ယနေ့ခေတ် ကမ္ဘာပေါ်တွင် မရှိတော့သည့် ရှေးယခင်က ထူးဆန်းသောအလုပ်အကိုင်များ
ခေတ်အလိုက် တိုးတက်ပြောင်းလဲလာတာနဲ့အညီ ခေတ်ရေစီးကြောင်းအရ အလုပ်အကိုင်တွေ အသုံးအဆောင်တွေဟာလဲ ပြောင်းလဲလာကြပါတယ်။
ဒီတစ်ခါမှာတော့ ရှေးယခင်က လူသားတွေလုပ်ကိုင်ခဲ့ကြတဲ့ ထူးဆန်းတဲ့အလုပ်အကိုင်တွေအကြောင်းကို စာဖတ်သူတွေ ဗဟုသုတရရှိစေဖို့ ရည်ရွယ်ပြီး တင်ပြလိုက်ရပါတယ်။
၁။ ပလိပ်ရောဂါကုဆရာဝန်
ရှေးယခင်က ပလိပ်ရောဂါကုဆရာဝန်တွေဟာ ယနေ့ခေတ်လို တစ်ခါသုံး PPE ဝတ်စုံတွေမရှိတဲ့အတွက် သူ့ခေတ်သူ့ကာလက အသုံးပြုခဲ့တဲ့ ကာကွယ်ရေးဝတ်စုံတွေကို ဝတ်ဆင်ကြရပါတယ်။
ဒီဝတ်စုံကိုတော့ ၁၆ဝဝ ပြည့်လွန်နှစ်တွေမှာ အသုံးပြုခဲ့ကြတာဖြစ်ပြီး အသုံးဝင်တဲ့ပစ္စည်းတစ်မျိုးဖြစ်ခဲ့ပါတယ်။ ငှက်နှုတ်သီးပုံစံ ရှည်လျားလွန်းတဲ့ မျက်နှာဖုံးမှာ လေထုကို သန့်စင်ပေးဖို့ ကြားခံတွေကို ထည့်သွင်းပြုလုပ်ဖန်တီးထားပါတယ်။
ဒါ့အပြင် လူနာကို လက်နဲ့ကိုင်တွယ် ထိတွေ့စရာမလိုဘဲ ဆေးဝါးကုသနိုင်အောင် ကြိမ်လုံး တစ်လုံးကိုလဲ ထည့်သွင်းပေးထားပါတယ်။
၂။ ကြွက်ဖမ်းသူ
ဒီအလုပ်ကိုကြားရတော့ ကျွန်တော်တို့ စဉ်းစားစရာတွေ များစွာဖြစ်ခဲ့ရပါတယ်။ ဒီလို အလုပ်မျိုး ရှိလေမလားလို့ပေါ့။
ရှေးယခင်က အချို့သော ဒာရက်ဆိုင်တွေမှာဆိုရင် ဒီကြွက်ဖမ်းသမားတွေဟာ ကြွက်တွေကို လက်နဲ့ကိုင်ဖမ်းလေ့ရှိပြီး ဒါကို ဖျော်ဖြေရေးအနေနဲ့ ထည့်သွင်းထားတာဖြစ်ပါတယ်။
ဖမ်းရတဲ့ ကြွက်တွေကို ခွေးတွေနဲ့ ကစားခိုင်းခဲ့ပြီး ဧည့်သည်တွေကို ဖျော်ဖြေခဲ့တာတွေ လဲရှိပါတယ်။ နောက်ပိုင်းမှာ ပလိပ်ရောဂါကူးစက်ပျံ့နှံ့လာချိန်မှာ ဒီအလုပ်ဟာ ရောဂါပြန့်ပွားကူးစက်မှုကို အနည်းဆုံးဖြစ်စေခဲ့တဲ့ အလုပ်ဖြစ်ခဲ့ပြီး လူကြိုက်များလာခဲ့ပါတယ်။
၃။ ရေခဲအလုပ်သမားများ
Frozen ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးမယ် ဆိုရင်တော့ ဒီအလုပ်ဟာ ရှေးယခင် တကယ်ရှိခဲ့တယ်ဆိုတာကို သိနိုင်ကြမှာဖြစ်ပါတယ်။ ၁၈ဝဝ ပြည့်လွန်နှစ်တွေက ရေခဲအလုပ်သမားတွေ တော်တော်လေးပေါများ ခဲ့တာကို တွေ့ရပါတယ်။
သူတို့က ဝင်ရိုးစွန်းဒေသတွေက ရေခဲတွေကို နည်းမျိုးစုံနဲ့သယ်ဆောင်ပြီး ဖောက် သည်တွေ ဆီပြန်လည်ရောင်းချကြတာဖြစ်ပါတယ်။ အဲဒီအချိန်က ရေခဲဟာ ရှားပါးအသုံးဝင်ပြီး ဈေးကောင်းလဲ ရရှိကြပါတယ်။ရေခဲသေတ္တာတွေ ပေါ်လာပြီး နောက်ပိုင်းမှာ ဒီအလုပ်ဟာလဲ ပျောက်ကွယ် သွားခဲ့ပါတယ်။
၄။ ဘိုးလင်းလုပ်သားများ
သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စရာဂိမ်းတစ်ခု ဆော့ကစားပြီး ပျော်ရွှင်မှုတွေ ဖန်တီးချင်တဲ့သူ တွေကတော့ ဘိုးလင်းအားကစားရုံကို လာရောက် ကစားတတ်ကြပါတယ်။
၁၉၃၆ ခုနှစ် မတိုင်ခင်က ဘိုးလင်းအားကစားရုံတွေမှာ ဘိုးလင်းတိုင်တွေကို ပြန်စီပေးဖို့ အလုပ်သမားတွေ ငှားရမ်းထား ရှိကြရပါတယ်။
ယနေ့ခေတ်မှာတော့ စက်ကိရိယာတွေနဲ့ အလိုအလျောက်လုပ်ဆောင်ပေးနိုင်ပြီဖြစ်လို့ ဒီလုပ်သားတွေမလိုအပ်တော့ပါဘူး။
၅။ ဓာတ်လှေကားအော်ပရေတာ
ယနေ့ခေတ်လူငယ်တွေကတော့ ဒီလို လုပ်သားတွေကို တွေ့ဖူးမြင်ဖူးတော့မှာမဟုတ်ကြပါဘူး။ ဒါပေမဲ့လဲ အချို့နေရာတွေမှာတော့ ဓာတ်လှေကားမောင်းသူတွေကို ထားရှိတုန်းပဲဖြစ်ပါတယ်။
၁၉၅ဝ ပြည့်လွန်နှစ်တွေမှာ လူစည်ကားတဲ့နေရာ၊ ဟိုတယ်နဲ့ အခြားအရေးကြီး အဆောက်အအုံတွေမှာ ဒီလိုဓာတ်လှေကား အော်ပရေတာတွေကို ငှားရမ်းထားရှိတာဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက ဓာတ်လှေကားတွေဟာ လုပ်ဆောင်ပုံရှုပ်ထွေးတာကြောင့်လဲ အော်ပရေတာတွေ ငှားရမ်းထားရှိရတာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ အလို အလျောက် လုပ်ဆောင်နိုင်တဲ့ နည်းပညာတွေပေါ်ထွက်လာတဲ့အတွက် ဒီအလုပ်ဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။
၆။ ဟက်ကာများ
ယနေ့ခေတ်မှာတော့ ဟက်ကာဆိုတဲ့ အသုံးအနှုန်းဟာ ကွန်ပျူတာနည်းပညာကို ကျွမ်းကျင်ပိုင်နိုင်သူ၊ အခြားသူတစ်ဦးရဲ့ သတင်းအချက် အလက်တွေကို ထုတ်ဖော်နိုင်သူ၊ နည်းပညာ ပညာရှင်လို့ လူသိများကြပါတယ်။
ဒါပေမဲ့လို့ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာတော့ ဟက်ကာ ဆိုတဲ့အသုံးအနှုန်းဟာ ကျွန်ုပ်တို့သိတဲ့ အသုံးအနှုန်းနဲ့ လုံးဝကွဲပြားနေပါတယ်။ အဲဒီအချိန်က ဟက်ကာဆိုတဲ့ အသုံးအနှုန်းဟာ သစ်ခုတ်သမား ပညာရှင်ကို ဆိုလိုတာပဲဖြစ်ပါတယ်။
နောက်ပိုင်း နည်းပညာတွေ တိုးတက်လာတဲ့အခါမှာ ဒီအသုံးအနှုန်းဟာ နည်းပညာအသုံးအနှုန်းတစ်ခုအနေနဲ့ ပြောင်းလဲလာခဲ့တာပဲ ဖြစ်ပါတယ်။
၇။ ခဲစာလုံးပုံနှိပ်လုပ်ငန်းများ
ရှေးယခင်က ပုံနှိပ်လုပ်ငန်းတွေ မပေါ်ပေါက်သေးတဲ့အချိန်မှာ သတင်းစာတွေ၊ စာအုပ်၊ စာစောင်တွေကို ရိုက်နှိပ်ဖြန့်ချိဖို့အတွက် ခဲစာလုံးလေးတွေကို တစ်လုံးချင်းစီစီပြီး စာရွက်ပေါ်မှာ ပုံနှိပ်ကြရပါတယ်။
ဒီလိုပုံနှိပ်တာကို ၁၉၆၀ ပြည့်လွန်နှစ်လောက်အထိ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။ ပုံနှိပ်စက်တွေ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာတော့ ဒီလုပ်ငန်းတွေဟာ တဖြည်းဖြည်းပျောက်ကွယ်သွားကြပါတယ်။
ခုနောက်ပိုင်း နည်းပညာတွေတိုးတက်ပြောင်းလဲလာတဲ့ အတွက် အင်တာနက်ပေါ်မှာ သတင်းအချက်အလက်တွေကို လျင်မြန်စွာ သိရှိလာကြပြီဖြစ်ပါတယ်။
သုတေသနပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ နောက်ပိုင်းဆယ်စုနှစ် အနည်းငယ်အတွင်း ပုံနှိပ်လုပ်ငန်းတွေ ပျောက်ကွယ်သွားလိမ့်မယ်လို့လဲ ခန့်မှန်းတွက်ချက်မှုတွေရှိနေကြပါတယ်။
၈။ မီးရထားလမ်းလုပ်သားများ
ရှေးယခင်က မီးရထားသံလမ်းတွေ ပြုပြင်ထိန်း သိမ်းဖို့အတွက် မီးရထားလုပ်သားတွေကို ငှားရမ်း အသုံးပြုကြရပါတယ်။ ဒီလုပ်သားတွေဟာ မီးရထားလမ်းမြေသားပြုလုပ်တာကအစ သံလမ်းတင်ပြီးတဲ့ အဆုံးထိ တာဝန်ယူဆောင်ရွက်ရတာဖြစ်ပါတယ်။
ဒီလုပ်သားတွေကို Gandy Dancers လို့ ခေါ်တွင် ကြပါတယ်။ Dancers ဆိုပေမဲ့ ဒီနေရာမှာ ကချေသည်လို့ ခေါ်လို့မရပါဘူး။ ဒီမီးရထားလုပ်သားတွေ ကို ၁၉၆ဝ နဲ့ ၁၉၇ဝ ပြည့်နှစ်တွေမှာ အတွင်ကျယ်ဆုံး အသုံးပြုခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ ဒီလုပ်သား တွေနေရာကို စက်ကိရိယာတွေက အစားထိုးဝင်ရောက် လာခဲ့ပါတယ်။ ဒါပေမဲ့လဲ အချို့သောနိုင်ငံတွေမှာတော့ မီးရထားလမ်းလုပ်သားတွေကို ယနေ့ထက်တိုင် တွေ့နိုင်ပါသေးတယ်။
၉။ မီးခိုးခေါင်းတိုင်ရှင်းတဲ့အလုပ်
ဒီအလုပ်က ယနေ့ခေတ်မှာ အသုံးမဝင်တော့တဲ့ အလုပ်လို့ဆိုရပေမဲ့ အချို့နေရာဒေသတွေမှာတော့ ဒီအလုပ်ဟာ ရှိနေဆဲပဲဖြစ်ပါတယ်။ ရှေးယခင်က အိမ်တွေမှာ မီးခိုးခေါင်းတိုင်တွေကို တစ်ပါတည်း ထည့်သွင်းဆောက်လုပ်ထားကြပြီး နှစ်စဉ်သန့်ရှင်းရေးပြုလုပ်ဖို့ လိုအပ်ပါတယ်။
ဒီလို သန့်ရှင်းရေးဆောင်ရွက်ဖို့ကိုလဲ ကျွမ်းကျင်သူတွေကို ငှားရမ်းဆောင်ရွက်ကြရပါတယ်။ ဒီအလုပ်လုပ်ကိုင်သူတွေဟာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေနဲ့ လူကြီးပိုင်းတွေများကြပါတယ်။
ဒီအလုပ်လုပ်ကိုင်သူတွေဟာ နေ့စဉ်နဲ့အမျှ ကာဗွန်အမှုန်တွေကို ရှူရှိုက်မိတာကြောင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေကို ခံစားကြရပါတယ်။ ဒီအလုပ်လုပ်ကိုင်တဲ့ ကလေးငယ်တွေဟာ မီးခိုးခေါင်းတိုင် အတွင်းထဲအထိ ဝင်ရောက်ပြီး သန့်ရှင်းရေးဆောင်ရွက်ကြရပါတယ်။
နောက်ပိုင်းမှာတော့ လျှပ်စစ်မီးဖို၊ ဂက်စ်မီးဖို တွေကို အသုံးပြုလာခဲ့ကြတဲ့အတွက် ဒီအလုပ်လုပ်ကိုင်သူတွေ ရှားပါးလာခဲ့ကြပါတယ်။
၁၀။ လူသားဂဏန်းတွက်စက်
မွေးကတည်းက ဂဏန်းပေါင်းစက်တွေနဲ့သာ ကြီးပြင်းလာခဲ့ရတဲ့ ကျွန်ုပ်တို့အဖို့ ဒါဟာ ထူးဆန်းတဲ့အလုပ်လို့ ထင်ကောင်းထင်စရာဖြစ်ပါတယ်။ ၁၇ ရာစုဝန်းကျင်က ကွန်ပျူတာတွေ၊ ဂဏန်းတွက်စက်တွေ မပေါ်သေးချိန်မှာ ကိန်းဂဏန်းတွေကို လက်နဲ့ချတွက် ဖို့လိုအပ်ကြပါတယ်။
ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ပိုင်ဆိုင်တဲ့ ကုမ္ပဏီက စာရင်းဇယားတွေ၊ ကိန်းဂဏန်းတွေကို တွက်ချက်ဖို့အတွက် လူသားတွေကို ငှားရမ်းပြီး ဂဏန်းတွက်စက် တစ်ခုသဖွယ် အသုံးပြုကြပါတယ်။
အထူးသဖြင့်တော့ ဒီလုပ်သားတွေဟာ အမျိုးသမီးတွေဖြစ်ကြပြီး သူတို့ဟာ တစ်နေ ကုန်တွက်ရင်း၊ ချက်ရင်းနဲ့ပဲ အလုပ်တာဝန်ထမ်းဆောင်ကြရပါတယ်။
ကံကောင်းစွာနဲ့ ကွန်ပျူတာတွေ၊ ဂဏန်းတွက်စက်တွေ ပေါ်ပေါက်လာတဲ့အခါမှာ ဒီ အလုပ်လုပ်ကိုင်သူတွေ ပျောက်ကွယ်သွားကြပါတယ်။
Source-Knowledge Light
Ref: 45 Odd Jobs That Don’t Exist Today.