတွင် ဗုဒ္ဓသာသနာတော်ကို အခွန့်ရှည်တည်တံ့ထွန်းလင်း စေလိုသည့်အတွက် ရှေးယခင်က ဘယ်မင်းကမျှ မလှူဖူးသေးသောအလှူမျိုးကို လှူမည်ဆိုကာ အဆိုပါ ပိဋကတ်ကျောက်စာအလှူကို ဦးစီးလှူဒါန်းခဲ့ခြင်း ဖြစ်ပေသည်။

ပိဋကတ်သုံးပုံကို မြန်မာသက္ကရာဇ် ၁၂၁၈ ခုနှစ်တွင် အသစ်တစ်ဖန် ရွှေရေး၊မင်ရေးနှင့် ကညစ်ရေးတို့ဖြင့် သုံးမျိုးသုံးစား ပေထက်အက္ခရာတင်ရန် ရေးကူးစေခဲ့သည်။ ပေပေါ် ကူးမရေးခင်ကာလတွင်လည်း အမှန်ကန်ဆုံး ဖြစ်စေရန် ပိဋကတ်ဆရာတော် လေးပါး ၊စာကြည့်ဆရာတော် ၃၀၊ စာတည်းဆရာ တော် ၅ဝ နှင့် ပရိယတ်ကျွမ်းကျင်သော သံဃာအပါး ၅ဝ တို့က ရေးကူးမည့်စာများကို စေ့စပ်သေချာစွာ ကြည့်ရှုကြသည်။

ပေပေါ် ရေးတင်သည့်ကာလတွင်လည်း ကြီးကြပ်ပြင်ဆင်ရန်အတွက် ဒက္ခိဏရာမ ဆရာတော်၊ စီးတော်မြင်းဝန်တိုက် ဆရာတော်၊ ဆီးဘန်းနီ ဆရာတော်တို့က တာဝန်ယူကြသည်။ ထိုသို့ ရေးကူးခြင်းများကို စိစစ်ကြည့်ရှုပြီးချိန်မှာ လေးနှစ်ကြာမြင့်ခဲ့သည်။ထို့နောက်တွင် ကျောက်ထက်အက္ခရာတင်ခဲ့ကြသည်။

ကျောက်ထက်အက္ခရာ ရေးထိုးခြင်းလုပ်ငန်းကို ကြီးကြပ်ရာတွင် တောင်ဆောင်တော် မိဖုရား၏ ဆရာတော်၊ မြတောင်မြို့စား သေနတ်ဝန်ကြီး၏ ဆရာတော်၊ စီးတော်မြင်းဝန်တိုက်ဆရာတော်တို့က တာဝန်ယူကြသည်။

တိုက်ဆရာတော်တို့က တာဝန်ယူကြသည်။ လူပုဂ္ဂိုလ်များအနေဖြင့် ၁။ အတွင်းဝန် ခန်းပတ်မြို့စားမင်းကြီး မဟာ သီရိဥဇနာ ၂။ အတွင်းဝန် ယောမြို့စားမင်းကြီး မင်းလှစည်သူ ၃။ သံတော်ဆင့် ခင်မမင်းဝန် မိုင်းခိုင်းမြို့စား မဟာသီရိဇေယျခေါ် ပိဋကတ်တော်အုပ် ဦးယံ ၄။ သံတော်ဆင့် နေမျိုးရာဇစည်သူ ၅။ အမိန့်တော်ရေး မင်းထင်ဇေယျသူ ၆။ အသုံးစာရေး နေမျိုးသီရိကျော်သူတို့ ဖြစ်ကြလေသည်။

မင်းတုန်းမင်းတရားကြီးသည် မြတ်စွာဘုရား၏ ပိဋကတ်တော်များကို ပေပုရပိုက် ပေါ်၌ ရေးကူးခြင်းတို့ဖြင့် မတင်းတိမ်နိုင်ဘဲ ခြမစားနိုင်၊ မီးမလောင်နိုင်၊ မပျောက်မရှနိုင်၊ မခိုးနိုင်၊ မဆွေးနိုင်၊ မပဲ့နိုင်၊ မစုတ်မပြဲနိုင်သည့် ကျောက်ချပ်တော်များအဖြစ် (နန်းတက်ပြီး ရှစ်နှစ်အရောက်တွင် ကမ္ဘာ့အကြီးဆုံး ကျောက်ချပ် ပိဋကတ်တိုက်ကြီးကို) ပြုလုပ် လှူဒါန်းတော်မူလေသည်။

ထို့ကြောင့် နန်းတွင်းသူ နန်းတွင်းသားများနှင့် အရပ်သူအရပ်သားတို့အတွက် ကောင်းမှု ကုသိုလ်အလို့ငှာ စကျင်တောင်မှ လှပပြီး ခိုင်ခံ့သော စကျင်ကျောက်တုံးများကို သယ်ယူစေပြီး ထွင်းထုစေသည်။

ဤကဲ့သို့ စကျင်ကျောက်ချပ်ကြီးများပေါ်၌ ပိဋကတ်ကျောက်စာများကို ရေးထွင်း သည့်အလုပ်အား ကြည်ညိုလေးစားရသည့် ဘုရားကြီးဆရာတော် အရှင်ဇာဂရ (အေဒီ ၁၈၁၀-၁၈၇၄)အမှူးပြုသော ဆရာတော်ကြီး သုံးပါးအား ကြီးကြပ်စေ၍ နန်းတော်အတွင်းရှိ အထူးအလုပ်ဆောင်တွင် သယ်ယူပြုလုပ်စေပါသည်။

ကျောက်ထက် အက္ခရာရေးထွင်းသည့် လုပ်ငန်းကို မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ ခရစ်နှစ် ၁၈၆ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၃၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၄ ရက်နေ့၊ ခရစ်နှစ် ၁၈၆၈ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ပြီးဆုံးခဲ့လေသည်။

အဆိုပါ ပိဋကတ်ကျောက်ချပ်ပေါင်း ၇၂၉ ချပ်ကို မင်းတုန်းမင်းကြီး တည်ထားကိုးကွယ်သည့် ကုသိုလ် တော်ဘုရား စေတီတော် မဟာရံတံတိုင်းဝင်းအတွင်း ထားရှိပူဇော်ပါသည်။ ပထမဝင်းအတွင်း၌ ကျောက်စာချပ်ရေ ၄၂ ချပ်ကိုလည်းကောင်း၊ ဒုတိယဝင်း အတွင်း၌ ကျောက်စာချပ်ရေ ၁၆၈ ချပ် ကိုလည်း ကောင်း၊ တတိယဝင်းအတွင်း၌ ကျောက်စာချပ်ရေ ၅၁၉ ချပ်ကိုလည်းကောင်း ထားရှိပါသည်။

ဤသို့ထားရှိပုံကို ပိဋကတ် သုံးပုံကို ဝင်းသုံးဝင်းထဲတွင် ဖြည့်ပြီး စိုက်ထူထားလေသည်။ အပြင်ဝင်းမှာ သုတ္တန္တပိဋကတ်၊ အလယ်ဝင်းအတွင်းမှာ အဘိဓမ္မာပိဋကတ်၊ အတွင်းဝင်းမှာ ဝိနယပိဋကတ်များဖြစ်သည်” ဟု ဒေါက်တာသန်းထွန်းရေးသားသည့် နယ်လှည့်ရာဇဝင်-တတိယတွဲ၌ ဖော်ပြထားပါသည်။

စေတီတော်မဟာရံတံတိုင်းအတွင်းရှိ အင်္ဂါထောင့်နေရာ၌ ပိဋကတ်သုံးပုံပါဠိတော် များအား ကျောက်ထက်အက္ခရာတင်သော အကြောင်းကို သံပိုင်းမော်ကွန်းနိဂုံး ကျောက်စာကြီးတစ်ချပ်အား ရေးထိုးပြီးစိုက်ထူကာ မှတ်တမ်းတင်ထားပါသည်။

အဆိုပါ ကျောက်ရုပ်ပိဋကတ်တိုက်ကြီးကို စာပေလေ့လာလိုက်စားသူ၊ ပိဋကတ်စာပေ ဗဟုသုတရှာမှီးလိုသူ၊ စာပေစုဆောင်းသို မှီးလိုသူ၊ စာပေဝါသနာပါသူတိုင်း မအံ့ဩဘဲ မနေနိုင် ဖြစ်ကြရသည်။

နိုင်ငံခြားသား ခရီးသွားများသည်ပင်လျှင် ကျောက်ချပ် ပိဋကတ်တိုက် ကျောင်းဆောင်များကိုကြည့်ရင်း ကျောက်စာချပ်များ၏ ထူးခြားမှုကို ၄င်းတို့၏ ခရီးစဉ်တွင် မှတ်တမ်းအဖြစ်ရေးသွင်းပြီး မြန်မာပြည်ကြီးကို ဂုဏ်ပြုကြလေသည်။

“မန္တလေးမြို့တွင် အထူးဆန်းဆုံးသော အရာဝတ္ထုသည် ကုသိုလ်တော်စေတီဖြစ်သည်။ ဤကုသိုလ်တော်ရင်ပြင်၌ ဗုဒ္ဓဓမ္မကို ကျောက်ထက်အက္ခရာ တင်ထားသည်။ကမ္ဘာ ပေါ်တွင် အကြီးမားဆုံးသော ဓမ္မကျမ်းစာအုပ်ပင်ဖြစ်လေသည်။” V.O Scott O Connor က Mandalay and Other Cities of the Past in Burma စာအုပ်တွင် ရေးသားဖော် ပြခဲ့ဖူးသည်။

ရှေးယခင်အခါက သံဃာတော် အပါး ၂၄၀၀ သည် ကျောက်စာပေါ်၌ ထွင်းထုထားသည့် ဓမ္မစာတမ်းများကို နေ့မအား ညမအား အသံမဆဲ ရွတ်ဖတ်ပူဇော်ရာတွင် ၅ လနှင့် ၃ ရက်ကြာမှ ပြီးဆုံးခဲ့သည်။

သာမန်လူတစ်ယောက်သည် အဆိုပါပိဋကတ်ကျောက်ချပ်များကို တစ်နေ့လျှင် ၈နာရီကြာ မနားတမ်း နေ့တိုင်းမှန်မှန်ဖတ်သွားလျှင်ပင် တစ်နှစ်နှင့် သုံးလကြာမှ ပြီးဆုံးမည်ဖြစ်သည်။

ကျောက်ချုပ်ကြီးများပေါ်တွင် မြတ်စွာ.ဘုရားဟောကြားတော်မူခဲ့သည့် ပိဋကတ်သုံးပုံအပြင် နေတ္တိကျမ်း၊ မိလိန္ဒပညာနှင့် ပေဋကောပဒေသအကြောင်းအရာများကို ပါဠိဘာ မြန်မာအက္ခရာ စာလုံးဝိုင်းများဖြင့် ရေးထွင်းထားပါသည်။

ကျောက်စာတစ်ချပ်ချင်းစီကို အမိုးပါရှိသည့် စေတီပုံသဏ္ဍာန်ကျောင်းဆောင်တစ်ခု စီဖြင့် ဘုရားတံတိုင်းဝင်းအတွင်း ထားရှိခြင်းဖြစ်သည်။ ကျောက်စာတစ်ချပ်ချင်းစီ၏ အမြင့်မှာ ငါးပေရှိပြီး အနံမှာ သုံးပေခွဲရှိကာ ဒု(ဗြက်)မှာ ငါးလက်မမှ ခြောက်လက်မအတွင်း ရှိပါသည်။

ကျောက်ထက်အက္ခရာရေးထွင်း စိုက်ထားသည့်ပုံစံမှာလည်း စာအုပ်အား ဖတ်ရှုရ ဘိသကဲ့သို့ စီစဉ်ထားရှိခြင်း ဖြစ်လေသည်။ ကျောက်စာချုပ်ကြီးများ တည်ရှိရာနေရာမှာ ၁၃ ဧကခန့် ကျယ်ဝန်းသည့် နေရာကြီးဖြစ်ပေသည်။

မင်းတုန်းမင်းကြီး လှူဒါန်းထားရှိခဲ့သည့် ပိဋကတ်ကျောက်စာချပ်ကြီးများသည် ယနေ့ အချိန်အခါဆိုလျှင် နှစ်ပေါင်း ၁၅၃ နီးပါးရှိခဲ့ ပြီဖြစ်သည်။ ထို့ကြောင့် ရန်သူမျိုးငါးပါး၏ ဘေးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ရည်မျှော်ကာ ထွင်းထုတည်ထားသည့် မြတ်ဗုဒ္ဓ၏ ကျောက်ချပ် ပိဋကတ်တော်များသည်

ရည်ညွှန်းကိုးကားရာ ကမ္ဘာ့အကြီးဆုံး ဓမ္မကျမ်း စာအုပ်ကြီးအဖြစ် အများပြည်သူတို့ အတွက် ဖွင့်လှစ်ထားရှိသည့် ပြည်သူ့ပိဋကတ်တိုက်တစ်ခုပင် ဖြစ်နေပေတော့သည်။

၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂ ပညာရေး၊သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ကမ္ဘာ့ရှေးဟောင်း အောက်မေ့ဖွယ် အမွေအနှစ် (Memory of The World Register) အဖြစ် စာရင်းသွင်း ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ်လည်း ဂင်းနစ်စံချိန် တင်ထားပါသည်။

Credit:Photo

Leave a Reply

Your email address will not be published.