ပိုဆိုးတဲ့ ကိုဗစ်မျိုးဗီဇကွဲအသစ်များ ထပ်မံပေါ်ပေါက်လာနိုင်ကြောင်း ပညာရှင်များ သတိပေး

ပိုဆိုးတဲ့ ကိုဗစ်မျိုးဗီဇကွဲအသစ်များ ထပ်မံပေါ်ပေါက်လာနိုင်ကြောင်း ပညာရှင်များ သတိပေး

ဒယ်လ်တာနှင့်အိုမီခရွန်တို့ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ကိုဗစ်မျိုးဗီဇကွဲအသစ်များ ထပ်မံပေါ်ပေါက်လာနိုင်ကြောင်း ပညာရှင်များက သတိပေး ပြောဆိုထားပါတယ်။

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားစေသော ဗိုင်းရပ်စ်မျိုးဗီဇကွဲများကို ဂရိအက္ခရာများဖြင့် အမည်ပေးလျက်ရှိရာ လက်ရှိတွင် အက္ခရာ “အို” အိုမီခရွန်သို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

သို့သော် ဗိုင်းရပ်စ်၏ သဘောသဘာဝအရ မျိုးဗီဇပြောင်းလဲမှုများ ဆက်ရှိနေဦးမည်ဖြစ်ရာ ဒယ်လ်တာကဲ့သို့ ပြင်းထန်ပြီး အိုမီခရွန်ကဲ့သို့ ကူးစက်မှုနှုန်း လျှင်မြန်သော ဗိုင်းရပ်စ်ဗီဇကွဲအသစ်များ ပေါ်ပေါက်လာနိုင်ခြေ ရှိနေသည်ဟု ပညာရှင်များက သတိပေးပြောဆိုထားကြောင်း အေပီသတင်းတွင် ဖော်ပြထားပါတယ်။

လက်ရှိပေါ်ပေါက်နေသော အိုမီခရွန်ဟာ ကူးစက်မှုနှုန်း အလွန်လျှင်မြန်နေပါတယ်။ ကမ္ဘာတစ်ဝန်း ကာကွယ်ဆေး ထိုးနှံထားသူ အများအပြား ရှိလာချိန်မှာပင် အိုမီခရွန်က အရှိန်အဟုန်ကောင်းကောင်းဖြင့် ကူးစက်ပျံ့နှံ့နေပါတယ်။

ကာကွယ်ဆေးနှစ်ကြိမ် အပြည့် အဝထိုးနှံထားသူများပင် ကူးစက်ခံနေရကြောင်း တွေ့ရှိထားပါတယ်။

လက်ရှိတွင် ကာကွယ်ဆေးများဟာ အိုမီခရွန်ကို ဟန့်တားနိုင် စွမ်းရှိနေသေးသည်ဟု သိရပါတယ်။ ထို့ကြောင့် ကာကွယ်ဆေးကို အားကိုး၍ ရနေချိန်တွင် ကိုဗစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ရန် အရေးကြီးပါတယ်။

ကိုဗစ်ကို အလဲမထိုးနိုင်ပါက ကိုဗစ်သည် မျိုးဗီဇကွဲအသစ်များဖြင့် ကမ္ဘာ့လူသားထုတစ်ရပ်လုံးကို ဆက်လက် ဒုက္ခပေးနေဦးမည်ဖြစ်ပါတယ်။ သန်းနှင့်ချီသော လူ့အသက်များကို ဆက်လက်နုတ်ယူနေဦးမည် ဖြစ်ပါတယ်။

အိုမီခရွန်ဟာ ယခင်က ဒယ်လ်တာဗိုင်းရပ်စ်ကူးစက်ခံရသူများကိုလည်း ထပ်မံကူးစက်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားသူများကိုလည်း ရံဖန်ရံခါ ကူးစက်နိုင်ပါတယ်။

ထိုကဲ့သို့ ကိုဗစ်သက်ဆိုးရှည်နေခြင်းဟာ ပိုမိုဆိုးရွားသော ဗီဇကွဲများ ပေါ်ပေါက်လာစေရန် လက်ယပ် ခေါ်နေသလို ဖြစ်နေသည်ဟု ပညာရှင်များက သတိပေး‌နေကြပါတယ်။

Credit _Author: မိုးအေး၊နိုင်ငံတကာရေးရာ

Leave a Reply

Your email address will not be published. Required fields are marked *