ရေငုပ်သင်္ဘောများအတွက် ခြိမ်းခြောက်မှု(သို့)တရုတ်က တီထွင်နေသည့် ကွမ်တမ်ရေဒါ

ရေငုပ်သင်္ဘောများအတွက် အကြီးမားဆုံးခြိမ်းခြောက်မှု (သို့) တရုတ်ကတီထွင်ထုတ်လုပ်နေသည့် ကွမ်တမ်ရေဒါ

လေ့လာမှုအချို့အရ ယနေ့ခေတ်နောက်ဆုံးပေါ် ရေငုပ်သင်္ဘော များဖြစ်သည့် Viginia နှင့် Sea Wolf အတန်းအစား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများသည် သမုဒ္ဒရာ၏ နောက်ခံ ဆူညံသံများထက် ၅ ဒက်ဆီဘယ်(dB)သာ ကျယ်လောင်မှုထွက်ပေါ်စေရန် တွက်ချက် တည်ဆောက်ထားသည်။

ထို့ပြင် တန်ဖိုးနည်းပါးသည့် Air Independent Propulsion တွန်းကန်အားစနစ်သုံး ရေငုပ်သင်္ဘောများသည်ပင် စစ်ရေး လေ့ကျင့်ခန်းများအတွင်း အမေရိကန်လေယာဉ်တင် သင်္ဘောများက ထောက်လှမ်းခံရခြင်း မရှိစေရန် လုပ်ဆောင် နိုင်ခဲ့ကြသည်။

သို့သော် ရေကြောင်းလေ့လာသုံးသပ်သူအချို့က ၂၁ ရာစုတွင် ရေငုပ်သင်္ဘောများ၏ ကိုယ်ပျောက်နိုင်စွမ်းသည် ကန့်သတ်ချက်ရှိလာခဲ့ပြီဖြစ်သည်ဟု ခန့်မှန်းကြသည်။

အကြောင်းမှာ အာရုံခံစွမ်းအားမြင့် ကြိမ်နှုန်းနိမ့် အသံလှိုင်းဖြင့် ရေအောက် ပစ်မှတ်ရှာကရိယာ (Sonar)များ အသံမထွက်အောင် ပြုလုပ်ထားခြင်းကို ကျော်လွှားဖမ်းယူနိုင်သည့် ခေတ်မီဂြိုဟ်တုအခြေပြု Optical အာရုံခံစနစ်များနှင့် သမုဒ္ဒရာ၏ နောက်ခံ ဆူညံသံများအကြား အချက်အလက်အများအပြားကို အသုံးပြု၍ ပစ်မှတ်အတုနှင့်အစစ်ကို ခွဲခြားစိစစ်နိုင်သည့် စွမ်းဆောင်ရည်မြင့် Computer Processor များပေါ်ထွက်လာသောကြောင့် ဖြစ်သည်။

တရုတ်သည် ရေအောက်မီတာ ၅၀၀ အနက်အထိတိုင်အောင်ရှိနေသည့် ရေငုပ်သင်္ဘောများကို ထောက်လှမ်းနိုင်ရန် ရည်ရွယ်သည့် ဂြိုဟ်တု အခြေပြု လေဆာပစ်မှတ် ထောက်လှမ်းမှုစနစ်တစ်ခုကို တီထွင်ထုတ်လုပ်လျက်ရှိသည်။

မကြာသေးမီက ကွမ်တမ်မက္ကင်းနစ် နည်းပညာသည် စစ်ဆင်ရေး နယ်ပယ်အသီးသီးရှိ အတားအဆီးများကို ကျော်ဖြတ်နိုင်သည့် အားအလာကို တွေ့မြင်ခဲ့ရသည်။

အထူးသဖြင့် ကွမ်တမ်ချိတ်ဆက်မှု (Ouantum Entanglement)ဟု ခေါ်သည့် နည်းလမ်းဖြင့် ဖိုတွန်အမှုန်များသည် ဝေးကွာသော အရပ်အထိ အတား အဆီးမရှိ ဖြတ်သန်းရောက်ရှိနိုင်မည် ဖြစ်သည်။

အကွာအဝေးပိုင်းတွင် ကန့်သတ်ချက်များ ရှိနေဆဲဖြစ်သော်လည်း ကွမ်တမ်အာရုံခံကိရိယာများနှင့် ဆက်သွယ်ရေးစနစ်များသည် သမားရိုးကျ ရေဒီယို ကြိမ်နှုန်းအာရုံခံစနစ်များတွင် တွေ့ကြုံရသည့် ကန့်သတ်ချက်နှင့် အားနည်းချက်များကို ကျော်လွှားနိုင်သည့် အလားအလာရှိနေသည်။

ထို့အတူ ဖိဖျက်နှောင့်ယှက်မှုကို ကျော်လွှားနိုင်ပြီး ကိုယ်ပျောက်လေယာဉ်များကိုလည်း ထိရောက်စွာ ဖမ်းယူနိုင်မည်ဖြစ်သည်။

ဤဆောင်းပါ ခေါင်းစဉ်ပါအတိုင်း တရုတ်သည် ကွမ်တမ်ရေဒါနည်းပညာတွင် အစောပိုင်းကာလ ကနဦးကစ၍ ဦးဆောင်နေခဲ့သည်ကို တွေ့ရသည်။

သို့သော်လည်း ကွမ်တမ်နည်းပညာအား လက်တွေ့မျက်မြင် အသုံးပြုနိုင်သည့်အနေအထားသို့ မည်မျှ မြန်ဆန်စွာ ရောက်ရှိလာနိုင်မည်ဆိုသည်ကိုတော့ စောင့်မျှော် ကြည့်ရှုရဦးမည် ဖြစ်သည်။

ယနေ့အထိ အသံထောက်လှမ်းမှုသည် ရေငုပ်သင်္ဘောများကို ထောက်လှမ်းခြေရာခံသည့် အဓိကနည်းလမ်းတစ်ခုအဖြစ် ရှိနေဆဲပင်ဖြစ်သည်။

စစ်ရေယာဉ်နှင့်ရေငုပ်သင်္ဘောများပေါ်တွင် Active နှင့် Passive Sonar များကို တပ်ဆင်ထားသော်လည်း ၎င်းတို့ကို ရေအောက်ပစ်မှတ်ထောက်လှမ်းရေး စနစ်များဖြင့် ဖမ်းယူနိုင်သည်။

P-8 Poseidon သို့မဟုတ် ဂျပန်၏ P-1 ရေကြောင်းကင်းလှည့် လေယာဉ်များနှင့် ရေငုပ်သင်္ဘောစစ်ဆင်ရေး ရဟတ်ယာဉ်များဖြစ်သည့် MH-60R Seahawk ရဟတ်ယာဉ်များသည် ရေကြောင်းနေရာပြဗွိုင် (Buoy) များကို ရေအောက်သို့ ချထားလေ့ရှိသည်။

မည်သို့ပင်ဖြစ်စေ ရေငုပ်သင်္ဘောစစ်ဆင်ရေးသမားများသည် သမိုင်းတွင် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သည့် Sonar ကို ကျော်လွန်၍ ထောက်ပံ့ပေးအပ်နိုင်သည့်နည်းပညာကို ထုတ်ဖော်နိုင်ခဲ့ပြီဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင် လေယာဉ်တင် ရေပြင်ရှာဖွေရေး ရေဒါများသည် ဂျာမန် U-Boat ရေငုပ်သင်္ဘော အများအပြားကို ပျက်သုဉ်းခြင်းသို့ ဦးတည်စေခဲ့သည်။

ဘက်ထရီများကို အားသွင်းရန် ညအချိန် ရေမျက်နှာပြင် အထက်သို့ တက်လာသည့် ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောများသည် ကင်းလှည့်လေယာဉ်များက ထောက်လှမ်းတွေ့ရှိပြီး ရေပြင်သို့ ထိုးဆင်းပျံသန်းတိုက်ခိုက်မှုများနှင့် တွေ့ကြုံခဲ့ရသည်။

လေရှူခေါင်းတိုင် (Snorkel) များသည် ရေငုပ်သင်္ဘောများအား ထောက်လှမ်းမခံရဘဲ လေကို စုပ်ယူနိုင်သည့်နည်းလမ်းကို ပေးအပ်ခဲ့သော်လည်း ခေတ်မီ Synthetic Aperture ရေဒါများနှင့်ဆိုလျှင် ၎င်းတို့ကို ဖမ်းယူတွေ့ရှိနိုင်မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ခေတ်မီရေငုပ်သင်္ဘောများတွင် အများစုပါဝင်သည့် ဒီဇယ်-လျှပ်စစ်ရေငုပ်သင်္ဘောများသည် Air Independent Propulsion စနစ်၊ သို့မဟုတ် နျူကလီးယားစွမ်းအင်ကို အသုံးပြုထားသည့်အတွက် ၎င်းတို့သည် ရက်သတ္တပတ်များစွာ သို့မဟုတ် လနှင့်ချီ၍ ရေမျက်နှာပြင်ပေါ်သို့ မတက်ဘဲ နေနိုင်စွမ်းရှိသည်။

တစ်ဖန် ရေငုပ်သင်္ဘောများကို အမဲလိုက်သည့် ရေငုပ်သင်္ဘော မုဆိုးများသည် ရေငုပ်သင်္ဘော၏ ဒီဇယ်အင်ဂျင်အိပ်ဇောကထွက်သည့် ဓာတုပစ္စည်းများကို အနံ့ခံရှာဖွေနိုင်သည့် Sniffer ကိရိယာများကို အသုံးပြုလာကြပြန်သည်။

SQUID Magnetometer

နောက်ထပ် ရေငုပ်သင်္ဘောများကို အမဲလိုက်ရာတွင် နာမည်ကျော်သည့် နည်းစနစ်တစ်ခုမှာ ရေငုပ်သင်္ဘော၏ သတ္ထုကိုယ်ထည်ကို ထောက်လှမ်းရှာဖွေသည့် Magnetic Anomaly Deteclor များကို အသုံးပြုခြင်းဖြစ်သည်။

MAD များ၏ ခြိမ်းခြောက်မှုကြောင့် နိုင်ငံတကာရေတပ်များသည် ရေငုပ်သင်္ဘောကိုယ်ထည်များတွင် သံလိုက်သတ္တိကို အနည်းဆုံးဖြစ်အောင် ဖယ်ရှားနိုင်ရေးလုပ်ဆောင်လာကြသည်။

ဂျာမနီသည် Type 212 နှင့် Type 214 ရေငုပ်သင်္ဘောများကို သတ္တုမဟုတ်သော ကိုယ်ထည်များဖြင့် တည်ဆောက်ခဲ့သည်။

ထို့ပြင် MAD များသည် တာတိုအကွာအ‌ဝေးသာ ထောက်လှမ်းနိုင်သောကြောင့် P-8 လေယာဉ်နှင့် MH-60R ရဟတ်ယာဉ်များသည် ၎င်းကိရိယာများကို အသုံးမပြုတော့ဘဲ လုံးဝချန်လှပ် ထားခဲ့သည်။

Quantum Compass

ကွမ်တမ်နည်းပညာသည် ခေတ်မီလမ်းကြောင်းပြ အာရုံခံစနစ်တစ်ခု အဖြစ်လည်း လုပ်ဆောင်နိုင်သည်။သဘောတရားမှာ ရေငုပ်သင်္ဘောများအနေဖြင့် လမ်းကြောင်း အတိုင်းဆက်လက်ရှိနေစေရန် ဂြိုဟ်တုများပေါ်တွင် မှီခိုအားထားရမှုကို ရှောင်လွှဲ၍ ၎င်းစနစ်ကို အသုံးပြုနိုင်မည်ဖြစ်သည်။

ကွမ်တမ်လမ်းပြစနစ်သည် GPS မရှိဘဲ တိကျမှုမြင့်မားသော လမ်းကြောင်းပြ စွမ်းရည်ရရှိစေမည့် မျိုးဆက်သစ် အင်နာရှယ်လမ်းကြောင်းပြ စနစ်တစ်ခုဖြစ်လာမည်ဖြစ်သည်။

Quantum Compass ဟုခေါ်သည့် ၎င်းစနစ်သည် ရေငုပ်သင်္ဘောများနှင့် အခြားရေယာဉ်အမျိုးမျိုးအတွက် ၎င်းတို့၏ တည်နေရာအထိ အကျကို ရှာဖွေရာတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

ကွမ်တမ်လမ်းပြစနစ်သည် အာကာသအခြေစိုက် တည်နေရာပြ စနစ်များကို မှီခိုအားထားနေရသည့် တရုတ်၏ စစ်လက်နက်ပစ္စည်းအမျိုးမျိုးအတွက် ထွက်ပေါက်တစ်ခုဖြစ် မည်ဖြစ်သည်။

အာကာသအခြေစိုက် တည်‌နေရာပြ စနစ်များသည် အလွယ်တကူ ဖိဖျက်နှောင့်ယှက်ခံရနိုင်သည့် အားနည်းချက်ရှိသည်။

ကွမ်တမ်လမ်းကြောင်းပြစနစ်သည် တိုက်စစ် ရည်ရွယ်ချက်ဖြင့်လည်း အသုံးပြုနိုင်သည့် အလားအလာရှိနေသည်။

ကွမ်တမ် လမ်းပြနည်းပညာသည် ဒုံးကျည်အား ပဲ့ထိန်းလမ်းညွှန်မှု ပြုလုပ်ရန်နှင့် တိကျတိုက်ခိုက်မှု စွမ်းရည်ကို တိုးမြှင့်ရာတွင် အသုံးပြုနိုင်မည် ဖြစ်သည်။

အလားတူ ဂြိုဟ်တုများသည်လည်း ရေငုပ်သင်္ဘော စစ်ဆင်ရေးတွင် အားသာချက်ရရှိစေရေး ကွမ်တမ်အာရုံခံကိရိယာများကို အသုံးပြုလာနိုင်မည်ဖြစ်သည်။

Quantum Gravimeter များကို အသုံးပြုသည့် ဂြိုဟ်တုများသည် မြေဆွဲအားသက်ရောက်မှုကို ထောက်လှမ်းတိုင်းတာရန် ဒီဇိုင်းရေးဆွဲထားသည့် အာရုံခံစနစ်များ၏ အာရုံခံနိုင်စွမ်းကို တိုးတက်စေနိုင်သည်။

ထို့ကြောင့် ဂြိုဟ်တုများအနေဖြင့် ရေငုပ်သင်္ဘောများကို ထောက်လှမ်းနိုင်သည့်အပြင် ပင်လယ်ကြမ်းပြင်အောက်ခြေအထိ တိကျမှုမြင့်မားစွာ ပုံဖော်ကြည့်ရှုနိုင်တော့မည် ဖြစ်သည်။

တရုတ်သည် ရှည်လျားသော အကွာအဝေးအတွင်းရှိ ဝှက်စာသွင်း ဆက်သွယ်ရေးစနစ်များအတွက် မော်လီကျူးများပို့လွှတ်ခြင်း၌ ကွမ်တမ်ချိတ်ဆက်မှုနည်းပညာကို အသုံးပြုရာတွင်လည်း တိုးတက်မှုရရှိနေပြီဖြစ်သည်။

၎င်းသည် နည်းပညာအရ စိန်ခေါ်မှု ဖြစ်နေသည့် ရေအောက်ရှိ ရေငုပ်သင်္ဘောများနှင့်ဆက်သွယ်မှုတွင် အသုံးပြုလာနိုင်သည့် အလားအလာရှိမည်ဖြစ်သည်။

ဥပမာ နိုင်ငံတော်အဆင့် ကွပ်ကဲမှုအာဏာပိုင်များက ရေငုပ်သင်္ဘောများအား နျူးကလီးယား လက်နက်များ ပစ်လွှတ်ရန် အမိန့်ပေးသည့် အခြေအနေမျိုးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။

အထက်ဖော်ပြပါ နည်းပညာများအနက် မည်သည့်နည်းပညာကို လက်တွေ့အသုံးချနိုင်သည့် စစ်ဆင်ရေးသုံး စနစ်များအဖြစ် တီထွင်ထုတ်လုပ်နိုင်မည်ဆိုသည်ကိုတော့ အချိန်ကစကားပြောသွားမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ တရုတ်နှင့်သြစ‌တြေးလျရှိ သိပ္ပံပညာရှင်များသည် ၂၁ ရာစုတွင် ရေအောက်စစ်ပွဲ၏ စည်းမျဉ်းများကို ပြောင်းလဲသွားစေမည့် ကွမ်တမ်ရူပဗေဒနယ်ပယ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများသည် မိမိတို့ဘက်တွင်သာရှိသည်ဟု အပြိုင်အဆိုင် ကြွေးကြော်နေကြကြောင်း ရေးသားလိုက်ရပါသည်။

Source-သုတကမ္ဘာ

Leave a Reply

Your email address will not be published. Required fields are marked *